Home
မြန်မာသတင်း
ပလက်ဝ တရွန်အိုင်ဗျူဟာ စခန်းကုန်းကို အေအေသိမ်းပိုက်၊ ကဇွန်းမနယ်မြေ ရဲစခန်း စီးနင်းခံရ
DVB
·
December 5, 2023

ချင်းပြည်နယ် ပလက်ဝမြို့နယ်က တရွန်အိုင် ဗျူဟာစခန်းကုန်းကို ဒီဇင်ဘာ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄ မိနစ်မှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ ရက္ခိုင်တပ်တော် အေအေက ဒီဇင်ဘာ ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အဲဒီဗျူဟာစခန်းကုန်းကို ရက္ခိုင့်တပ်တော် အေအေက နိုဝင်ဘာ ၁၄ ရက်နေ့ မနက် ၆ နာရီက စတင်ကာ ၂၁ ရက်ခန့် ကြာအောင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့သလို ရက္ခိုင့်တပ်တော်ဘက်က ရဲဘော်တွေလည်း သက်ပေးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲကာလအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီးပစ်ကူနဲ့ ဓာတုအဆိပ်ငွေ့ပါတဲ့ ဗုံးတွေနဲ့ နေည ရက်ဆက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ကြားက ရဟတ်ယာဥ်ကွင်း ၂ ခုပါတဲ့ တရွန်အိုင်ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရက္ခိုင်တပ်တော်ဘက်က သိမ်းပိုက်ထားတဲ့ စစ်ကောင်စီစခန်းကုန်းတွေ၊ စစ်ကောင်စီစွန့်ခွာသွားတဲ့ စခန်းတွေ၊ နောက်ထပ်သိမ်းပိုက်မဲ့ စခန်းတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် အာရက္ခတိုင်းပြည်ကို အမှန်တကယ်ချစ်မြတ်နိုးပြီး ကာကွယ်စောင့်ရှောက်ကြမယ့် "Defenders of Our Fatherland" အာရက္ခစစ်သည်တော်များ လိုအပ်နေလို့ အမျိုးသားရေးအသိစိတ်၊ တာဝန်ယူလိုစိတ်ရှိတဲ့ လူငယ်တွေကို တိုင်းပြည်တာဝန်ထမ်းဆောင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ကဇွန်းမနယ်မြေရဲစခန်း ဒီဇင်ဘာ ၄ ရက် မနက်က စီးနင်းတိုက်ခိုက်ခံရပြီး ၆ ယောက်လောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ မင်းဘူးခရိုင် တပ်ရင်း-၆ နဲ့ ပခုက္ကူခရိုင် တပ်ရင်း-၁၉ ကနေ သိရပါတယ်။

ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမနယ်မြေရဲစခန်းကို ဒီဇင်ဘာ ၄ ရက် မနက် ၆ နာရီလောက်က ပြည်တော်ဝင်စစ်ဆင်ရေးအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာလို့ မင်းဘူးခရိုင် တပ်ရင်း-၆ ရဲ့ တပ်ရင်းမှူး ဗိုလ်မိုးသီးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ရဲနဲ့ ပျူစောထီး ၆ ယောက်လောက် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိကာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ဖမ်းမိခဲ့ပေမဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

“အဲဒီ ကဇွန်းမရဲစခန်းထဲအထိ ဝင်ရောက်စီနင်းနိုင်ခဲ့ပေမဲ့ ပတ်ချာလည်မှာ ကပစ ၂၁၊ လေကြောင်းရန်ကာကွယ်ရေးတပ် အပါအဝင် စစ်ကောင်စီတပ်တွေ အနီးကပ် ဝန်းရံထားကာ လက်နက်ကြီးပစ်ကူပေးတာကြောင့် အချိန်တနာရီကျော်လောက်သာ တိုက်ခိုက်ခဲ့ရပြီး စစ်ကောင်စီဘက်က ကား ၆ စီးလောက် စစ်ကူလိုက်လာတယ်ကြားလို့ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြတယ်” လို့ ဗိုလ်မိုးသီးက ပေြာပါတယ်။

ပခုက္ကူခရိုင် တပ်ရင်း-၁၉ ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံ ကိုပိုင်ကလည်း “ကျနော်တို့တပ်ဖွဲ့အနေနဲ့ နယ်မြေခံတပ်ရင်း ဖြစ်နေတာကြောင့် ဖြတ်တောက်ရေးနဲ့ ချေမှုန်းရေးပိုင်းကို တာဝန်ယူခဲ့ပြီး အဓိကကတော့ ဖြတ်တောက်ရေးကို တာဝန်ယူခဲ့ရတယ်” လို့ ပြောပါတယ်။

ကဇွန်းမရဲ့အရှေ့ဘက် ရွှေတန်းချောင်းတံတားမှာ စစ်ကောင်စီတပ်သားတွေနဲ့ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားပြီး ၁ နာရီနဲ့ မိနစ် ၂၀ လောက်ကြာအောင် ထိန်းထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကပစ ၂၁ နဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ဘက်က ၆၀ မမတွေ၊ ၁၂၀ မမတွေနဲ့ ပစ်ကူပေးပြီး စစ်ကူတွေ ထွက်လာတာကြောင့် ရဲစခန်းထဲအထိ ဝင်ရောက်စီးနင်းနိုင်ခဲ့ပေမဲ့ မီးတော့ မရှို့နိုင်ခဲ့ဘူးလို့ ပြောပါတယ်။

“အဲဒီနောက် ကျနော်တို့တပ်ဖွဲ့တွေ ပြန်ဆုတ်သွားပြီးတဲ့နောက် စစ်ကောင်စီဘက်က အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာလို့ ရွာသားတွေအားလုံး ဘေးလွတ်ရာ ထွက်ပြေးခဲ့ရပြီး တွေ့တဲ့ပြည်သူတွေလည်း ရိုက်နှက်စစ်ဆေးခံရကာ ပြည်သူတွေကို ရွာထဲက နှင်ထုတ်ကြတယ်” လို့ ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုပိုင်က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင် လထော်အောင်ဆန်းအဖွဲ့က ဦးဆောင်ပြီး မင်းဘူးခရိုင် တပ်ရင်း-၁၊ ၂၊ ၄၊ ၅၊ ၆၊ ၇၊ ပခုက္ကူခရိုင်တပ်ရင်း-၄၊ ၁၁၊ ၁၉၊ MDF (ပခုက္ကူ) နဲ့ ချောက် သခင်ဖိုးလှကြီးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024