Home
မြန်မာသတင်း
ရွှေပြည်အေးမြို့အပါအဝင် စစ်ကောင်စီစခန်း ၃ ခုကို PDF သိမ်းပိုက်
DVB
·
November 29, 2023

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ ရွှေပြည်အေးမြို့အပါအဝင် ကနီမြို့နယ်၊ ဝက်လက်မြို့နယ်နဲ့ ကလေးမြို့တွေမှာရှိတဲ့ စစ်ကောင်စီတပ်အခြေပြုစခန်း ၃ ခုကို သိမ်းပိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၁ ရက် မနက် ၆ နာရီလောက်ကစပြီး ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာ ၂၂ ရက် ညနေ ၆ နာရီလောက်မှာ သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၈ ယောက်ကိုလည်း ဖမ်းမိ ခဲ့တယ်လို့ဆိုပါတယ်။

နိုဝင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေမှာတော့ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀ လောက်ရှိတဲ့ တာဝါတိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁ ယောက် သေဆုံးကာ ၁၁ ယောက်ဒဏ်ရာရရှိခဲ့ကြောင်းဆိုပါတယ်။

ဝက်လက်မြို့နယ် ရွှေပန်းကုံးကျေးရွာရဲစခန်းကိုတော့ နိုဝင်ဘာလ ၂၁ ရက်က သိမ်းယူနိုင်ခဲ့ပြီး အဲဒီတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးခဲ့ပြီး စခန်းမှူးအပါအဝင် ရဲ ၁၆ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ကလေးမြို့က စစ်ကောင်စီတပ်ရဲ့ ရန်ကြီးအောင်စခန်းကိုလည်း ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၂၁ ရက်ကနေ ၂၃ ရက်အထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၁၆ ယောက်သေဆုံးခဲ့သလို ၁၇ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ ဗုံးတွေ၊ မိုင်းတွေ စတဲ့ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ 

Photo-NUG

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024