Home
ဆောင်းပါး
ပွက်ပွက် ဆူနေသည့် ဒယ်အိုးကြီး မဟုတ်၊ တချက်ချက် မြည်နေသော ချိန်ကိုက်ဗုံးဖြစ်
DVB
·
November 21, 2023

စနေနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာ အယ်ဒီတာအာဘော် မှ "Myanmar Still a ticking Time Bomb" ဟူသော ခေါင်းစဉ်ဖြင့် ယခုလို ရေးသားလာခဲ့သည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ အာဏာသိမ်းအပြီး သုံးနှစ်အတွင်း အခြေအနေများသည် အဆိုးမှသည် ငရဲတမျှ ပွက်ပွက်ဆူသည့် အနေအထားသို့ ပြောင်းလဲသွားပြီ ဖြစ်သည်။ ထိုသို့ ဆိုးဝါးလိုက်လာ‌နေသည့် အနေအထားကြောင့် ထိုင်းအနေဖြင့် အခြား ရွေးချယ်စရာ လမ်းမရှိတော့ဘဲ ဆိုက်‌‌ရောက်လာလတ္တံ‌သော လူသားချင်းစာနာထောက်ထားစွာ ဖြေရှင်းရမည့် အကျပ်အတည်းကြီးအတွက် ကြိုတင် စီမံထားသင့်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရထံမှ စစ်တပ်၏ အာဏာသိမ်းယူမှုအပေါ် မြို့ကြီးပြကြီးများတွင် နိုင်ငံရေးအရ ကန့်ကွက် ဆန္ဒပြမှုများဖြင့် စတင်ခဲ့ရာမှ ယခုအခါ တိုတောင်းလှသော အချိန်အတွင်းမှာပင် နိုင်ငံအနှံ့ ထိန်းမနိုင်သိမ်းမရ အခြေအနေ ရောက်သွားခဲ့ရသည်။ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များမှ အခြေအနေကို အခွင့်ကောင်းယူကာ ခုခံနိုင်စွမ်း မရှိတော့သော စစ်တပ်ထံမှ နယ်မြေ အမြောက်အမြားကို သိမ်းယူခဲ့ကြသည်။

အနောက်ဖက်တွင် ရက္ခိုင့်တပ်တော်သည် ရခိုင်ပြည်နယ်အတွင်း စစ်မျက်နှာ ပေါင်းစုံဖွင့်ကာ ထိုးစစ်ကြီး စတင်လာခဲ့သည်။ ထို့အတွက် ယခင် အကြမ်းဖက်ခံရမှုကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရသော ရိုဟင်ဂျာများ အပြင် နောက်ထပ် လူပေါင်း ၂၆,၀၀၀ ခန့် နေရပ်စွန့်ခွာ ခဲ့ကြရပြန်သည်။

ရခိုင်ပြည်နယ် မြို့တော်စစ်တွေသည် စစ်တပ်၏ ထိန်းချုပ်မှုအောက် ရှိနေဆဲ ဖြစ်သော်လည်း ရက်အနည်းငယ်အတွင်း ပေါက်တောမြို့အား လက်ပြောင်းလက်လွှဲ ဖြစ်သွားခဲ့ရသည်ကို ကြည့်က စစ်တွေ အခြေအနေသည်လည်း ယိမ်းယိုင်လာနေပြီဟု ခန့်မှန်း၍ ရပေသည်။

အနောက်မြောက်ဒေသရှိ ချင်းပြည်နယ်တွင်လည်း ချင်းအမျိုးသားတပ်ဦးသည် စစ်ကောင်စီ တပ်သားများကို အိန္ဒိယ မီဇိုရမ်ပြည်နယ်ထဲသို့ မောင်းထုတ်နိုင်ခဲ့သည်။ ထွက်ပြေးလာသူများက အိန္ဒိယအစိုးရထံ လက်နက်ချခဲ့ကြသဖြင့် နယူးဒေလီအဖို့ အလန့်တကြား ဖြစ်လာခဲ့ရသည်။

အရှေ့မြောက်ဖက်ခြမ်းရှိ တရုတ်နှင့် အဓိက ကုန်သွယ်လမ်းမကြီး ဖြတ်သန်းသွားရာ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် MNDAA နှင့် TNLA တပ်များသည် ထိုးစစ်ကြီး ဆင်နွှဲပြီး စစ်စခန်းပေါင်းများစွာကို သိမ်းယူနိုင်ခဲ့သည်။ ထိုတိုက်ပွဲများကြောင့် လူပေါင်း ၅၀,၀၀၀ ခန့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရသည်။

တရုတ်နှင့် ကုန်သွယ်ရေး လမ်းကြောင်းသည် စစ်ကောင်စီအတွက် နှစ်စဉ် နယ်ခြားကုန်သွယ်မှုမှ ရနေသည့် ‌ဝင်‌ငွေ ဒေါ်လာ ၅၂ ဒသမ ၃ ဘီလီယံထဲမှ ၄၀ ရာနှုန်း ပဲ့ပါသွားပြီ ဖြစ်၍ စီးပွားပျက်မတတ် ဖြစ်သွားခဲ့ရသည်။ ထို့အတွက် ဒုသမ္မတဆိုသူ မြင့်ဆွေက "နယ်ခြားဒေသရှိ အခြေအနေများကို ထိထိရောက်ရောက် မထိန်းချုပ်နိုင်လျှင် တိုင်းပြည် ပြိုကွဲမည့် အန္တရာယ်နှင့် ရင်ဆိုင်ရတော့မည် ချက်ချင်းဆိုသလို သတိပေးလာရသည့် အထိ ဖြစ်လာခဲ့သည်။

တကယ်တမ်းတွင် မြင့်ဆွေ၏ တာဝန်သည် အာဏာသိမ်းအဖွဲ့အတွက် အများအမြင်တွင် တင့်တယ်စေရန် ရုပ်ထွက်ပြရသူသာ ဖြစ်သည်။ ထိုသို့သော လူမျိုးက သတိပေးလာရပြီ ဆိုကတည်းက ရှေ့လျှောက် ကြမ်းရမ်းလာဖို့သာရှိပြီး ပဋိပက္ခ ကျယ်ပြန့်လာသည်နှင့်အမျှ အရပ်သား ထောင်ပေါင်းများစွာ ထပ်မံ၍ အိုးအိမ်စွန့်ခွာ တိမ်းရှောင်ကြရဖို့ ရှိနေသည်။

တရုတ်သည် မြန်မာနိုင်ငံတွင်း ဆိုးဝါးလာနေသော အခြေအနေများအတွက် စိုးရိမ်မကင်း ဖြစ်လာပြီး ဒုနိုင်ငံခြားရေးဝန်ကြီး နွန်‌ယောင်းကို စေလွှတ်ပြီး ၎င်းတို့ ရင်းနှီးမြုပ်နှံထားမှုများ လုံခြုံစိတ်ချမှု ရှိနေရန် စစ်ကောင်စီ၏ အာမခံချက်ရရန် အရေးဆိုလာသည်။ အဆိုပါ ခရီးစဉ်အတွင်း တရုတ်မှ နယ်ခြားဒေသ လုံခြုံမှုရှိရေးအတွက် မိမိတို့နှင့် "ပူးပေါင်းဆောင်ရွက်ရန်" စစ်ကောင်စီအား တိုက်တွန်းလာခဲ့သည်ကို ကြည့်ပါ အဆိုပါအရေးတွင် ၎င်းတို့ ဦးဆောင်မှု ‌နောက်လိုက်ရန် အချက်ပြလိုက်ခြင်းပင် ဖြစ်သည်။

လက်ရှိ ပဋိပက္ခအပေါ် ထိုင်း၏ သဘောထားသည် အချိန်နှင့် အမျှ ပြောင်းလဲနေပုံ ရသည်ဟု ဆိုရမည် ဖြစ်သည်။

ပရာရွတ်ချန်အိုချာလက်ထက်တွင် နေပြည်တော်နှင့် ပလူးပလဲလုပ်ရန် စိတ်အား ထက်သန်နေခဲ့သည်။ အာဏာသိမ်းပြီးနောက် နိုင်ငံတကာမှ အပြင်းအထန် ရှုတ်ချ ပြောဆိုနေချိန်တွင် အသိအမှတ်ပြုသည့်အနေဖြင့် အစိုးရ ကိုယ်စားလှယ်တဦး ပထမဆုံး စေလွှတ်သည့် နိုင်ငံသည် ထိုင်းနိုင်ငံ ဖြစ်လာခဲ့သည်။

အခြားနိုင်ငံများမှ အာဆီယံ ထီးရိပ်အောက်ခိုပြီး မြန်မာအားလမ်းကြောင်းပေါ် ပြန်ဆွဲတင်ရန် အတူတကွ ကြိုးပမ်းလာနေစဉ်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမူဒွင်နိုင်းသည် အများနှင့် ဆန့်ကျင်ပြီး အာဏာသိမ်းအဖွဲ့ နှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးခဲ့၍ အာဆီယံ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများနှင့် ညီညွတ်မှုကို ထိခိုက်သွားခဲ့သည်။

မြန်မာ ဂျက်တိုက်လေယာဉ်များ ထိုင်းနယ်‌မြေထဲသို့ ကြိမ်ဖန်များစွာ ကျုးကျော်ဝင်ရောက်လာသည်များအားလည်း အရေးမကြီးဟန် လျော့ပေါ့ ပြောဆိုခဲ့ပြန်သည်။

လက်ရှိ ဝန်ကြီးချုပ် ဆရက်သာသာဗီဆင်သည် မြန်မာနှင့် ပတ်သက်သော ကိစ္စများနှင့် တမင်တကာ ခပ်ကင်းကင်း နေ နေသည်ကို သိသာထင်ရှားစွာ တွေ့လာရသည်။  မြန်မာနိုင်ငံထဲ လူကုန်ကူးခံရ၍ ရောက်နေသော ထိုင်းနိုင်ငံသား ၂၀၀ ကျော်အား ပြန်လည် ခေါ်ယူရန် ကိစ္စကို ဥပမာ အဖြစ် ကြည့်နိုင်ပေသည်။

ထိုင်းနိုင်ငံသားများ နယ်ခြားမှ ခဲတပစ်စာ အကွာအ‌ဝေးတွင် ဒုက္ခတွေ့နေရသည့် အရေးအား အောက်တိုဘာလ အစောပိုင်းကတည်းက သိရှိခဲ့သော်လည်း ယခုထိ ပြန်ခေါ်နိုင်ခြင်း မရှိသေးပေ။

မြေပြင်တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်နေ၍ ပြန်ခေါ်ဖို့ အရေး နှောင့်နှေးနေရသည်မှာ သံသယ ဖြစ်စရာ မလိုသော်လည်း အစ္စရေးတွင် ပိတ်မိနေသော နိုင်ငံသားများကို အခက်အခဲ တစုံတရာ မရှိပဲ လျောလျောလျူလျူ ခေါ်ထုတ်နိုင်ခဲ့သည်နှင့် နှိုင်းယှည် ကြည့်ပါက ဘန်ကောက်နှင့် နေပြည်တော်အကြား ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာကို ခန့်မှန်းကြည့်၍ ရပေသည်။

ဆရက်သာ အစိုးရသည် ပရာရွတ်ကဲ့သို့ မဟုတ်ဘဲ ၎င်းတို့အား တရားဝင် အဖြစ် အသိအမှတ်ပြုသည့်  သဘောမရောက်အောင် မြန်မာစစ်ကောင်စီနှင့် ဝေးဝေးနေသည်မှာ မှန်သော်လည်း ရှိလာနေသည့် ပြဿနာကို မရှိလေဟန် ဟန်ဆောင်၍တော့ မဖြစ်နိုင်ပေ။

နိုင်ငံတွင်း ပြောင်းဆန်လာသည့်အခါ စစ်ဘေးရှောင်ရမည့် လူများအဖို့ ထိုင်းနိုင်ငံထဲ ရောက်လာကြမည်သာ ဖြစ်သည်။ လက်ရှိတွင်လည်း မြန်မာနိုင်ငံတဝန်းမှ ရောက်လာသူများ ရှိနေပြီးလည်း ဖြစ်သည်။

ထိုင်းအစိုးရ အနေဖြင့် မြန်မာသည် ပွက်ပွက်ဆူလာနေသော ဒယ်အိုးကြီး မဟုတ်တော့ဘဲ အချိန်မရွေး ပေါက်ကွဲနိုင်သည့် တချက်ချက် မြည်လာနေသော ချိန်ကိုက်ဗုံးကြီး အဖြစ် သဘောပေါက်ဖို့ အချိန်တန်ပြီ ဖြစ်သည်။

ထို့အတွက် ပဋိပက္ခတွင် ပါဝင်နေ‌သော အဖွဲ့များအားလုံး စေ့ဆပ်ဆွေးနွေးရေး စားပွဲဝိုင်းသို့ ရောက်လာရန် အာဆီယံ၏ ကြိုးပမ်းနေမှုကို ဝိုင်း၍ မြှင့်တင်ပေးသင့်သည်။ သို့မဟုတ်က ဒေသတွင်းရှိ အထိမခိုက်မခံ ဖြစ်လာနေသည့် ငြိမ်းချမ်းနေမှုသည် အန္တရာယ် ကြုံလာရနိုင်ပေသည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

လှစိုးဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024