Home
မြန်မာသတင်း
တောင်ငူနှင့် ပြည်မြို့တို့တွင် တရားရုံးများ ပိတ်ထား
DVB
·
November 24, 2023

ပဲခူးတိုင်း တောင်ငူမြို့နဲ့ ပြည်မြို့တို့မှာရှိတဲ့ တရားရုံးတွေနဲ့ ထောင်တွင်းမှာရှိတဲ့ အထူးတရားရုံးတွေကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခံရမယ့် သတင်းထွက်ပေါ်ခဲ့လို့ ပိတ်ထားလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။ 

နိုဝင်ဘာ  ၂၂ ရက်က  စတင်ပြီး တရားရုံးတွေကို ပိတ်ထားလိုက်ပြီး နေ့ချင်းပြီးဆောင်ရွက်ရတဲ့ ယာဉ်စည်းကမ်းဥပဒေဖောက်ဖျက်မှု အမှုအခင်းတွေကိုပါ အမိန့်ချမှတ်တာမရှိတော့ဘဲ ဖမ်းဆီးထားတဲ့ နယ်မြေခံရဲစခန်းအချုပ်ထဲရှိ တရားခံတွေကို  တရားသူကြီးက  Video conferencing နဲ့သာ အမိန့်ချမှတ်ပေးတယ်လို့ ဆိုပါတယ်။ 

ပြည်မြို့တရားရုံးနဲ့နီးစပ်သူ တဦးက " ၂၆ ရက်နေ့ ပဲခူးတိုင်းထဲမှာရှိတဲ့ တရားရုံးတွေကို တိုက်ခိုက်မယ် သတင်းထွက်ပြီး ပိတ်လိုက်တာ။ ရုံးတံခါးတွေတော့ အစောင့်တွေကို ဖွင့်ခိုင်းထားတယ်။ ဘယ်နေ့ရုံးပြန်ဖွင့်မယ်ဆိုတာကို ကြေညာထားတာတော့မရှိသေးဘူး” လို့ ပြောပါတယ်။ 

တရားရုံးပိတ်ထားပြီး အချုပ်ထောင်က တရားခံတွေနဲ့အမိန့်ချဖို့ ပြစ်မှုကျန်သူတွေကို ရမန်ကြီးယူတဲ့ တရားရေးလုပ်ထုံးလုပ်နည်းတွေကိုလည်း ရပ်နားထားပါတယ်။ 

တောင်ငူမြို့မှာလည်း တရားရုံးပိတ်ထားပြီး တရားရုံးအတွင်းရှိ စာရွက်စာတမ်းတွေကိုပါ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)တပ်အတွင်းသို့ ပြောင်းရွှေ့ထားတယ်လို့ သိရပါတယ်။ 

တောင်ငူမြို့ခံ တဦးက “တိုက်ပွဲတွေ အရင်ရက်ကဖြစ်တယ်လေ။ အခုက တရားရုံးကို တိုက်ကြမယ်။ သတင်းထွက်နေတော့ ပိတ်လိုက်တာ ဖြစ်မယ်။ ပစ္စည်းတွေ အကုန်ရွှေ့ထားတယ်။ ၆ ဘီးကားပေါ် စာရွက်စာတမ်းတွေနဲ့ လက်နှိပ်စက်တွေတင်ပြီး တပ်ထဲကို သွားပို့နေတာ မြင်ခဲ့ရတယ်” လို့  ပြောပါတယ်။ 

အခုလို တရားရုံးပိတ်ရတဲ့အကြောင်းကို ပြည်သူတွေကို သတင်းထုတ်ပြန်ကြေညာတာမရှိဘဲ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဒရုန်းဗုံးသီးချ တိုက်ခိုက်မှာကို စိုးရိမ်တဲ့အတွက်ကြောင့် ပိတ်ထားတာလို့  တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၁၇ ရက်က တောင်ငူမြို့နဲ့ ၄ မိုင် အကွာရှိ အမှတ် ၃၉ ခြေလျင်တပ်ရင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

Photo - Cj

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024