Home
မြန်မာသတင်း
သိမ်းထားသည့်မြို့များကို ထိန်းနိုင်ရန် စစ်ရေးနှင့်အုပ်ချုပ်ရေး ဟန်ချက်ညီအောင် ကြိုးစားနေဟု စစ်ကိုင်းလွှတ်တော်ဥက္ကဋ္ဌ ပြော
DVB
·
December 9, 2023

သိမ်းထားတဲ့မြို့တွေကို ထိန်းနိုင်ဖို့ စစ်ရေးနဲ့အုပ်ချုပ်ရေး ဟန်ချက်ညီအောင် ကြိုးစားဆောင်ရွက်နေတယ်လို့ စစ်ကိုင်းလွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။ 

စစ်ကောင်စီက ခမ်းပတ်မြို့ကို ပြောက်ကျားထိုးစစ်ပြန်ဆင်ဖို့ကြိုးစားနေသလို ကောလင်းနဲ့ ရွှေပြည်အေးမြို့တွေမှာလည်း တည်ငြိမ်မှုမရှိသေးတာကြောင့် ပြည်သူတွေ စားဝတ်နေရေးခက်ခဲနေပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းက ကောလင်း၊ ခမ်းပတ်နဲ့ ရွှေပြည်အေးမြို့တွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့အကူအညီနဲ့ နိုဝင်ဘာလထဲမှာ သိမ်းယူခဲ့တာပါ။ မြို့တွေကိုသိမ်းယူပြီးတာနဲ့ အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြိုးစားခဲ့ပြီး စစ်ကိုင်းတိုင်းလွှတ်တော်ကလည်း ကြားကာလအုပ်ချုပ်ရေးစီမံခန့်ခွဲတဲ့ဥပဒေကို အတည်ပြုခဲ့ပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်က သိမ်းယူထားတဲ့မြို့တွေနဲ့ စခန်းတွေကို ထိန်းနိုင်ဖို့ကြိုးစားနေသလို စစ်ကောင်စီကလည်း သူတို့လက်လွှတ်ခဲ့ရတဲ့နေရာတွေကို ပြန်လည်ရယူဖို့ ကြိုးစားအားထုတ်တာတွေရှိနေတာပါ။

ဦးမြင့်ထွေး (ဥက္ကဋ္ဌ) စစ်ကိုင်းတိုင်းလွှတ်တော်က "သန္ဓေမမှားရအောင်နဲ့ ပြည်သူလူထုရဲ့အကျိုးစီးပွားကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် စစ်ရေးနဲ့ အုပ်ချုပ်ရေးက တခါတည်းလိုက်သွားဖို့လိုတယ်။ ကြားကာလမှာ ဘယ်လိုအစီအမံတွေ၊ ဘယ်လိုအုပ်ချုပ်မှုပုံစံ၊ ဘယ်လိုဥပဒေနဲ့သွားမလဲဆိုတာကို ကျွန်တော်တို့ ရေးဆွဲထားဖို့လိုပါတယ်။ အုပ်ချုပ်ရေးက ရှေ့ရောက်ပြီးတော့ တိုက်ခိုက်ရေးက ရှေ့မရောက်ရင်လည်း အလုပ်မဖြစ်ဘူး။ အုပ်ချုပ်ရေးယန္တရားက နောက်ကျလွန်းရင်လည်း စစ်အုပ်ချုပ်ရေးပုံစံမျိုးတွေနဲ့ ဗရမ်းပတာအခြေအနေဘက်ကိုရောက်သွားနိုင်တယ်။ လက်နက်ကိုင်ကို စီမံအုပ်ချုပ်ခိုင်းဖို့မဖြစ်နိုင်ဘူး။ အဲ့ဒီအတွက်လည်း ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ရေးဆွဲပေးရတာဖြစ်တယ်။ စစ်တိုက်သွားမယ် နယ်မြေသိမ်းအလုပ်တွေလုပ်မယ် ပြီးတာနဲ့ အရပ်ဖက်အုပ်ချုပ်ရေးဘက်ကို လွှဲထားခဲ့ပြီးတော့ တပ်ကလည်း သူလုပ်စရာရှိတာဆက်လုပ်သွားဖို့ဆိုတာ ကျွန်တော်တို့က အနောက်ကနေပြီးတော့ ချိတ်ဆက်သွားနေဖို့လိုတာပေါ့ဗျာ။ ပြည်သူတို့ရဲ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ အုပ်ချုပ်ရေးယန္တရားလည်ပတ်မှုတခုက နောက်ကနေတန်းလိုက်ရမှာဖြစ်တယ်။"

ဒီဇင်ဘာလဆန်းပိုင်းကစပြီး တမူးခရိုင်၊ ခမ်းပတ်မြို့ကို စစ်ကောင်စီက ပြောက်ကျားထိုးစစ်ဆင်ဖို့ကြိုးစားနေသလို ကောလင်းခရိုင်၊ ကောလင်းမြို့နဲ့ ခန္တီးခရိုင်၊ ဟုမ္မလင်းနယ်၊ ရွှေပြည်အေးမြို့တို့မှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ စစ်ကြောင်းထိုးဖို့ ကြိုးစားတာတွေ၊ လေကြောင်း တိုက်ခိုက်ခံရနိုင်တာတွေကြောင့်နဲ့ နယ်မြေတည်ငြိမ်မှုမရှိတာကြောင့် ပြည်သူတွေဟာ စားဝတ်နေရေးခက်ခဲနေပါတယ်။ တဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေဘက်က စစ်ရေးအသာစီးယူနိုင်တဲ့အချိန်မှာ NLD အမတ်တွေနဲ့ပါတီဝင်တွေက နိုင်ငံရေးလက်ဦးမှုယူပြီး အုပ်ချုပ်ရေးဦးဆောင်နေရာတွေကို ရယူတယ်ဆိုတဲ့ ဝေဖန်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက "တချို့ကလည်းပြောတယ်ပေါ့နော်။ တဖက်ကတောင်တိုက်လို့မပြီးသေးဘူး မင်းတို့က လက်ဦးမှုရယူတယ်။ အုပ်ချုပ်ဖို့လိုသလားဆိုတဲ့ မေးခွန်းတွေလည်းရှိပါတယ်။ သို့သော် တဖက်မှာလည်း လုပ်ရမယ့်လူက လုပ်ရမယ့်အလုပ်ကို လုပ်ကိုလုပ်ကြရမှာဖြစ်တယ်။ စောစောက ကျနော်တို့ပြောသလိုပဲ အခြေအနေတွေ တိုးတက်အောင်မြင်လာတာနဲ့အမျှ တဖက်ကလည်း ပြင်ဆင်သင့်တာတွေအားလုံးကို ကျနော်တို့ဆက်လက်ပြီး လိုက်ပါပြင်ဆင်ပေးနိုင်မှ ဟန်ချက်ညီမှာ ဖြစ်ပါတယ်။ တခြားဖက်ဒရယ်ယူနစ်နဲ့ ဒါမှမဟုတ် အခြားပြည်နယ်တွေလို ကျနော်တို့လည်း စစ်ကိုင်းဖက်ဒရယ်ယူနစ်အနေနဲ့ ဆက်ပြီးဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီလိုမျိုး ကျနော်တို့ နားလည်ဖို့လည်းလိုတယ်လို့ ယူဆပါတယ်ဗျ။"

ကောလင်း၊ ခမ်းပတ်နဲ့ ရွှေပြည်အေးမြို့တွေမှာ တည်ငြိမ်မှုမရှိသေးတာကြောင့် စစ်ရေးနဲ့ စစ်ရှောင်ပြည်သူတွေရဲ့ သတင်း၊ တည်နေရာနဲ့ အချက်အလက်တွေ ပေါက်ကြားမှုမရှိအောင် မြေပြင်အခြေအနေတချို့ကို ထုတ်ဖော်ပြောဆိုဖို့ ဒေသခံ PDF တွေဘက်က ချင့်ချိန်ရတဲ့အခက်အခဲလည်းရှိနေပါတယ်။

ကိုပီတာဂျက် (တမူးခရိုင်ပကဖ) က "အတင်းကြီးကြောက်အားလွန်ပြီးတော့မှ တောင်ပြေးမြောက်ပြေးပေါ့နော်။ တောထဲမှာတွေ တဦးတဖွဲ့တည်း သွားပြီးတော့ ပုန်းနေတာမျိုးတွေ မလုပ်ဖို့ပေါ့နော်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လမ်းညွှန်ချက်နဲ့ နေရာချထားပေးထားတဲ့ နေရာတွေမှာပဲနေကြဖို့ အဓိကပြောချင်ပါတယ်။ စစ်ရေးအရှိန်မြင့်လာတာနဲ့ မိမိအိမ်မှာပဲနေရင်တောင်မှ ဘန်ကာကျင်းတို့ ဗုံးခိုကျင်းတို့ အဲ့ဒါမျိုးတွေ ကြိုတင်ပြင်ဆင်ထားဖို့။ နောက်ပြီးတော့ အစာရေစာ ဆေးဝါး ရိက္ခာတွေ ကျနော်တို့ NUG က ညွှန်ကြားထားတဲ့ စစ်ဘေးရှောင်တွေလုပ်ဆောင်ရမယ့် ပုံစံတွေအတိုင်းနေသွားရင်တော့ ပိုပြီးတော့ အဆင်ပြေတယ်လို့ပဲ ပြောချင်ပါတယ်ဗျ" လို့ ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကနေ လက်ရှိအချိန်အထိ မြို့ပေါင်း ၂၀ အထိ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက သိမ်းယူနိုင်ခဲ့တာပါ။  

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့  ၂၁ ရာစု ခေတ်သစ်စစ်ပွဲတွေဟာ အကန့်အသတ်အတားအဆီးမဲ့ပုံစံနဲ့ အရပ်မျက်နှာအမျိုးမျိုး၊ နယ်ပယ်အမျိုးမျိုးကနေ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ တိုက်ခိုက်လာပြီး တိုးတက်လာတဲ့ ခေတ်မီစစ်လက်နက်ပစ္စည်းတွေကြောင့် ပြောင်းလဲသွားမယ့် စစ်ပွဲရဲ့ပုံစံနဲ့ စစ်ဗျူဟာတွေကို ကြိုတင်မျှော်တွေးထားကြဖို့  မနေ့က ပြင်ဦးလွင်မြို့မှာပြုလုပ်တဲ့  စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၅) သင်တန်းဆင်းပွဲ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024