ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှာ နိုဝင်ဘာ ၂၁ ရက်နေ့ ညက ပြည်သူ ၅ ယောက်ကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေကတော့ အလယ်စုရပ်ကွက်က ဦးမောင်စောသန်း၊ ဦးထွန်းတင်နု၊ ဦးထွန်းမောင်(ခ)လဘုမောင်၊ ကိုဇော်ဇော်ဝင်းနဲ့ ရွာဟောင်းရပ်ကွက်က ကိုမြတ်ကျော်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေကိုတော့ ပုဏ္ဏားကျွန်းမြို့မရဲစခန်းထဲမှာ ချုပ်နှောင်ထားကာ ဒီနေ့အထိ ပြန်မလွှတ်သေးသလို မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မပေးသေးဘူးလို့ ပြောပါတယ်။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ နိုဝင်ဘာ ၂၃ ရက်နေ့ မနက် ၁ နာရီခွဲလောက်က စစ်ကောင်စီတပ်သားတွေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ သက်ကြီးအဘိုးအိုတယောက်သေဆုံးကာ တယောက်ဒဏ်ရာရရှိခဲ့တယ်လို့ မင်းပြားမြို့ဒေသခံတယောက်က DVB ကို ပြောပါတယ်။
စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ မင်းပြားမြို့နယ် ကေသလာ ချောင်းဝ ကျေးရွာက အသက် ၇၃ နှစ်အရွယ် ဦးဖြူလုံးရဲ့ တဲမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးဖြူလုံးကတော အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ကာ၊ တဲနီးနားချင်းဖြစ်သူ ဝါးလက်ခတ်ကျေးရွာက အသက် ၅၂ နှစ်အရွယ် ဦးသံလုံးမောင်ကတော့ လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
မင်းပြားမြို့နယ်မှာ နိုဝင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းကလည်း စစ်ကောင်စီတပ်က လက်နက်ငယ်တွေနဲ့ ရမ်းကားပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတယောက် ကျည်ဆန်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ နိုဝင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းက တကျော့ပြန်တိုက်ပွဲတွေ ပြန်လည် စတင်ပြီးနောက်ပိုင်း ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီ တပ်တွေက လက်နက်ကြီးတွေနဲ့ နေ့ရောညပါရမ်းကားပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။