Home
မြန်မာသတင်း
မြစ်ကြီးနား၌ အခြေခံစားသောက်ကုန်များ ဈေးတက်
DVB
·
November 21, 2023

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  နိုဝင်ဘာ ၂၀ ရက်က စပြီး အခြေခံ စားသောက်ကုန်တချို့  ဈေးနူန်း အဆမတန် မြင့်တက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကြက်ဥ၊ ခရမ်းချည်သီးနဲ့ ငရုပ်သီးစိမ်းစတဲ့ စားသောက်ကုန်တွေဟာ မြစ်ကြီးနားမြို့မှာ ပြတ်လပ် နေပြီး ဈေး ၅ ဆနီးပါး မြင့်တက်သွားတယ်လို့ ဒေသခံ အမျိုးသမီးကတဦးက ပြောပါတယ်။

"မြစ်ကြီးနားမြို့ပေါ်မှာက ကြက်ဥ ရှာမရတော့ဘူး။ နောက်ပြီး ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း ရှာမရတော့ဘူး။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဈေးလည်း အရမ်းတက်သွားတယ်။  ကြက်ဥ ဆိုရင် ရှိတဲ့ဆိုင်တွေမှာ‌ ၁ လုံး  ၁၀၀၀၊ ၁၂၀၀ ထိကို ဈေးတက်ပြီးရောင်းနေတယ်။ ခု လက်ရှိကတော့ မြစ်ကြီးနားမြို့ ခြံတွေမှာ စိုက်တဲ့ သီးနှံတွေပဲ ဈေးအများကြီးမတက်ဘူး။ ငါးဆိုရင်လည်း မြစ်ငါးလေးတွေပဲ ဈေးအများကြီး မတက်တာ။"

မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ပထမအပတ်က  ကြက်ဥ ၁ လုံးကို ၃၅၀ ကျပ်၊ ခရမ်းချဉ်သီး ၁ ပိဿာကို  ၃၀၀၀ ကျပ်နဲ့ ငရုပ်သီးစိမ်း ၁ ပြည်ကို ၂၈၀၀  ကျပ်သာ ရှိခဲ့တာပါ။

မန္တလေး - မြစ်ကြီးနားလမ်းမကြီးမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် နောက်ဆက်တွဲအဖြစ် စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်က နန့်စီးအောင်ဂိတ်ကို နိုဝင်ဘာ ၁၆ ရက်မှာ စစ်တပ်က ဖြတ်သန်းသွားလာခွင့် ပိတ်ခဲ့ပြီးတဲ့နောက် ကုန်စည်စီးဆင်းမှု မရှိတော့ဘဲ  ကချင်ပြည်နယ်မှာ အခြေခံ စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်သွားခဲ့တာပါ။

ရေစင်ကွင်းဈေးမှာ ဈေးရောင်းချနေသူ အမျိုးသမီးတဦးက "တဟုန်ထိုးဈေးတက်သွားတာက ၂၀ ရက်ပါ။ ကြက်ဥ ၁ လုံးကို မနက်ပိုင်းမှာ ၈၀၀ ကျပ် ညနေပိုင်းလည်းကျရော ၁၅၀၀ ဖြစ်သွားရော။ ခရမ်းချဉ်သီးနဲ့ ငရုပ်သီးစိမ်းဆို ဈေးထဲမှာ မတွေ့ရတော့ဘူး။ ရှိတဲ့ဆိုင်တွေကလည်း  ခရမ်းချဉ်သီး ၁ပိဿာ ၁ သောင်းခွဲ၊ ငရုပ်သီးသိမ်း တပြည် ၁ သောင်းခွဲလောက် ရောင်းနေကြတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူလည်း ဈေတက်တယ်။ ကြက်သွန်ဖြူဆို ၁ ပိဿာ နှစ်သောင်းနီးပါးဖြစ်သွားတယ်။ လမ်းပိတ်ထားတော့ ကုန်စည် စီးဆင်းမှု မရှိတော့ဘူး" လို့ ပြောပါတယ်။

တိုက်ပွဲတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးကို သက်ဆိုင်ရာ မြို့နယ်တွေအပြင် နိုင်ငံတဝန်းက နိုင်ငံသား အားလုံး ဈေးကြီးတာ၊ ကုန်ပစ္စည်း ပြတ်လပ်တာတွေကို ခံစားနေကြရတာပါ။

ဒါ့အပြင် မြစ်ကြီးနားမြို့မှာ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်ကြီးတွေမှာ ဆီရောင်းချနိုင်မှု မရှိတော့ဘဲ ဆိုင်ပိတ်ထားပြီး လမ်းဘေးဆီဆိုင်ငယ်လေးတွေက  စက်သုံးဆီကို ဈေးနှုန်းမြင့်မားစွာ ဝယ်ယူသုံးစွဲနေရပါတယ်။

ရမ်ပူရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသား တဦးက  "ဆီဆိုင်ကြီးတွေမှာ ဆီမရောင်းတော့ဘူး။ မြို့ထဲက ဆီဆိုင်တွေ အားလုံးနီးပါးပိတ်ထားပြီ။ လမ်းဘေး ဆီဆိုင်ငယ် (ဂေါက်ဆိုင်) လေးတွေမှာ တော့ အကန့်အသတ်နဲ့ရောင်းနေတာရှိတယ်၊ လိုသလောက်မရဘူး။ ဆိုင်ကယ် တစီး ၃၀၀၀ ဖိုးပဲရတယ်။ တလီတာ ၄၅၀၀ ကျပ် ဖြစ်သွားပြီ။ ဆီဆိုင်ကြီးတွေမှာ ဆီရှိတဲ့ အချိန်တုန်းက ၃၀၀၀ ကျပ်နဲ့ နောက်ဆုံး ရောင်းခဲ့တာ" လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နည်းလမ်းမျိုးစုံ ဘက်ပေါင်းစုံ ပိတ်ဆို့အရေးယူမှုတွေနဲ့အတူ  လက်နက်ကိုင်တော်လှန်ရေးတွေကြောင့် နိုင်ငံရေး၊ စီးပွားရေး မငြိမ်သက်မှုတွေဖြစ်လာကာ မြန်မာ့ ငွေဈေးနူန်း အဆမတန်ကျဆင်းလာသလို  ပြည်ပ တင်သွင်းကုန်တွေ ဈေးနှုန်းမြင့်မားလာကာ အခြေခံ စားသောက်ကုန်တွေပါ ဈေးနှုန်းကြီးမြင့်လာတဲ့အတွက်  အခြေခံပြည်သူတွေဟာ စားဝတ်နေရေး အခက်အခဲများစွာ ကြုံတွေ့နေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024