Home
မြန်မာသတင်း
တရုတ်-မြန်မာ လူမျိုးရေး အမုန်းမီးပွားအောင် စစ်ကောင်စီက မှိုင်းတိုက်နေဟု NUG ယာယီသမ္မတ ပြော
DVB
·
November 29, 2023

 တရုတ်နဲ့ မြန်မာအကြား လူမျိုးရေး အမုန်း မီးပွားအောင် စစ်ကောင်စီက မှိုင်းတိုက်လုပ်ဆောင်နေတာတွေ့ရတယ်လို့   အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃၇ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို နိုဝင်ဘာ ၂၈ ရက် မနက်ကကျင်းပရာမှာ  ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒူဝါလရှီးလက “ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေ အနေနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ သံခင်းတမန်ခင်းအရ ဆက်သွယ်ဆောင်ရွက်ကြတဲ့အခါ၊ စစ်ကောင်စီရဲ့ လူမျိုးရေး သွေးထိုးမှုကို သတင်းမက်ဆေ့ချ်ပေးဖို့ လိုအပ်ပါတယ်။ စစ်ကောင်စီဟာ သူတို့ရဲ့ စစ်အုပ်စု အကျိုးစီးပွားအတွက်ဆိုရင် ဘယ်လို မသမာမှုမျိုးကိုမဆို ကျူးလွန်ဖို့ အဆင်သင့်ရှိနေပါတယ်။ ပြည်တွင်းမှာလည်း လူမျိုးရေး သွေးခွဲပြီး ဘာသာရေးမှိုင်းတိုက်တာတွေကို လုပ်ဆောင်ပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် လုပ်နေ သလို၊ အခုလည်း တရုတ်နဲ့ လူမျိုးရေး သွေးထိုးပြီး တရုတ်ဆန့်ကျင်ရေး ဖြစ်ပေါ်လာအောင် လုပ်ဆောင်နေတာ ထင်ရှားပါတယ်။ ဒါကို ကျနော်တို့အားလုံးအပါအဝင် လူထုတစ်ရပ်လုံးလည်း ကျယ်ကျယ်ပြန့်ပြန့် သတိရှိဖို့ လိုတယ်လို့ ယူဆပါတယ်။ ပြည်မဒေသမှာလည်း ရိုးသားဗမာ တိုင်းရင်းသားလူထုကို ဗုဒ္ဓဘာသာကို အကြောင်းပြုပြီး သွေးထိုးလှုံ့ဆော်တာမျိုးတွေကို စစ်အစိုးရ အဆက်ဆက်က ဟိုးယခင်ကတည်းက လုပ်ဆောင်နေခဲ့ပါတယ်။ အခု နွေဦးတော်လှန်ရေးမှာ ဗမာလူထုဟာ ဘာသာရေးနဲ့ သွေးထိုးလှုံ့ဆော်တာကို သိနားလည်ကြပြီဖြစ်လို့၊ စစ်ကောင်စီရဲ့ လုပ်ဇာတ်တွေ မအောင်မြင်ဘူးဆိုတာ ထင်ရှားပါတယ်။ ယခုလည်း စစ်ကောင်စီက မြန်မာလူထုအကြား တရုတ် ဆန့်ကျင်ရေးဇာတ်သွင်းတာကို နိုင်ငံရေးသတိရှိရှိနဲ့ တုံ့ပြန်ကြဖို့ တိုက်တွန်းလိုပါတယ်”လို့ ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီက လုပ်ဆောင်နေတဲ့ လုပ်ရပ်တချို့ကို အားလုံးသတိမူပြီး နိုင်ငံရေးသတိနဲ့ တော်လှန်ရေးအလုပ်တွေကို ဦးဆောင်ကြရမှာဖြစ်တယ်၊ လက်ရှိ ခုခံတော်လှန်စစ်အောင်ပွဲတွေကို စစ်ရေးထိုးစစ်အောင်ပွဲတွေအဖြစ် အသွင်ပြောင်းပြီး မိမိတို့ရဲ့ တော်လှန်ရေးကိုယ်ခံအားကို မြှင့်တင်ထားကြဖို့၊ ပန်းမဝင်ခင် တက်မထောင်ကြဖို့နဲ့  သိုဝှက်သင့်သော ကိစ္စတွေကို သိုသိုသိပ်သိပ် သတိရှိရှိနဲ့ လုပ်ဆောင်ကြဖို့  ယာယီသမ္မတက တိုက်တွန်းပြောပါတယ်။

NUG ယာယီသမ္မတ ဒူဝါလရှီးလရဲ့ ပြောဆိုချက်ဟာ တရုတ်-မြန်မာချစ်ကြည်ရေးကို ထိခိုက်အောင် ဆောင်ရွက်တာဖြစ်တယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီကနေ့ထုတ် သတင်းစာတွေမှာ တုံ့ပြန်ပြောကြားလိုက်ပါတယ်။

“သမ္မတအမည်ခံပုဂ္ဂိုလ်က တရုတ်နဲ့ မြန်မာချစ်ကြည်ရေးမှာ အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ တရုတ်နဲ့  မြန်မာ ချစ်ကြည်ရေးကို ထိခိုက်အောင် ဆောင်ရွက်လာတဲ့ စကားမျိုးတွေ ပြောလာတာကိုတွေ့ရပါတယ်။ ဒါတွေဟာ ကျနော်တို့  နှစ်နိုင်ငံလုံးနဲ့ နှစ်နိုင်ငံ ပြည်သူလူထုနှစ်ရပ်လုံးက သတိရှိစွာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့သည် အနီးကပ်စွာ၊ ရင်းနှီးစွာဆက်ဆံနေတဲ့ အိမ်နီးနားချင်း နိုင်ငံများ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး ၅ ရပ်ကို သမိုင်းအစဉ်အဆက် လေးစားလိုက်နာပြီး မဟာဗျူဟာမိတ်ဖက်နိုင်ငံများ၊ ဆွေမျိုးပေါက်ဖော်နိုင်ငံများဖြစ်ကြောင်း ပြောကြားလိုပါတယ်။” 

တဖက်မှာ တရုတ်နဲ့ ရင်းနှီးချစ်ကြည်စွာ ဆက်ဆံနေတယ်၊ ဆွေမျိုးပေါက်ဖော်ဖြစ်တယ်လို့ စစ်ကောင်စီက အမြဲလိုလိုပြောနေပေမဲ့ စစ်ကောင်စီ ထောက်ပံ့ ကျောထောက်နောက်ခံ ပေးထားတဲ့ အမျိုးဘာသာ သာသာနာ အမည်ခံ မဘသတွေက တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေနဲ့ အွန်လိုင်းကနေ လှုံဆော်မှုတွေ  ပြုလုပ်နေပါတယ်။

Photo-NUG  

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024