Home
မြန်မာသတင်း
မြန်မာနယ်စပ်အနီး တရုတ်စစ်တပ် လေ့ကျင့်ရေးပြုလုပ်
DVB
·
November 25, 2023

တရုတ်-မြန်မာနယ်စပ်၊ မူဆယ်မြို့ရှိ ကျင်စန်းကျော့ကုန်သွယ်ရေးစခန်းမှာ လက်နက်ကြီကျရောက်ပေါက်ကွဲလို့  ကုန်တင်ကားတွေ ရာနဲ့ချီ မီးလောင်ပျက်စီးသွားပြီးနောက်  မြန်မာ့နယ်စပ်အနီးမှာ  တရုတ်စစ်တပ်က လေ့ကျင့်ရေးလုပ်ဖို့ ရှိနေပါတယ်။

တရုတ်စစ်တပ်ဟာ နိုဝင်ဘာ ၂၅ ရက်ကနေစပြီး မြန်မာ့နယ်စပ်အနီးမှာ တိုက်ခိုက်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း သူတို့ရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

ဒီလေ့ကျင့်ရေးဟာ စစ်ဆင်ရေးမှာ တပ်ဖွဲ့တွေ အလျင်အမြန် ရွှေ့ပြောင်းနိုင်စွမ်း၊ နယ်စပ်ပိတ်ဆို့ရေးနဲ့ တာဝေးပစ်လက်နက် ပစ်ခတ်နိုင်ရေး စွမ်းရည်တွေကို လေ့ကျင့်သွားဖို့ ရည်ရွယ်တယ်လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ တပ်ဌာနချုပ် ၅ ခုထဲက တစ်ခုဖြစ်တဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က တရုတ်နိုင်ငံအတွင်း လူသုံးအများဆုံး လူမှုကွန်ယက်ဖြစ်တဲ့ WeChat မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဘယ်အချိန်တွေမှာ တပ်ဖွဲ့အင်အား ဘယ်လောက်နဲ့ လေ့ကျင့်မယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ သူတို့ရဲ့ ကနဦး ရေးသားဖော်ပြချက်ထဲမှာ မတွေ့ရပါဘူး။

တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံထဲကို လူသုံးကုန်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ကုန်တင်ကားတွေ မူဆယ်မြို့မှာ မီးရှို့ဖျက်ဆီးခံရပြီး နောက်တစ်ရက်မှာ တရုတ်စစ်တပ်ရဲ့ လေ့ကျင့်ရေး အစီအစဉ် ပေါ်ပေါက်လာတာဖြစ်ပါတယ်။

မူဆယ်မြို့ရှိ ကျင်စန်းကျော့ကုန်သွယ်ရေးစခန်း ကားဝင်းထဲကို နိုဝင်ဘာ ၂၃ ရက်မနက်က လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ကုန်တင်ကား အစီးရေ ၁၂၀ လောက် မီးလောင်ပျက်စီးသွားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီ ဖြစ်ရပ်ကို မြန်မာနိုင်ငံက စစ်တပ် ဝါဒဖြန့်သတင်းဌာနကတော့ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လုပ်ဆောင်ချက်လို့ စွပ်စွဲတင်ပြထားပါတယ်။

ဆိုပါမီးလောင်မှုဖြစ်ပွားတဲ့ အချိန်ဟာ မြန်မာစစ်တပ်က ထိပ်တန်းအရာရှိတွေနဲ့ နေပြည်တော်မှာ တရုတ်သံတမန်တွေ လာရောက်တွေ့ဆုံတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေတာဖြစ်ပါတယ်။

မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အကြီးမားဆုံးစိန်ခေါ်မှုအဖြစ် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းနဲ့ တခြားတိုက်ပွဲဖြစ်ရာနေရာတွေမှာပါ မြို့ရွာတွေနဲ့ စစ်စခန်းတွေကို လက်လွှတ်ဆုံးရှုံးထားရတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေတယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။

ပိုမိုပြင်းထန်လာနေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံမှာ  အရပ်သား ၂ သန်းကျော် နေရပ်စွန့်ခွါ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားတယ်။

Source: Reuters 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024