Home
မြန်မာသတင်း
ပုသိမ်မြို့တွင် စစ်ကောင်စီကဧည့်စာရင်းစစ်ပြီး ဖမ်း‌ဆီးငွေညှစ်မှုများလာ
DVB
·
November 18, 2023

ဧရာဝတီတိုင်း၊ ပုသိမ်မှာ စစ်ကောင်စီတပ်တွေက ဧည့်စာရင်းစစ်ပြီး ခြိမ်းခြောက် ငွေတောင်းခံနေတယ်လို့ ဒေသခံတွေနဲ့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

ပုသိမ်မြို့ထဲကို နိုဝင်ဘာလဆန်းကစလို့ PDF တပ်ရင်း ၂ ရင်းစာ အယောက် ၆၀ လောက် ဝင်ရောက်နေတယ်လို့ စစ်ကောင်စီက သတင်းလွှင့်ပြီး တအိမ်တက်တအိမ်ဆင်း အိမ်ထောင်စု စာရင်းနဲ့တိုက်ဆိုင်စစ်ဆေး ဧည့်စာရင်းစစ်နေတာပါ။

စစ်ကောင်စီတပ်တွေဟာ ရှေ့တန်းထွက်ရမှာကြောက်လို့ ဧည့်စာရင်းစစ်ပြီး ယောက်ျားလေးအများစုကို ဖမ်းဆီးငွေညှစ်နေတာတွေ လုပ်ဆောင်နေတာလို့ ပုသိမ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

"နိုဝင်ဘာပထမအပတ်လောက်ကစပြီး PDF တပ်‌ရင်း ၂ ရင်းလောက် ဝင်တယ်ဆိုပြီး အကြောင်းပြကာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့ ပေါင်းပြီး အိမ်ထောင်စုစာရင်းနဲ့ လူဦးရေကို တိုက်ပြီး လူပိုရှိရင်ဖမ်းတယ်၊ ဓာတ်ပုံရိုက်တယ်။ အကြောင်းပြချက် ခိုင်လုံရင်တော့ သူတို့ပိုက်ဆံနဲ့ပြီးသွားတာရှိပေမယ့် အကြောင်းပြချက်မခိုင်လုံရင်တော့ သူတို့က ရိုက်နှက် ဖမ်းဆီးတာတွေရှိတယ်။ အဓိက ပြောရရင် သူတို့ ရှေ့တန်း မထွက်ချင်လို့ ပုသိမ်ကို မငြိမ်သက်ဘူးဆိုတဲ့ သတင်းပေါက်အောင်လို့ ဖမ်းဆီးတာတို့ စစ်ဆေးတာတို့လုပ်နေတာ” လို့ ပြောပါတယ်။

ပုသိမ်မြို့ပေါ်မှာ အစစ်အဆေးအဓိကလုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဆက်သွယ်ရေးတပ်၊ အင်ဂျင်နီယာတပ်နဲ့ လေတပ်ကဖြစ်တာကြောင့် စစ်ကောင်စီတပ်က အင်အားနည်းနေပြီလို့ သူကဆက်ပြောပါတယ်။

ဧည့်စာရင်းမတိုင်ကြားတဲ့သူတွေဟာလည်း ကျပ် ၅ သောင်းကနေ ၃ သိန်းအထိ ပေးနေရသလို မပေးနိုင်သူတွေကို ဧည့်စာရင်းဥပဒေအရ အရေးယူတဲ့အပြင် ရိုက်နှက်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

"သူတို့စစ်တဲ့အချိန်မှာ လူပိုတွေ့ရင် အဲအိမ် တအိမ်လုံးကို ဓာတ်ပုံရိုက်‌တာတွေလုပ်ပြီး ထိုင်ရစ်ပြီ။ အရင်ကဆို အိမ်တွေကိုသိပ်မစစ်ဘဲ အဆောင်တွေပဲစစ်ပေမယ့် အခုတော့ အကုန်စစ်တယ်။  အဲထက်ဆိုးတာက ရပ်ကွက်ကျော်ပြီး ညဘက်အိပ်ရင်တောင် သူတို့တွေက ဖမ်းနေတာ။ ဖမ်းပြီး ပြေပြေပြစ်ပြစ်ပြောတာ၊ ဆယ်အိမ်မှူးတို့နဲ့ သိတာ‌ဆိုရင်တော့ သက်သာတယ်" လို့ပြောပါတယ်။

ပုသိမ်မြို့မှာ ညမထွက်ရအမိန့်ကို ည ၁၂ နာရီမှ မနက် ၄ နာရီအထိ ထုတ်ထားပေမယ့် လူပြတ်တဲ့နေရာတွေမှာတော့ ည ၉ နာရီနောက်ပိုင်း ဖမ်းဆီးခံရတာတွေရှိနေပြီး ဖမ်းဆီးခံရတဲ့သူအများအပြားဟာလည်း မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧည့်စာရင်းတိုင်ကြားတဲ့စနစ်ကို အရပ်သား အစိုးရလက်ထက်က ဖျက်သိမ်းခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြန်လည်ကျင့်သုံးလာတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024