Home
မြန်မာသတင်း
လောက်ကိုင်မှ စစ်ရှောင်လာသည့် လူငယ်အချို့ စစ်သားစုဆောင်းခံရ
DVB
·
December 5, 2023

လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့ကနေ စစ်ဘေးရှောင်လာသူ လူငယ်တချို့ လမ်းမှာ ဖမ်းဆီးခံရပြီး စစ်သားစုဆောင်းခံရတယ်လို့   စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။

နိုဝင်ဘာ ၂၄ ရက်က တိမ်းရှောင်လာတဲ့အသုတ်ထဲ ပါလာသူ လူငယ် ၈ ဦးဟာ ချင်းရွှေဟော်ကြား ရောက်ခါနီးမှာ MNDAA စစ်သားတွေရဲ့ ဖမ်းဆီးတာကိုခံရပြီး သူတို့ မှတ်ပုံတင်တွေ မီးရှို့ပစ်ကာ ကိုးကန့်စစ်သားအင်္ကျီတွေ ဝတ်ခိုင်းတယ်လို့ မြောက်ပိုင်းဒေသ စစ်ဘေးရှောင်ကူညီသူတဦးက ပြောပါတယ်။

“စစ်ဘေးရှောင်လာတဲ့ လူငယ်လူရွယ်တွေ လမ်းမှာ စစ်သားစုဆောင်းခံရတယ်လို့ ကျနော်တို့ သတင်းကြားပါတယ်။ အတိအကျသိရတာကတော့ ၂၄ ရက်နေ့က ၆ ယောက်နဲ့ ၂၅ ရက်နေ့က ၂ ယောက်။ သူတို့ ချင်းရွှေဟော်နားရောက်တော့ ကိုးကန့်စစ်သားတွေက မှတ်ပုံတင်စစ်ဆေးတယ်။ အကုန် ရှမ်းပြည်သားပါပဲ၊ ရှမ်းလူငယ် ၆ ယောက်၊ ကချင်လူငယ် ၁ ယောက်၊ ဝ လူငယ် ၁ ယောက်ပါတယ်။ အသက်က ၁၇ နှစ်နဲ့ ၂၇ နှစ်ကြားမှာပါ။ သူတို့မှတ်ပုံတင်တွေ စစ်ပြီးတော့ မီးရှို့ပစ်တယ်။ ပြီးတော့ ကိုးကန့်စစ်သားဝတ်စုံ ဝတ်ခိုင်းတယ်။ ၂၅ ရက်နေ့က အဖမ်းခံရတဲ့ ၂ ယောက်မှာ ၁ ယောက်ကို ပြန်လွှတ်ပေးလိုက်တယ်။ ဖမ်းခံထားရတဲ့တယောက်က အိမ်နဲ့ဆက်သွယ်ခွင့်ရတယ်လို့ ပြောပါတယ်။ သူတို့ ၂ ယောက်က ဘာလို့လွှတ်ပေးလဲ၊ ဘာလို့ဖမ်းထားလဲ၊ ဘာကွာလဲ ဆိုတာတော့ နောက်ထပ်အဆက်အသွယ်မရလို့ မသိသေးဘူး။”

ဒီဇင်ဘာ ၄ ရက် ညနေပိုင်းကလည်း ကြူကုတ် ပန်ဆိုင်းမြို့နေ ပြည်သူတွေကို ကိုးကန့်တပ်ဖွဲ့ ကိုယ်စားလှယ်က အစည်းအဝေးခေါ်ယူပြီး “အိမ်တိုင်း စစ်မှုထမ်းရမှာဖြစ်ကြောင်း၊ အိမ်တအိမ်မှာ သား ၂ ယောက်ရှိရင် ၁ ယောက်၊ သားမရှိရင် သမီး၊ သားသမီး ၅ ယောက်ရှိရင် ၃ ယောက် စစ်ထဲဝင်ရမယ်။ မိန်းမကော ယောကျ်ားကော အတူတူပဲ။ ကိုယ့်သားသမီးတွေ မလွှတ်ချင်ရင် မိဘကိုယ်တိုင်လုပ်ရမယ်။ အသက် ၁၅ နှစ်နဲ့ ၅၀ နှစ်ကြား၊ အိမ်ထောင်စုလူဦးရေ စာရင်းကောက်ပြီး အထက်ကိုတင်ပြရမယ်။ လူဦးရေအမှန်အတိုင်း ရေးရမယ်။ မလိမ်ရဘူး။ တခြားမှာ အိမ်ထောင်ကျ၊ သားသမီးရှိရင်တော့ အထက်လူကြီးတွေက တမျိုးဆုံးဖြတ်မယ်။ စစ်ထဲဝင်တာ ကြောက်စရာမလိုဘူး။ အများအတွက် အလုပ်လုပ်နေတာ။ နိုင်ငံရေးပြောင်းလဲပြီး ငြိမ်းချမ်းသွားရင် သန်းခေါင်စာရင်း ပြန်ကောက်မယ်။ စစ်ထဲမပါတဲ့အိမ် အရေးယူခံရမယ်” လို့ ပြောဆိုနေတဲ့ ဗွီဒီယိုဖိုင်တွေ လူမှုကွန်ရက်မှာ ပြန့်နေပါတယ်။

စစ်သားစုဆောင်းနေတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက MNDAA အဖွဲ့ကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

ကိုးကန့်ဒေသထဲမှာ နေထိုင်သူ လူမျိုးဘာသာမရွေး အသက်ပြည့်သူတိုင်း စစ်မှုထမ်းရမယ် ဆိုတဲ့ မူဝါဒရှိကြောင်း ရှမ်းသံတော်ဆင့် သတင်းဌာန တာဝန်ခံအယ်ဒီတာတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ဒေသမှာ အသက် ၁၆ နှစ်ပြည့်တဲ့ မည်သည့်လူမျိုး၊ မည်သည့်ဘာသာမဆို စစ်မှုထမ်းရမယ်။ ဘယ်ဇာတိပဲဖြစ်ဖြစ် ဒေသထဲမှာနေရင် စစ်မှုထမ်းရမယ်ဆိုတဲ့ ပေါ်လစီ ရှိတယ်လို့ MNDAA ပြောခွင့်ရ လီကျားဝင်းကိုယ်တိုင် ကျနော်တို့သတင်းဌာနကို ပြောထားတာ ရှိပါတယ်။ သူတို့ဒေသလို့ ဆိုရာမှာ ကိုးကန့်အထူးဒေသတင်မကဘဲ ကွတ်ခိုင်၊ မုံးကိုး၊ သိန္နီ စတဲ့ဒေသတွေပါ ပါဝင်တယ်လို့ ပြောတယ်။”

ကြူကုတ် ပန်ဆိုင်းဒေသက စစ်ရှောင်တွေအနေနဲ့ အိမ်ကိုပြန်လာကြဖို့၊ ပြန်မလာရင် ဒါမှမဟုတ် ပြန်လာကြောင်း သတင်းမပို့ရင် နေအိမ်ကို ချိပ်ပိတ်ပစ်မယ်၊ ပိုင်ဆိုင်မှုတွေ အသိမ်းခံရမယ်လို့ MNDAA က အမိန့်ပေးထားကြောင်း၊ ဒေသခံတွေဟာ တိုက်ပွဲတွေဖြစ်နေတဲ့ကြား အိမ်ပြန်နေရမှာကတဖက်၊ မနေရင်လည်း အိမ်သိမ်းခံရမှာ စိုးတာက တဖက် စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟာ စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲဖော်ဆောင်နေတာကြောင့် အားပေးထောက်ခံမှုတွေ ရရှိနေပေမဲ့ တဖက်က ဒေသခံ တိုင်းရင်းသားတွေက စစ်မက်ဒဏ် ခံနေရတာ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေ အပေါ်မှာတော့ လျစ်လျူရှုခံနေရတယ်လို့  ရှမ်းသံတော်ဆင့်အယ်ဒီတာက သုံးသပ်ပါတယ်။

လူမှုအခြေပြု ရှမ်းလူငယ်အဖွဲ့ဝင်တဦးကလည်း “စိတ်မပါဘဲအတင်းအဓမ္မ စုဆောင်းတဲ့ ဘယ်စစ်တပ်ကိုမဆို ရှုတ်ချပါတယ်။ စစ်တပ်ဆိုတာ ပြည်သူကို ကာကွယ်ရမှာပါ။ ပြည်သူကို အကာအကွယ်ယူဖို့ မဟုတ်ပါ။ ပြည်သူကိုချစ်တဲ့ တပ်မတော်ဖြစ်အောင် လုပ်ရင် ပြည်သူက ချစ်မှာပါ။ ပြည်သူချစ်ရင် စစ်သားဆိုသာ စုဆောင်းအဓမ္မကောက်ယူစရာ မလိုပါဘူး၊ သူ့အလိုလို ဝင်လာကြမှာပါ” လို့ ပြောပါတယ်။

ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်ကလည်း တပ်သားစုဆောင်းနေတာ ရှိသလို တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကလည်း တပ်သားစုဆောင်းနေတာ ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024