Home
မြန်မာသတင်း
ပုလဲ၊ တနင်္သာရီ၊ ပေါင်းတည်၊ ဝိုင်းမော်၊ ပခုက္ကူနှင့် တောင်တွင်းကြီးတို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
November 16, 2023

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ မြို့မရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ အထိုင်ချနေတဲ့ စစ်ကောင်စီအထိုင်စခန်းတွေကို နိုဝင်ဘာ ၁၅ ရက် မနက် ၇ နာရီကစတင်ပြီး ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။

တိုက်ပွဲက မနက် ၇ နာရီမှ နေလယ် ၁ နာရီခွဲအထိ အချိန်ကြာမြင့်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၁ တပ်ရင်းမှူး ကိုဥက္ကာက ပြောပါတယ်။

“တိုက်ပွဲကတော့ အတော်လေးပြင်းထန်တယ်ဗျ။ စခန်းသိမ်းခါနီးမှာ ဆားလင်းကြီးမြို့နယ် ကျာတက်ရွာကနေ အင်အား ၆၀ ကျော်နဲ့ စစ်ကူရောက်လာလို့ ကျနော်တို့ နောက်ကြောင်းပြန်ဆုတ်ခဲ့ရတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးကတော့ စစ်ကောင်စီတပ်ဘက်က ၇ ဦး ကျဆုံးတယ်လို့ ကနဦး သိထားရတယ်။ ကျနော်တို့သိထားရတာက ပုလဲမြို့ဒေသခံ ရဲတပ်သား ကံကောင်းနဲ့ စစ်သား ရဲဘော် ကိုကိုနိုင် ဆိုသူကတော့ နေရာတင်သေတယ်။ ကျန် ၅ ဦးကတော့ ရဲစခန်းထဲမှာ သေတာဆိုတော့ ကျနော်တို့ စုံစမ်းနေဆဲဖြစ်တယ်” လို့ ပြောပါတယ်။

အခုတိုက်ပွဲကို ယင်းမာပင်ခရိုင် တပ်ရင်း-၁၁ ကျားသစ်နက်အဖွဲ့က ဦးဆောင်ကာ ပခုက္ကူခရိုင်အမှတ်-၁၅ တပ်ရင်း ကျားသစ်နက်၊ ပခုက္ကူခရိုင်အမှတ်-၁၄ တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ်-၁၇ တပ်ရင်း တပ်ခွဲ -၂ သံမဏိသိန်းငှက်၊ ယင်းမာပင်ခရိုင် တပ်မဟာ စစ်ကြောင်းနဲ့ PCL (LDF) မြိုင်၊ နဂါးနီ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ (မြိုင်)၊ ယင်းမာပင်ခရိုင် တပ်ရင်း-၁၇၊ ယင်းမာပင်ခရိုင် တပ်ရင်း-၂၉ စတဲ့ ညီနောင်မဟာမိတ်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တနင်္သာရီတိုင်း မြိတ်မြို့နယ် တုံးဗျောကြီးရွာအုပ်စု မွှေ့ရှောင်ရွာတံတားအနီးမှာ အင်အား ၁ဝဝ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ခြေလျင်တပ်ကို အောက်တို့ဘာ ၁၅ ရက် မနက် ၈ နာရီလောက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက‌နေ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက "စစ်ကြောင်းက မွေ့ရှောင်ကနေ လယ်သစ်ဘက်ကို ထိုးလာတာကို မိုင်းဆွဲတာပဲ။ ခုလက်ရှိတော့ စစ်ကြောင်းဆက်မထိုးလာဘူး။ စကစဘက်က မိုင်းဆွဲခံရပြီးနောက် ရမ်းပစ်သေးတယ်။ လက်နက်ကြီးတော့မထုဘူး" လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီစစ်ကြောင်းက တပ်သား ၅ ဦးသေဆုံးကာ ၇ ဦးလောက် ထိခိုက်ဒဏ်ရာရကြတယ်လို့သိရပြီး ဒီဗွီဘီက အတည်ပြု‌နေဆဲ ဖြစ်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်က  ‌လက်နက်ငယ်တချို့နဲ့ ရမ်းသန်းပစ်ခတ်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း ကျွန်းစုမြို့နယ် မင်းဂုတ်ရွာအနီးစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်အား ‌မောင်းသူမဲ့ ဒရုန်းလေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့ရာ ပျူစောထီးအဖွဲ့ဝင်တ ဦး သေဆုံးခဲ့သေးတယ်လို့ တနင်္သာရီတိုင်းပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့က‌ ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှု ၂ ကြိမ်စလုံးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း စစ်ကြောင်း၂နဲ့တိုင်းပကဖလုံခြုံးရေးတပ်ဖွဲ့၊ တိုင်းစစ်ဌာန ဒရုန်းလက်ရုံးတပ်ဖွဲ့ (dragon squad) နဲ့ တိုင်းပကဖ လုံခြုံရေးတပ်ဖွဲ့တို့က လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ဘက်မှာ နိုဝင်ဘာ ၁၁ ရက်နေ့တည်းက စစ်ကောင်စီတပ်အင်အား အများအပြား စစ်ကြောင်းထိုးဝင်ရောက်နေပြီး တိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့်  မင်းဂုတ်၊ ပြင်ဝန်းကျေးရွာတို့ဘက်က ဒေသခံတွေ ဘေးလွတ်ရာကို  ထွက်ပြေးတိမ်းရှောင်နေကြရတယ်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၊ ကြို့ကုန်းရွာ အနောက်ဘက်ကုန်းပေါ်မှာ ခေတ္တနားနေတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်းမှာ တော်လှန်ရေးအင်အားစုတွေက စနိုက်ပါနဲ့ပစ်ခတ်လို့ စစ်ကောင်စီတပ်သားတဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

အင်အား ၂၃ ဦးခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို သတင်းကြိုရပြိး စောင့်ဆိုင်းပစ်ခတ်ခဲ့တယ်လို့ ပဲခူးတိုင်း၊ တိုင်းပကဖရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ဆိုပါတယ်။

“စကစက သူ့အာဏာတည်မြဲရေးအတွက် စစ်ကြောင်းထိုးတာဖြစ်တယ်လို့ ပြတ်ပြတ်သားသား ပြောချင်တယ်။ ပဲခူးရိုးမပေါ်မှာလည်း အခု တောက်လျှောက် စစ်ကြောင်းရှိနေတယ်။ လက်ဦးမှုရယူပြီး တိုက်ခိုက်မှုတွေ ကျနော်တို့ လုပ်မယ်။ တိုက်ပွဲပြီးသွားတိုင်း ကျနော်တို့ သတင်းထုတ်ပြန်သွားမယ်။” 

အဆိုပါတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်ခရိုင် တပ်ရင်း-၃၆၀၁၊ PPDF တပ်ရင်း Sniper တပ်ခွဲ-၂ နဲ့ ပြည်ခရိုင် တပ်ရင်း-၃၆၀၂၊ တပ်ခွဲ-၄ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ တော်လှန်ရေးအင်အားစုတွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ မော်တော်ယာဉ်နှစ်စီး တိုက်ခိုက်ခံရပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ အင်အား ၃၀ ကျော်ခန့်ပါတဲ့ မော်တော်ယာဉ်နှစ်စီးဟာ ရွှေညောင်ပင် ခြေမြန်တပ်ရင်း ခမရ ၃၂၁ ထဲကနေ မြစ်ကြီးနား-ဗန်းမော်လမ်းအတိုင်း မောင်းနှင်လာပြီး ဂါးရာယန်ကျေးရွာအနီးမှာ KIA/PDF ပူးပေါင်းတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒေသခံ အမျိုးသားတဦးက “မနက် ၁၁ နာရီကျော်လောက် ဂါးရာယန်ကျေးရွာ အဝင်မှာ တိုက်ခိုက်ခံရတာ။ KIA နဲ့ PDF အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ပြီး တိုက်ခိုက်တာ။ စစ်တပ်ဘက်က အကျအဆုံး အထိအခိုက် ရှိတယ်။ ကဇူးယန်မှာ ထိခိုက်သေဆုံးတဲ့ အလောင်းတွေ အောက်ကိုချနေတယ်။ ကျနော်တို့ တွေ့ရသလောက် သေဆုံးတဲ့သူ ငါးဦးလောက်နဲ့ ဒဏ်ရာရသူတွေ တွေ့ခဲ့ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုကိုတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်ကလည်း ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာ အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၃၂၁ တပ်ကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးဂိတ်စခန်းတခုနဲ့ စစ်ကောင်စီယာဥ်တန်းကို နိုဝင်ဘာ ၁၄ ရက် မနက်ကနေ ညနေအထိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ပူးပေါင်းကာ မောင်းသူမဲ့ လေယာဥ်ငယ်တွေနဲ့ ဗုံးသီး ၁၀ လုံးကျော်လောက် ဖြုတ်ချ တိုက်ခိုက်ခဲ့တယ်လို့ Young Force UG ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ ကားတစီး ထိခိုက်ပျက်စီးခဲ့ပြီး သွေးကွက်တွေ အများအပြား တွေ့ရတာကြောင့် သေဆုံးဒဏ်ရသူ များပြားနိုင်ပြီး အတိအကျ သိရှိနိုင်အောင် ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ-၂ က Young Force UG၊ သူရိန်တပ်ဖွဲ့၊ Black Cobra နဲ့ မြိုင်ပကဖ တပ်ရင်း-၁၊ MRTF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။

ပခုက္ကူမြို့နယ်မှာ နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းကလည်း ကျပ်ထိုးနယ်မြေရဲစခန်း အပါအဝင် နေရာ ၃ ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ပခုက္ကူမြို့နယ်ပကဖ တပ်ခွဲ-၂ Young Force UG ကနေ သိရပါတယ်။

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာလည်း နိုဝင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရတယ်လို့ မကွေးခရိုင် တပ်ရင်း-၂ ကနေ သိရပါတယ်။

တောင်တွင်းကြီး-ပြည် ကားလမ်းအတိုင်း မောင်းလာတဲ့ စစ်ကောင်စီကား ၄ စီးပါတဲ့ ထောက်ပို့ယဥ်တန်းကို နိုဝင်ဘာ ၁၃ ရက် နေ့လယ် ၁၂ နာရီခွဲလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ပရပ်ကြယ်ရွာနားမှာ ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မကွေးခရိုင်တပ်ရင်း-၂ တာဝန်ခံ ဗိုလ်စံသျှားက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီကားတစီး မီးလောင်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြား သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မကွေးခရိုင်တပ်ရင်း-၂၊ သရက်ခရိုင်တပ်ရင်း-၁၊ MGW နဲ့ တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မြန်မာတနိုင်ငံလုံး စစ်ရေးအရှိန် မြင့်တက်နေပြီး စစ်ကောင်စီလက်အောက်ခံ စစ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့ရင်ခွင်ကို တပ်ရင်း၊ တပ်ခွဲ၊ တပ်စုအလိုက် ခိုလှုံလာကြဖို့ တော်လှန်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း နိုင်ငံတကာက ပြဋ္ဌာန်းထားတဲ့ စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024