Home
မြန်မာသတင်း
ထားဝယ်ခရိုင်၌ ရဲစခန်း ၁ ခုတိုက်ခိုက်ခံရ၊ သားအမိ ၂ ဦးလက်နက်ကြီးထိမှန် သေဆုံး
DVB
·
November 23, 2023

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲရှိ ကျောက်မဲတောင်နယ်မြေရဲစခန်းကို နိုဝင်ဘာ ၂၃ ရက် ဒီမနက်၅နာရီဝန်းကျင်ကစပြီး ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒေသခံအမျိုးသမီးတစ်ဦးက  “မနက် ၅ နာရီကတည်းက အသံတွေ ဆက်တိုက်ကြားနေရပြီး ရှောင်တဲ့သူကရှောင်၊ ပုန်းတဲ့သူကပုန်း လုပ်နေရတယ်၊ ကျောက်မဲတောင်ရွာက သားအမိတော့ ပုန်းနေရင်း လက်နက်ကြီးကျပြီး သေသွားတယ်” လို့ ​ပြောပါတယ်။

သေဆုံးသွားသူတွေမှာ အသက် ၃၀ ဝန်းကျင် မမီးပုနဲ့ အသက် ၁၀ နှစ်ကျော်အရွယ်ရှိ သူရဲ့ကလေး တို့ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်နေစဥ်အတွင်း ဟိန္ဒားရွာမှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ လက်နက်ကြီး ပစ်ကူပေးလို့  လက်နက်ကြီးကျရောက်ပြီး သေဆုံးတာလို့ ဒေသခံတွေကဆိုပါတယ်။

မမီးပုကတော့ နေရာမှာတင်သေဆုံးခဲ့ပြီး သူ့ရဲ့ကလေးကတော့ လူနာတင်ယာဥ်နဲ့ဆေးရုံကို ပို့ဆောင်စဉ်  သေဆုံးခဲ့တာဖြစ်ပြီး ဒီနေ့  စျာပနပြုလုပ်ဖို့ စီစဥ်နေပါတယ်။

ဒီနေ့လယ်ပိုင်းမှာတော့ ပစ်ခတ်သံတွေ ရပ်နားနေပြီး ဒေသခံရွာသားအများစုကတော့ နေအိမ်မပြန်ရဲကြသေးသလို ပိတ်မိနေသူတွေလည်းရှိတယ်လို့ သိရပါတယ်။

ထားဝယ်အရှေ့တောဒေသမှာ စစ်ရေးလှုပ်ရှားနေတဲ့ ထားဝယ်စုပေါင်းစစ်ကြောင် စစ်ကြောင်းမှူးက “မနက် ၅ နာရီက စလှုပ်ရှားပြီး ၁၂ နာရီမိနစ် ၄၀ မှာ နားလိုက်တယ်။ ကျနော်တို့ မဟာမိတ်တွေ ဘက်ကတော့အထိခိုက်မရှိဘူးပေါ့။ အသေးစိတ်ကို ပြန်ထုတ်ပြန်ဖို့ရှိတယ်။ စခန်းသိမ်းဖို့ အထိတော့ မလုပ်နိုင်ခဲ့ဘူး။ ကျည်မလောက်လုံတဲ့အခက်ခဲကြောင့်  လှုပ်ရှားတာကို လောလောဆယ်ရပ်ထားတယ်”လို့   ပြောပါတယ်။ 

နိုဝင်ဘာ ၁၄ ရက် နဲ့ ၁၅ ရက်ကလည်း ထားဝယ်အရှေ့တောဒေသမှာရှိတဲ့ ပကာရီရဲစခန်းနဲ့ ရှစ်မိုင်စစ်ကောင်စီဂိတ်တို့ကို ထားဝယ် ပကဖ DDTအဖွဲ့က တိုက်ခိုက်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့နှစ် မေလကလည်း မေတ္တာမြို့နယ်၊ ကျောက်မဲတောင်ရွာမှာ လက်နက်ကြီးကျပြီး ဘုန်းကြီးတစ်ပါး ဒဏ်ရာရကာ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024