Home
မြန်မာသတင်း
လောက်ကိုင်တွင် ပိတ်မိနေသူများ စားသောက်ရေးခက်ခဲ၊ မိသားစုနှင့် အဆက်အသွယ်ပြတ်နေ
DVB
·
November 18, 2023

အောက်တိုဘာ ၂၇ ရက်က ရှမ်းမြောက်ဒေသမှာ စတင်ခဲ့တဲ့ ညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး” က စလို့ ရှမ်းပြည်မြောက်ပိုင်းမှာ သွားလာရေး လမ်းကြောင်းတွေ ပိတ်ခဲ့ပြီး ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့မှာ အလုပ်လုပ်ကိုင်ကြသူတွေ အလုံးအရင်းနဲ့ မြို့ကို စွန့်ခွာခဲ့ကြပါတယ်။

အဲဒီနောက် ရှမ်းမြောက်ဒေသက မြို့နယ် ၈ ခုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး နိုဝင်ဘာ ၁၀၊ ၁၁ ရက်တို့မှာ လောက်ကိုင်ကနေ ချင်းရွှေဟော် သွားတဲ့လမ်း ပါစင်ကျော်ရွာအနီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ပြည်သူတချို့ ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

လောက်ကိုင်မြို့ထဲ နေရာအနှံ့ လက်နက်ကိုင်တပ်တွေ လုံခြုံရေးယူထားပြီး စစ်အုပ်ချုပ်ရေး ကြေညာထားတာကြောင့် ည ၆ နာရီကျော် အပြင်မထွက်ရဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

လောက်ကိုင်မြို့ထဲမှာ ပိတ်မိနေတဲ့ အလုပ်သမားတွေ ထောင်နဲ့ချီ ရှိနေပြီး လုပ်ငန်းရှင်တွေကိုတော့ စစ်ကောင်စီတပ်တွေက ရဟတ်ယာဉ်နဲ့ ကူညီခေါ်ထုတ်သွားတာ အောက်တိုဘာလကုန်ပိုင်းနဲ့ နိုဝင်ဘာလ အစောပိုင်းတို့မှာ ရှိခဲ့ပါတယ်။

လက်ရှိ အဲဒီဘက်မှာ စစ်ရေး တင်းမာနေတာကြောင့် ပြည်သူတွေ ထွက်မရဘဲ လောက်ကိုင်မြို့ထဲမှာ ပိတ်မိကုန်တာပါ။ လောက်ကိုင်မြို့ထဲမှာ ကုန်ဈေးနှုန်းကလည်း အဆမတန်မြင့်တက်နေပြီး ဆန်တွေ ဝယ်မရအောင်လည်း ပြတ်လပ်နေပါတယ်။

“အခု လောလောဆယ်တော့ ဘာမှ မရှိတော့ဘူး။ နဂိုက သူဌေးတွေ စုဆောင်းပေးထားတဲ့ ဆန် လက်ကျန် စားတယ်။ အခုကတော့ ကြုံရာကျပမ်းပေါ့။ ခေါက်ဆွဲတွေ ပြုတ်စားတယ်။ ဝယ်စားတော့လည်း ထမင်းတပွဲ ယွမ် ၃၀၊ ခေါက်ဆွဲတပွဲက ယွမ် ၁၀ ဆိုတော့ လက်ထဲက ပိုက်ဆံနဲ့ ကြာရင် ဝယ်မစားနိုင်ဘူးပေါ့။ စားရေး သောက်ရေးက အတော်လေး ဒုက္ခရောက်နေပါပြီ”လို့ လောက်ကိုင်မှာ ပိတ်မိနေသူ တယောက်က ပြောပါတယ်။

ပိတ်မိနေသူတွေထဲမှာ ပြည်တွင်းက မြန်မာ ရွှေပြောင်းလုပ်သားတွေအပြင် တရုတ် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရသူတွေ ထိုင်း ၁၆၀ ကျော်၊ ဗီယက်နမ် ၁၀၀ ကျော် နဲ့ အခြားနိုင်ငံသားတွေ ပါဝင်နေပါတယ်။

ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေကတော့ တရုတ်အစိုးရကတဆင့် ထိုင်းအစိုးရနဲ့ ပူးပေါင်းပြီး သူတို့ကို လာရောက် ကူညီ ကယ်ထုတ်ပေးဖို့ နိုဝင်ဘာ ၁၆ ရက်နေ့က လူမှုကွန်ရက်ကနေ Live လွှင့် တောင်းဆိုခဲ့ပါတယ်။

ထိုင်း-မြန်မာ လူကုန်ကူးမှု တိုက်ဖျက်ရေး ကူညီပေးနေတဲ့ အဖွဲ့တွေကတော့ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေကို အမြန်ဆုံး ကယ်ထုတ်ပေးနိုင်ဖို့ သက်ဆိုင်ရာ အစိုးရ လူကြီးတွေနဲ့ ပြောဆို ဆွေးနွေးနေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“လက်ရှိ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေ လောက်ကိုင်မှာပဲ ရှိနေဆဲပါ။ သူတို့ကတော့ လောလောဆယ် အရမ်းပဲ မွန်းကျပ်နေတယ်။ စိတ်ဖိစီးမှုတွေ အရမ်းဖြစ်နေကြတယ်။ အဲ့ကနေ သူတို့ ထွက်ဖို့ပဲ ရုန်းကန် ကြိုးစားပြီး အစိုးရတွေ၊ ဌာနဆိုင်ရာတွေ ဒါကို ဆွေးနွေးနေကြတာ ရှိတယ်။ ဒါပေမဲ့ ထိုင်းအစိုးရက ပေးထားတဲ့ ကတိအတိုင်း လောလောဆယ် ဘာမှမလုပ်ပေးနိုင်တဲ့အချိန်မှာ လူကုန်ကူးခံရတဲ့ ထိုင်းနိုင်ငံသားတွေ အရမ်း စိုးရိမ်နေကြတယ်။ မကြာခင်မှာ မြေပြင်သတင်း ထိုင်းသတင်းတွေကို ဆက်တိုက် အဆက်မပြတ် ကြည့်နေတယ်။ သူတို့ တအား စိုးရိမ်လန့်နေတယ်။ ကျနော်တို့ကတော့ ဌာနဆိုင်ရာ မြေပြင်အဖွဲ့တွေနဲ့ ဆွေးနွေးထားတာ ရှိပါတယ်။”

ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေရဲ့ မိသားစုဝင်တွေဟာ နိုဝင်ဘာ ၁၇ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ထိုင်းအစိုးရနဲ့ တရုတ်အစိုးရကို အကူအညီ တောင်းကာ ပိတ်မိနေသူတွေကို ကယ်ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

လက်ရှိမှာတော့ လောက်ကိုင်မြို့တွင်းမှာ ဆက်သွယ်ရေးလိုင်းတွေ၊ လျှပ်စစ်မီးတွေ ဖြတ်တောက်ခံထားရပြီး မီးစက်သုံးတဲ့ နေရာတချို့မှာသာ အင်တာနက် ဝိုင်ဖိုင်လိုင်း ရတာကြောင့် မိသားစုဝင်တွေနဲ့ ရက်အတော်ကြာ ဖုန်းအဆက်အသွယ် ပြတ်တောက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် လောက်ကိုင်မြို့ထဲမှာ ဆန်၊ ဆီ လုံးဝ ဝယ်မရအောင် ပြတ်လပ်နေပြီး ရွှေ့ပြောင်းလုပ်သားတွေဟာ  အလုပ်အကိုင်လည်း မရှိတာကြောင့် ငွေကြေး အခက်အခဲတွေ ကြုံနေရတယ်လို့ ကိုယ်တိုင် ကြုံရသူတွေက ပြောပါတယ်။

ဇွဲသစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024