Home
မြန်မာသတင်း
ရန်ကုန်တောင်ပိုင်းခရိုင်က အရေးပေါ်လူနာများ မြစ်ကူးပြီး ရန်ကုန်ဆေးရုံကြီးကိုလာရ
DVB
·
November 18, 2023

ရန်ကုန်ဝောာင်ပိုင်းခရိုင်မြို့နယ်တွေက ပြည်သူတွေဟာ ကျန်းမာရေးကိစ္စ အရေးပေါ်လာရင် မြစ်ကို စက်လှေနဲ့ဖြတ်ပြီး ရန်ကုန်ဆေးရုံကြီးကို လာရောက်ပြသ နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တောင်ပိုင်းခရိုင် အနောက်ခြမ်းမှာရှိတဲ့ ဒလမြို့နယ်၊ တံတွေးမြို့နယ်၊ ကွမ်းခြံကုန်း မြို့နယ်တို့မှာ သက်ဆိုင်ရာဆေးရုံတွေရှိပေမဲ့ ခုတင် ၅၀၊ ခုတင် ၁၀၀ ဆေးရုံတွေဖြစ်လို့ ခုတင်အရေအတွက် မလုံလောက်တာ၊ သူနာပြု၊ ဆရာဝန်အင်အား နည်းပါးတာနဲ့ ဆေးကုသမှုပစ္စည်းတွေ အလုံအလောက် မရှိကြပါဘူး။

ရန်ကုန်ဆေးရုံကြီးကို ကူညီပို့ဆောင်ပေးနေတဲ့ လူမှုကူညီရေးအသင်းတခုရဲ့ တာဝန်ရှိသူ တယောက်က “သက်ဆိုင်ရာ ဆေးရုံတွေက ခုတင် ၅၀၊ ၁၀၀ လောက်ပဲရှိတယ်။ အဲဒီဆေးရုံတွေမှာ အနီးအနားက ထိခိုက်လူနာ၊ သားဖွားလူနာနဲ့ နာတာရှည် လူနာတွေနဲ့ပဲ ပြည့်နေတာမျိုးရှိတယ်။ ပိုးထိလူနာ၊ အဆိပ်သောက်လူနာ၊ အသက်ရှူကြပ်၊ အမောဖောက်တဲ့လူနာလို အရေးပေါ် အသက်ကယ်ဆယ်ဖို့လိုတဲ့ လမ်းကြောင်းတွေဆို ရန်ကုန်ပြည်သူ့ဆေးရုံဆီကို လွှဲပြောင်းကုသကြရပါတယ်” လို့ ပြောပါတယ်။

ဒီလို လွှဲပြောင်းကုသတဲ့အခါမှာလည်း ဒလမြို့နယ်က အရပ်ဘက်အသင်းကားနဲ့ ပို့‌ဆောင်ရင် ဆေးရုံကြီးကိုရောက်ဖို့ ကုန်းလမ်းအကွာအဝေး မိုင် ၂၀ ကျော်တဲ့အတွက် အချိန်ကုန်သက်သာစေဖို့နဲ့ အရေးပေါ်အသက်ကယ်ဆယ်ရေးမှာ အထောက်အကူ ဖြစ်စေဖို့ကို ရေမိုင် ၁ မိုင်နီးပါးလောက်ပဲရှိတဲ့ ရန်ကုန်မြစ်ကို စက်လှေတွေနဲ့ ဖြတ်သန်းပြီး အရပ်ဘက်အသင်းတွေအချင်းချင်း ချိတ်ဆက်လွှဲပြောင်း ကယ်ဆယ် ပေးနေရ ပါတယ်။

ဒလစက်တပ်‌လှေမောင်းနှင်သူတယောက်က “အရင် ကိုဗစ်တွေဖြစ်တုန်းကဆို ကျနော်တို့ သမ္ဗန်သမားတွေစုပြီး စေတနာ့ဝန်ထမ်းအနေနဲ့ လူနာတွေကို အခမဲ့ အကြိုအပို့ လုပ်ပေးတယ်။ ဒါပေမဲ့ ၃ နှစ်လောက်ပဲလုပ်နိုင်ပြီး နောက်ပိုင်း ရန်ပုံငွေအခြေအနေအရ ရပ်ထားရတာမျိုးတွေရှိပေမဲ့ အခု ညရေးညတာ လူနာ လွှဲပေးဖို့တွေဆိုရင် ကယ်ဆယ်‌ရေးစက်လှေဆိုပြီး ဂျူတီခွဲထားရတာတွေ ရှိပါတယ်” လို့ ပြောပါတယ်။

ကိုရီးယားနိုင်ငံ အကူအညီနဲ့ ဆောက်လုပ်နေတဲ့ ရန်ကုန်မြစ်ကူးတံတား စီမံကိန်းဟာ ၂၀၂၄ ခုနှစ်မှာမှ ပြီးစီးမယ်လို့သိရပြီး လက်ရှိမှာ ရန်ကုန်-ဒလ ပြေးဆွဲနေတဲ့ ချယ်ရီ ၁၊ ချယ်ရီ ၂ လို သင်္ဘောကြီးတွေ ရှိနေပေမဲ့ နာရီဝက်တခါမှ ပြေးဆွဲနေတာကြောင့် အရေးပေါ် လူနာကယ်ဆယ်နိုင်ရေးအတွက် စက်တပ်လှေတွေ အသုံးပြု‌နေရတာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ လူဦးရေစာရင်းအရ ဒလမြို့နယ်မှာ မြို့ပြ‌နေထိုင်သူ ၁ သိန်းကျော်နဲ့ ကျေးလက်မှာ ၅ သောင်းနီးပါး၊ တွံတေးမြို့နယ်မှာ မြို့ပြနေသူ ၄ သောင်းကျော်နဲ့ ကျေးလက်နေသူ ၂ သိန်းနီးပါး၊ ကွမ်းခြံကုန်းမြို့နယ်မှာ မြို့ပြနေထိုင်သူ ၂ သောင်းနီးပါးနဲ့ ကျေးလက်နေသူ ၁ သိန်းကျော် ရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024