Home
မြန်မာသတင်း
ချင်းပြည်နယ် ရိခေါဒါရ်မြို့ကို တော်လှန်ရေးအဖွဲ့များ ဆက်လက်ထိန်းချုပ်ထား
DVB
·
November 16, 2023

ရိခေါဒါရ်မြို့ဟာ အိန္ဒိယ-မြန်မာနယ်စပ် စစ်ရေးနဲ့ ကုန်သွယ်ရေး မဟာဗျူဟာကျတဲ့အတွက် နိုဝင်ဘာ ၁၃ ရက်နေ့မှာ သိမ်းယူခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ စစ်ရေး၊ စီးပွားရေး၊ သံတမန်ရေးလမ်း အားလုံးကို ဖြတ်တောက်နိုင်ဖို့ စတဲ့ရည်ရွယ်ချက်တွေ ထားခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး CNA/CNF တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိအချိန်မှာ ချင်းပြည်နယ်ရဲ့ ၇၅ ရာခိုင်နှုန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ စတဲ့ မြို့ပေါ်နေရာတချို့မှာပဲ စစ်ကောင်စီတပ်တွေ တပ်စွဲထားနိုင်ပြီး ထန်တလန်မြို့ကိုတော့ တဝက်စီ ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးစချိန်ကစပြီး လက်ရှိအချိန်အထိ ချင်းဒေသတွင်းတိုက်ပွဲတွေကြောင့် CNF တဖွဲ့တည်းက တပ်ဖွဲ့ဝင် ၈၀ နီးပါး အသက်ပေးခဲ့ရပြီး စစ်ကောင်စီဘက်ကတော့ ကာကွယ်ရေးအဖွဲ့တွေ စုပေါင်းတိုက်ခိုက်တာကြောင့် တပ်သား ၁,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ချင်းအမျိုးသားတပ်ဦးမှ ဆလိုင်းထက်နီက “ရိခေါဒါရ်မြို့ဟာ အမှတ် ၂ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကို ထိန်းတဲ့ တပ်စခန်းတခုဖြစ်တယ်။ မူးယစ်ဆေးဝါးတွေကအစ အိန္ဒိယဘက်က ဝင်လာတာတွေ အများကြီးရှိတယ်ကြားတယ်။ အဲ့ဒီလမ်းကြောင်းဟာ ရေရှည်အတွက် မလုံခြုံဘူးလို့ ကျနော်တို့တွက်တယ်။ အဲ့ဒီအပေါ်မှာ အခြေခံပြီးတော့မှ ကျနော်တို့က ဒီမြို့ကိုသိမ်းတာဖြစ်တယ်။ ခရီးသွားပြည်သူတွေ ကုန်သွယ်ကူးသန်း ရောင်းဝယ်နိုင်ဖို့ရယ်၊ ကျနော်တို့တပ်တွေ လုံခြုံရေးတွေ တွက်ပြီးတော့ အဲ့ဒီမဟာဗျူဟာ နည်းဗျူဟာတွေနဲ့ ကျနော်တို့ သိမ်းရခြင်းဖြစ်ပါတယ်။ စစ်ကောင်စီပြုတ်ကျဖို့ဆိုရင်တော့ စစ်ကောင်စီယန္တရား လည်ပတ်နေစေတဲ့ သံရေးတမန်ရေးကအစ စစ်ကောင်စီ သက်ဆိုးရှည်စေမယ့် စီးပွားကုန်သွယ်လုပ်ငန်းကအစ ကျနော်တို့ကတော့ တွန်းလှန်ရမှာပဲပေါ့နော်” လို့ ပြောပါတယ်။

အောက်တိုဘာ ၂၇ ရက်က မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းပြည်မြောက်ပိုင်း လားရှိုးကနေ မြောက်ဘက် တရုတ်နယ်စပ် ချင်းရွှေဟော်အထိ၊ လားရှိုးကနေ တောင်ဘက် ကွတ်ခိုင်၊ နမ့်ဖတ်ကာ၊ မူဆယ်အထိ ဆက်တိုက်ဖော်ဆောင်ပြီး အသာစီးယူနိုင်ခဲ့တာပါ။

တိုက်ပွဲတွေရဲ့ နောက်ဆက်တွဲအဖြစ် တရုတ်-မြန်မာ နယ်စပ်လမ်းကြောင်းတွေ ရပ်ဆိုင်းနေပါတယ်။ ထိုင်း-မြန်မာနယ်စပ် ကရင်နဲ့ ကရင်နီပြည်နယ်မှာလည်း တိုင်းရင်းသား လက်နက်ကိုင်တွေက ဆက်တိုက်ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်ရေးလမ်း အားလုံးကို စစ်ကောင်စီက မထိန်းနိုင်တော့တဲ့ အခြေအနေ ဖြစ်လာတာပါ။

ဒီအခြေအနေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေက တပြိုင်တည်း ဗျူဟာတကျ စစ်ရေးနဲ့အတူ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ သံတမန်ရေးကို ထိုးနှက်နိုင်ခဲ့တဲ့ အခြေအနေ ဖြစ်ပါတယ်။

မြန်မာ့အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက “အားလုံးစုစည်းပြီး တညီတညာတည်း ဝိုင်းပြီးတွန်းတာ ဖြစ်တဲ့အတွက်ကြောင့် တော်တော်ကိုလှတဲ့ပွဲပေါ့ဗျာ။ သေနင်္ဂဗျူဟာအရ တော်တော်ကောင်းတဲ့ပွဲ၊ စစ်ကောင်စီအတွက်တော့ တော်တော်အထိနာတဲ့ပွဲပဲ။ စစ်ရေးတင်မကဘူး အခုတော့ စီးပွားရေးတွေအတွက်ပါ ပါလာတဲ့အတွက်တော့ ပြည်သူလူထုအတွက်တော့ အားတက်စရာတွေချည်း နေ့တိုင်းကြားနေရတာပေါ့ဗျာ။ စစ်ကောင်စီက စီးပွားရေးအရ တော်တော်ခက်ခဲနေပုံရပါတယ်။ ဘယ်ဟာမှ သူ အဆင်မပြေပါဘူး။ ဒီဟာပိတ်လိုက်တော့ သူပိုဆိုးသွားတာပေါ့နော်။ ဒီလမ်းတွေက ပိတ်လိုက် ဖွင့်လိုက် ဖြစ်တာက ကိုဗစ်ဖြစ်တုန်းကတည်းက ဖြစ်တာလေ။ စီးပွားရေးအရ ထိခိုက်တာကတော့ တောက်လျှောက်ပဲ။ ဒီစစ်ကောင်စီအနေနဲ့တော့ ရှေ့လျှောက်ထိန်းနိုင်ဖို့ တော်တော့်ကိုမလွယ်ဘူးလို့ မြင်ရတာပဲဗျာ။ စစ်ဘက်ရော စီးပွားရေးဘက်ရော သူက တော်တော့်ကို အခြေအနေဆိုးနေပုံရပါတယ်” လို့ သုံးသပ်ပါတယ်။

ရှမ်းပြည်ဘက်က မဟာမိတ် ၃ ဖွဲ့ရဲ့ ထိုးစစ်ဟာ မန္တလေးနယ်စပ်အထိ ရောက်နေသလို စစ်ကိုင်း-မန္တလေးနယ်စပ်မှာ အရေးပါတဲ့ မတ္တရာ၊ စစ်ကိုင်း၊ ဝက်လက်၊ စဉ့်ကူး မြို့နယ်တွေမှာလည်း PDF တွေရဲ့ လှုပ်ရှားမှုကို ထိန်းချုပ်ဖို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးတွေအထိုင်ချ ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။

နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်းက လေကြောင်းပစ်ခတ်မှုကြောင့် မတ္တရာနယ် ကျောက်ဆည်လေးရွာသားတယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

မတ္တရာ PDF မှ ဆရာတိုးက “ကင်းထောက်လေယာဉ်လာတယ်။ အရင်လာဝဲပြီး နောက်ကျမှ အနောက်က ဗုံးချမယ့်လေယာဉ်က လာတာ။ အဲ့ဒါ မနက်က ၁၀ နာရီ ၅၅ လောက် ကျောက်ဆည်လေးရွာ ဘုန်းကြီးကျောင်းကို ဗုံးချတာ။ ၂ လုံးကျတဲ့အခါကြတော့ ကျောင်းဆောင်ရဲ့ အရှေ့တောင်ဘက် အိမ်တလုံးပေါ် ကျတယ်ပေါ့ဗျာ။ ကျောက်ဆည်လေးရွာသားတယောက် လက်ကိုထိခိုက်ဒဏ်ရာရတာရှိတယ်။ လက်ရှိအချိန်မှာကြတော့ ကင်းရွာရဲ့တောင်ဘက် အောင်သပြေဘိလပ်မြေစက်ရုံပေါ့၊ တောင်ပေါ်မှာ လက်နက်ကြီးတင်ထားပြီးတော့ အဲ့ဘက်ကနေ ကင်းရွာဘက်ကို ဦးတည်ပြီး ပစ်နေတာရှိတယ်။ နောက်တဆိုင်းကကြတော့ တောင်ကန်ရွာခေါ်တာပေါ့၊ ကင်းရွာရဲ့ အနောက်တောင်ဘက်ကနေပြီးတော့ အဲ့ဒီရွာကနေ လက်နက်ကြီးနဲ့ ကင်းရွာဘက်ကို ပစ်နေတာရှိတယ်။ နောက်တဖွဲ့ကကျတော့ ကျောက်တံတားဘက်ကနေ ကင်းရွာဘက်ကို လက်နက်ကြီးနဲ့ လှမ်းပစ်နေတာရှိတယ်” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ ကျဆုံးခဲ့တဲ့ PDF ရဲဘော်တွေ၊ မိသားစုတွေနဲ့ နစ်နာခဲ့ရတဲ့ ပြည်သူတွေအတွက် မမေ့မလျော့ တာဝန်ထမ်းဆောင်ဖို့ ကျန်ရှိနေတဲ့ ရဲဘော်တွေက သတိထားကြဖို့လိုတယ်လို့ စစ်ကိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ထွေးက တိုက်တွန်းပါတယ်။

စစ်ကောင်စီရဲ့ လက်ကျန်တပ်သားတွေအနေနဲ့ အလင်းဝင်လာမယ်ဆိုရင် ဂျီနီဗာကွန်ဗန်းရှင်း၊ စစ်သည်တော်ကျင့်ဝတ်တွေနဲ့အညီ အကူအညီပေးသွားမယ်လို့လည်း သူကပြောပါတယ်။

“ကျဆုံးသွားတဲ့ ကျနော်တို့ ရဲဘော်ရဲဘက်တွေရဲ့ မပြီးပြတ်သေးတဲ့ တာဝန်တွေကိုလည်း ကျနော်တို့ စိတ်ရင်းတူသူတွေက တာဝန်ထမ်းဆောင်ဖို့ လိုသလို တချိန်ချိန်မှာ ကျနော်တို့ မမေ့မ‌လျော့ စောင့်ရှောက်ကြရမယ့်တာဝန်တွေ၊ မပြီးမပြတ်သေးတဲ့ တော်လှန်ရေး တာဝန်တွေကို ထမ်းဆောင်ရလိမ့်မယ်လို့လည်း သတိပေးလိုတယ်၊ တိုက်တွန်းလိုတယ်။ သတိလည်းထားပါတယ်။”

အောက်တိုဘာ ၂၇ ရက်ကစပြီး လက်ရှိအချိန်အထိ ရက်သတ္တပတ် ၃ ပတ်အတွင်း ရှမ်းပြည်နယ်မှာ ချင်းရွှေဟော်၊ ပန်ဆိုင်း၊ မုန်းကိုး၊ နမ်ခမ်း၊ သိန္ဒီနဲ့ ကွမ်းလုံမြို့တွေကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က သိမ်းယူထားပြီး စစ်ကိုင်းတိုင်းမှာ ကောလင်းမြို့နဲ့ ခါမ်းပါတ်မြို့၊ ချင်းပြည်နယ်မှာ ရိခေါဒါရ်မြို့တွေကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက သိမ်းယူခဲ့တာကြောင့် စစ်ကောင်စီ လက်လွှတ်ခဲ့ရတဲ့မြို့ ၉ မြို့အထိ ရှိလာခဲ့ပါတယ်။

အဲ့ဒါအပြင် ကရင်နီနဲ့ ကရင်ပြည်နယ်တွေမှာ မြို့ပေါ်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး တိုင်းရင်းသား လက်နက်ကိုင်တွေက အသာစီးယူထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024