ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ နိုဝင်ဘာ ၂၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူတဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာ တောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ဒီမနက် ၉ နာရီလောက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသားတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပေါက်တောပြင်ကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။
“သာစည်တောင်မှာ တပ်စွဲထားတဲ့ ခလရ ၅၅၀ တပ်ရင်းက စစ်ကောင်စီတပ်သားတွေက နိုင်ဘာ ၂၇ ရက်နေ့ မနက် ၈ နာရီလောက်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ သာစည်ရွာဘက်ကိုလှည့်ပြီး ရမ်းကားပစ်ခတ်ခဲ့ကြပါတယ်။ ရွာထဲမှာပိတ်မိနေတဲ့ ဆွေမျိုးတော်စပ်သူတွေက ပေါက်တောပြင်ရွာက အသက် ၆၀ အရွယ် ဦးမောင်ချမ်းသာကို စက်လှေနဲ့လာတင်ဖို့ အကူအညီတောင်းခဲ့ကြတယ်။”
ဦးမောင်ချမ်းသာဟာ ဆွေမျိုးတွေကိုခေါ်ပြီး စက်လှေပေါ်တက်တဲ့အချိန်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်စ ထိမှန်ကာ ညာဘက်ဝမ်းဗိုက်မှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့လို့ အရေးပေါ် ဆေးကုသမှု ခံယူနေရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာ နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းကလည်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်စတင်ပြီးနောက်ပိုင်း ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ နေ့ရောညပါ ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။