ရခိုင်ပြည်နယ်ကို ကုန်းလမ်း၊ ရေလမ်းအဝင်အထွက်အားလုံးကို စစ်ကောင်စီက နိုဝင်ဘာ ၁၃ ရက်နေ့ကစလို့ ကန့်သတ်ပိတ်ပင်ထားတာကြောင့် စားသောက်ကုန်ပစ္စည်းတွေ ပြတ်လပ်လာနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ရန်ကုန်၊ မန္တလေးနဲ့ ပြည်မြို့ကတဆင့် ရခိုင်ပြည်နယ်ကို ကုန်ပစ္စည်းတွေတင်ပို့နေတဲ့ ကုန်တင်ကားတွေ လမ်းခုလပ်မှာ ပိတ်မိနေတာကြောင့် ကျောက်ဖြူမြို့နယ်အတွင်း ကုန်စည်ပြတ်လပ်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ကျောက်ဖြူမြို့ ကုန်မျိုးစုံ လက်ကား ဖြန့်ချိရေးဆိုင်ရှင်တယောက်က ပြောပါတယ်။
“၁၃ ရက်နေ့ နေ့လယ်ပိုင်းလောက်ကစပြီး လူတွေက အလုအယက်နဲ့ လာဝယ်နေကြတာ။ ဆိုင်မှာရှိတာတွေလည်း ကုန်သွားသလောက်ဖြစ်သွားပြီ။ အဓိက ဆန်၊ ဆီ၊ ကြက်သွန် စတဲ့ အခြေခံ စားသောက်ကုန်တွေပါ။ အခုလို ကားလမ်းတွေ ဆက်ပိတ်ထားလို့ ပစ္စည်းတွေမရောက်ရင် ဆိုင်ပါပိတ်ရတော့မယ် ပုံစံဖြစ်နေပြီ” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲကို ကုန်တင်လာတဲ့ ကုန်တင်ကား ၁၀၀ ကျော်ဟာ နိုဝင်ဘာ ၁၈ ရက်နေ့ထိ အမ်း၊ တောင်ကုတ်၊ မအီ၊ သံတွဲ၊ ဂွ စတဲ့ လမ်းပိုင်းနေရာတွေမှာ ပိတ်မိနေတယ်လို့ ရခိုင်ပြည်နယ်၊ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းဆီက သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းက စစ်တွေ၊ ကျောက်ဖြူ၊ မြေပုံ စတဲ့မြို့နယ်တို့မှာ ကုန်စည်ပြတ်လပ်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ရန်ကုန်-ရခိုင် ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
"လမ်းကြောင်း စပိတ်ကတည်းက ကားတွေကို တနေရာတည်းမှာ ပိတ်ထားတာ မဟုတ်ပါဘူး။ နိုဝင်ဘာ ၁၃ ရက်နေ့ မတိုင်ခင် ဒီကထွက်သွားတဲ့ ကားတွေအကုန်လုံးကို ရောက်တဲ့နေရာမှာ ရပ်တန့်ခိုင်းထားတာဆိုတော့ အမ်း၊ တောင်ကုတ်၊ မအီ၊ သံတွဲ၊ စတဲ့ မြို့နယ်တွေမှာ ပိတ်မိနေတဲ့ကားတွေ အစီး ၁၀၀ ကျော်လောက်ရှိတယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်ပြင်ပကနေ ရောက်ရှိနေသူတွေကိုတော့ ကုန်လမ်း၊ လေကြောင်းတို့က တဆင့် ပြန်သွားခွင့်ပြုနေပြီး ဒီရက်ပိုင်းမှာလည်း ပိတ်မိနေတဲ့ ကုန်တင်ကားတချို့ကို ပြည်နယ်တွင်း ဝင်ခွင့်ပြုလာတယ်လို့ ဒေသခံတွေက ဆီက သိရပါတယ်။
မြေပုံမြို့နယ် ဒေသခံတယောက်က "ဒီဘက်မှာက တချို့ ဗမာပြည်ဘက်ကလာတဲ့ ဟင်းသီးဟင်းရွက်တွေကို ဝယ်စားနေရတာ။ အဓိက ကွမ်းရွက်ပေါ့။ ဒီဘက်က ကွမ်းရွက်တွေက သိပ်ပြီး စားမကောင်းလို့ ဗမာပြည်က လာတဲ့ကွမ်းပဲ အများဆုံး စားနေရတာ။ ကွမ်းရှိနေရင် ထမင်းမစားလို့လည်းရတာပေါ့” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ စစ်ကောင်စီက ကုန်စည်စီးဆင်းမှုကို ပိတ်ဆို့ရိက္ခာဖြတ်တောက်ခဲ့သေးတယ်လို့သိရပါတယ်။