မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ နိုဝင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းက စစ်တပ် ထောက်ခံပွဲတခု ပြုလုပ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကမ်းနားလမ်း ညဈေးဟောင်းနေရာမှာ ညနေ ၃ နာရီလောက်က ပြုလုပ်တာဖြစ်ပြီး ထောက်ခံပွဲပြုလုပ်နေချိန်မှာ ထားဝယ်တံတားနဲ့ မြို့မတံတားအကြား ဖြတ်သန်းခွင့် မပေးသလို လုံခြုံရေးကို တင်းကျပ်ထားတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
WE LOVE MAWLAMYINE ဆိုင်းဘုတ်ရှေ့မှာ လမ်းပိတ်ပြီး ညဈေးဟောင်းကနေ ဟိုဘက်ထိပ်နဲ့ ဒီဘက်ထိပ်ကို လူတစုက လမ်းလျှောက်ပြီး ၁၅ မိနစ်ကြာလောက် ထောက်ခံပွဲလုပ်သွားတာဖြစ်ပါတယ်။
နိုဝင်ဘာ ၁၆ ရက်ညပိုင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံခဲ့ရပြီး မြို့တွင်းမှာလည်း ပစ်ခတ်လာနိုင်တာတွေရှိလို့ အခြေခံစားသောက်ကုန်တွေဝယ်ယူတာ ပိုများလာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။