Home
မြန်မာသတင်း
နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ အကျဥ်းစခန်း ၄ ခု သိမ်းပိုက်ခံရ 
DVB
·
November 20, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ထဲက  အကျဥ်းစခန်း ၄ ခုကနေ လက်နက်ခဲယမ်းတွေ အမြောက်အမြား သိမ်းဆည်းရရှိခဲ့တယ်လို့ TNLA နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနတို့က နိုဝင်ဘာ ၂၀ ရက်မှာ  ထုတ်ပြန်ပါတယ်။

အုမ္မတီး-မိုးကုတ်လမ်းပေါ်က ဟိုခိုစခန်း အပါအဝင် နောင်ချိုမြို့နယ်ထဲက အကျဉ်းဦးစီးစခန်း ၄  ခုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)နဲ့ မန္တလေး-PDF ပူးပေါင်းတပ်တွေက မနေ့က  တိုက်ခိုက်သိမ်းပိုက်လိုက်တာပါ။

သိမ်းပိုက်လိုက်တဲ့ စခန်းတွေကတော့ လွင်ကြီး၊ ကျုအင်း၊ ဟိုခိုနဲ့ ကုန်းစံ အကျဥ်းဦးစီးစခန်းတို့ ဖြစ်ပြီး တချို့စခန်းတွေမှာဆိုရင် တော်လှန်ရေးဘက်သားတွေကို ထိန်းချုပ်ထားတာလည်း ရှိတယ်လို့  TNLA ပြောခွင့်ရသူက ပြောပါတယ်။

TNLA ပြောခွင့်ရသူက “အကျဉ်းသားမှာဆိုရင် ဖမ်းမိတဲ့တော်လှန်ရေး တပ်သားတွေလည်း ပါတယ်ပေါ့လေနော်။  နောက်တစ်ခုက အဲဒီမှာလည်း သူတို့ရဲ့စခန်းရှိနေတော့လေ သူတို့ရဲ့စခန်းကို တိုက်ရင်းနဲ့ တစ်ခါတည်းရလာတာ ဖြစ်တယ်။ ဒါကြောင့် ဒီစခန်းတွေပါ တိုက်ယူရတာမျိုး ဖြစ်တယ်။ အဲဒီမှာလည်း စစ်လက်နက်တွေ၊ စစ်သားရောဆိုတော့ စစ်တပ်ရဲ့စခန်းသာ ဖြစ်တယ်။ ဒါကြောင့်မို့ တိုက်ယူခြင်းဖြစ်တယ်”လို့ ပြောပါတယ်။

ဒါပေမဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ နေ့လယ်ပိုင်းအထိ အဲဒီအကျဉ်းစခန်းတွေက အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာမရှိသေးဘဲ နဂိုအတိုင်း ဆက်လက်ထိန်းသိမ်းထားတယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာ အကျဉ်းသားတချို့ကို စစ်ဆေးနေပြီး တော်လှန်ရေးရဲဘော်တွေ ဖမ်းဆီးခံရတာဆိုရင် ပြန်လွှတ်ပေးဖို့ ရှိတယ်လို့ ဆိုပါတယ်။

တချို့စခန်းတွေဟာ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်း နယ်အစပ်နားက ဖြစ်တာကြောင့် တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ မန္တလေး-PDF ရဲ့ ပြောခွင့်ရသူဆီ ဆက်သွယ်ပေမဲ့ ပြန်ဖြေတာ မရှိသေးပါဘူး။

နောင်ချိုမြို့ခံတစ်ယောက်ကတော့ အဲဒီအကျဉ်းစခန်းတွေက မြို့နဲ့အလှမ်းဝေးတာကြောင့် သေသေချာချာ မသိရသေးဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ မြို့ထဲမှာတော့ အသွားအလာ သိပ်မရှိကြဘူးလို့ ပြောပါတယ်။

“မြို့ထဲတော့ ဒီတိုင်းပဲ၊ သွားလာနေကြတာပါပဲ၊ ဒါပေမဲ့ သိပ်မထွက်ကြဘူး၊ ညနေပိုင်းလောက်ကျရင် မထွက်ကြတာ များတယ်။ မီးလည်း မလာတာကြာပြီ ဆိုတော့လေ။ လုံခြုံရေး စားဝတ်နေရေးက လုပ်ငန်းမလုပ်ရတော့ အဆင်မပြေဘူးပေါ့။ အလုပ်တွေက အခုချိန်က ရပ်နားထားရတော့လေ။ တော်တော်များများက အဆင်မပြေကြဘူးပေါ့။”

နိုဝင်ဘာ ၁၉ ရက်က သိမ်းပိုက်နိုင်ခဲ့တဲ့ အဆိုပါ အကျဉ်းစခန်း ၄ ခုကနေ MA-11 ၅၀ လက်၊ MA-12 ၉ လက်၊ MA-5 ၁၃ လက်၊ Shotgun ၃၂ လက်၊ စုစုပေါင်း ၁၀၄ လက်အပါအဝင် ကျည်ဆန်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

အလားတူ TNLA နဲ့ မန္တလေး PDF တို့သိမ်းယူထားတဲ့ နောင်ချိုထဲက ဒိုပင်ရဲစခန်းကို ဒီနေ့မှာပဲ ပေါင် ၅၀၀ ဗုံးကြဲချခဲ့လို့ စစ်သုံ့ပန်း ၄ ဦး သေဆုံးပြီး ၁၀ ဦး  ဒဏ်ရာရရှိခဲ့ကြောင်း TNLA  ဘက်က ထုတ်ပြန်ထားပါတယ်။

ညီနောင်မဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့နေ့ကစလို့  တအာင်းတပ်မတော် TNLA  နဲ့ ပူးပေါင်းတပ်တွေအနေနဲ့ နမ့်ခမ်းမြို့အပါအဝင် စစ်စခန်းကြီးငယ်ပေါင်း ၄၀ ဝန်းကျင်ကို သိမ်းပိုက်ထားနိုင်ကြောင်း သိရပါတယ်။

စိုးသူအောင်

Photo-NUG-MOD

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024