Home
မြန်မာသတင်း
စစ်ကောင်စီတပ်နှင့် အေအေ တိုက်ပွဲကြောင့် ရခိုင်မြောက်ပိုင်းနှင့် ချင်းတွင် စစ်ရှောင် ၂၆,၀၀၀ ကျော်တိုး
DVB
·
November 20, 2023

စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား တကျော့ပြန် တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲမှာ အသစ်ထပ်တိုးလာတဲ့ နေရပ်စွန့်ခွာ စစ်ပြေးဒုက္ခသည် ၂၆,၀၀၀ ကျော်ထိ ရှိလာခဲ့တယ်လို့  ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်၊ ပေါက်တောနဲ့ မောင်တောမြို့နယ်တွေ အပါအဝင်  ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေ အရှိန်မြင့်တက်လာခဲ့ပြီး တခြားမြို့နယ်တွေ ဖြစ်တဲ့ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေက အေအေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာတော့ တိုက်ပွဲတွေ ဖြစ်ပွားခြင်းမရှိပေမယ့် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့လည်း ဆိုပါတယ်။

နိုဝင်ဘာ ၁၅ ရက်မှာ အေအေက ရခိုင်ပြည်နယ် ပေါက်တောမြို့ကို တိုက်ခိုက် သိမ်းပိုက်ပြီးနောက်မှာ စစ်အုပ်စုက မြန်မာစစ်တပ်က မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် လေတပ်နဲ့ ရေတပ်အကူအညီတွေနဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်ကတည်းက မောင်တော၊ မြောက်ဦး၊ ကျောက်တော်နဲ့ အမ်းမြို့နယ်တွေမှာ စစ်အုပ်စု လက်နက်ကြီးကြောင့် အနည်းဆုံးလူ ၁၁ ယောက် သေဆုံးပြီး အယောက် ၃ဝ ကျော် ထိခိုက်ဒဏ်ရာရခဲ့သလို လူပေါင်း ၁၀၀ ကျော်ကိုလည်း စစ်ကောင်စီတပ်တွေက ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ အေအေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေကြောင့် နိုဝင်ဘာ ၁၆ ရက်အထိ ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေဟာ ၉၀၀၀၀ ကျော်ရှိလာပြီး  အဲဒီထဲမှာ ၂၆,၀၀၀ ကျော်ကတော့ ရခိုင်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့်ဖြစ်ကာ ဒါဟာ အရင်က ရှိနှင့်ပြီးသား ရိုဟင်ဂျာ ဒုက္ခသည် ၁ သိန်းခွဲအပြင် ထပ်တိုးလာတာလည်း ဖြစ်တယ်လို့ ကုသလမဂ္ဂက ဆိုပါတယ်။

လက်ရှိမှာတော့ စစ်တပ်က  ရန်ကုန်-စစ်တွေ ကားလမ်းမအပါအဝင် ရခိုင်ပြည်နယ်အတွင်းက အဓိက ကုန်းလမ်း၊ ရေလမ်း ဆက်သွယ်ရေးလမ်းကြောင်းတွေကို ကန့်သတ် ပိတ်ပင်ထားပြီး အရပ်သားပြည်သူတွေ ရွှေ့ပြောင်းသွားလာမှုတွေ အပါအဝင် လူသားချင်းစာနာအကူအညီ ပေးနိုင်ရေးတွေကိုလည်း ကန့်သတ်ထားတယ်လို့ UNOCHA Myanmar က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024