Home
မြန်မာသတင်း
ဘုတ်ပြင်းက ပျူစောထီးများ လက်နက်အပ်ထွက်ပြေးပြီးနောက် စစ်သားအင်အားတိုးချ
DVB
·
November 25, 2023

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ရဲစခန်းကုန်းက စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင် ၉ ယောက် ထွက်ပြေးသွားပြီးနောက် စစ်ကောင်စီက အင်အားတိုးချထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့က ပြည်ကြီးမဏ္ဍိုင်က ရဲစခန်းကုန်းကို ပူးပေါင်း တပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုများပြီးနောက် နိုဝင်ဘာ ၁၇ ရက်နေ့မှာ ပျူစောထီးခေါင်းဆောင် ညီငယ်အပါအဝင် ၉ ယောက်ဟာ စစ်ကောင်စီဆီကို လက်နက်အပ်ပြီး ထွက်ပြေးသွားတာ ဖြစ်တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ Flying Star Force အဖွဲ့ တာဝန်ခံတယောက်က ပြောပါတယ်။

အဲဒီနေ့က တိုက်ခိုက်မှုကြောင့် စစ်ကောင်စီအရာရှိ ၁ ယောက်နဲ့ ပျူစောထီး ၂ ဦးတို့ ထိခိုက်ဒဏ်ရာရပြီး ၄ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Flying Star Force ရဲ့ ပြန်ကြားရေးတာဝန်ခံက “သူတို့ဟာသူတို့ နီးစပ်ရာတပ်ရင်းနဲ့ နားလည်မှုယူပြီး ပေးလိုက်တဲ့သဘောပါ။ တရားဝင် ခွင့်ပြုတာမျိုးတော့ ဘယ်ဟုတ်မလဲ။ အတည်ပြုလို့လည်းရပါတယ်။ မြို့ခံတွေ အားလုံးလည်းသိပါတယ်။ ပျူခေါင်းဆောင် စကစခန့်အုပ်ချူပ်ရေးမှူး ညီငယ်ကိုယ်တိုင် မိသားစုလိုက်ပြေးတာပါ။ လက်နက်တွေကို စကစလက်ကို ပြန်အပ်ပြီးပြေးကြတာပါ။ သူတို့ဆက်မလုပ်ဝံ့တော့ဘူး။ ဒီမြို့မှာ မနေရဲတော့ဘူး ဆိုပြီးပြေးတာပါ။ ကျနော်တို့တွေက နောက်ဆုံး ထွက်သွားဖို့ သတိပေးလိုက်တာကြောင့်လည်း ပါတာပေါ့" လို့ပြောပါတယ်။

ပျူစောထီးခေါင်းဆောင် ဦးဌေးဝင်း (ခ)ညီငယ်ဟာ ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း တယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ မေလတုန်းက သူ့ရဲ့ နေအိမ်ကို ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေ ဝင်ရောက်စီနင်းခဲ့တဲ့အခါမှာလည်း လွတ်မြောက်သွားခဲ့သေးတယ်လို့ သိရပါတယ်။

ပျူစောထီး ၉ ယောက် ထွက်ပြေးသွားပြီးနောက် နိုဝင်ဘာ ၂၃ ရက်နေ့မှာ ဘုတ်ပြင်းမြို့နယ်၊ လေညာရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ အင်အား ၇၀ လောက် ပြည်ကြီးမဏ္ဍိုင်မြို့ ရဲစခန်းကုန်းမှာ အင်အားလာဖြည့်ခဲ့ပြီး မြို့တွင်း နေရာအနှံ့ကင်းပုန်းတွေချထားသလို ဆိုင်ကယ်၊ ကား အသွားအလာတွေကိုပါ ပိုပြီး စစ်ဆေးလာတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၄ ရက်နေ့ မနက် ၉ နာရီအချိန်လောက်မှာလည်း ပြည်ကြီးမဏ္ဍိုင်မြို့ လေညာကျေးရွာအခြေစိုက် ခမရ ၅၅၉ တပ်ရင်းနဲ့ ခမရ ၅၆၀ တပ်ရင်းတို့ကနေ မြို့ပြင် ပတ်ပတ်လည်ကို တိုက်ပွဲမရှိဘဲ လက်နက်ကြီးတွေနဲ့ တနေကုန် အဆက်မပြတ် ရမ်းသမ်းပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့သိပြီး ထိခိုက်မှုအခြေအနေတွေကိုတော့ ပြည်သူ့ကာကွယ်ရေးဘက်က စုံစမ်းစစ်ဆေးနေဆဲလို့ ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024