Home
မြန်မာသတင်း
ရေးမြို့ အလကကျောင်းအတွင်း ဗုံးကွဲပြီး ကျောင်းစောင့် ၁ ဦးသေဆုံး
DVB
·
November 27, 2023

မွန်ပြည်နယ်၊ ရေးမြို့လယ်ခေါင်က အလက ၃ ကျောင်းထဲမှာ နိုဝင်ဘာ ၂၆ ရက် ည ၁၂ နာရီခွဲလောက်က ဗုံးပေါက်ကွဲခဲ့လို့ ကျောင်းစောင့် အမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့  မြို့ခံတွေက ပြောပါတယ်။

မြို့ခံတယောက်က “ပေါက်ကွဲသံမကြားခင် ရေး ကျုံးပတ်လမ်းမှာ စစ်ကားတစီး ပတ်မောင်းနေသံ ကြားရတယ်။ ည ၁၂ နာရီခွဲမှာ အလက ၃ မှာ ပေါက်ကွဲသံကြီးကြားတယ်။ ည ၁၂ နာရီ ၅၁ မိနစ်မှာ ထပ်ကြားရတယ်။ အဲဒီနောက် ပစ်ခတ်သံတွေလည်း ကြားရတယ်” လို့ ပြောပါတယ်။

အဲဒီနောက်မှာ မီးသတ်ကားသံကြားရပြီး ကျောင်းစောင့် ကိုသာဗျော ထိမှန်သေဆုံးသွားတယ်လို့ ကျောင်းအနီးနေသူတွေက ပြောပါတယ်။

အသက် ၃၀ အရွယ် ကျောင်းစောင့် ကိုသာဗျောမှာ ဇနီးနဲ့ ကလေးနှစ်ယောက် ကျန်ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်တဲ့သူက ပြောပါတယ်။

အခုရက်ပိုင်း ညဘက်တွေမှာ စစ်တပ်က မြို့တွင်း မြို့ပြင် နေရာတွေမှာ လုံခြုံရေး ယူထားသလို လှည့်ကင်းတွေလည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အခု အလက ၃ ကျောင်းတွင်းမှာ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်လက်နက်ကိုင်အဖွဲ့ကမှ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေ ခြေကုပ်နေရာယူထားတဲ့ တောင်ချွန်ကြီးနဲ့ ဝက်တောင် နေရာနှစ်ခုကို နိုဝင်ဘာ ၂၆ ရက် မနက် ၁၀ နာရီလောက်က မောင်းသူမဲ့ ဒရုန်းလေယာဥ်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရေးမြို့နယ် တောင်ဘက်ခြမ်းအတွင်း ခြေကုပ်နေရာယူထားပြီး အဲဒီမစ်ရှင်ကို နိုဝင်ဘာ ၂၆ ရက် မနက် ၁၀ ​နာရီကနေ ၁၁ နာရီခွဲဝန်းကျင်ထိ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေက ဝေဟင်မှ ၆၀ မမ ပြင်းအားရှိ ဗုံးသီးတွေနဲ့ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ပြီး စစ်ဆင်ရေး တနာရီခွဲလောက် ကြာခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“အဲဒီနယ်ဘက်က စစ်ကောင်စီတပ်တွေဟာ PDF တွေကို စစ်ရေးလှုပ်ရှားနယ်မြေအဖြစ် သတ်မှတ်ထားခဲ့တာကြောင့် တောင်ပေါ်မှာ တပ်စွဲထားသလို လက်နက်ကြီးတွေပါ တပ်ဆင်ထားတာရှိတယ်၊ ကင်းပုန်းဝပ်နေတာလည်းရှိတယ်၊ အချိန်မရွေး တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ရတယ်” လို့ ဒေသခံ ခြံသမားတွေက ပြောပါတယ်။

အဲဒီပူးပေါင်းစစ်ဆင်ရေးကို YAF နဲ့ Dawna, MSRF, YGF, ABSDF, တနင်္သာရီမှ TPLF တို့ အတူပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024