Home
မြန်မာသတင်း
စစ်ကောင်စီတပ်များ ပြည်သူနှင့်အမြန်ဆုံး ပူးပေါင်းရန် KNDF ဒု-စစ်ဦးစီးချုပ် ဖိတ်ခေါ်
DVB
·
November 16, 2023

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ကိုယ်တိုင်နဲ့ မိသားစုတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို အလေးထားတဲ့အနေနဲ့ လက်နက်နက်ချပြီး ပြည်သူဘက်ကို ပူးပေါင်းဖို့ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDF) ဒု-စစ်ဦးစီးချုပ်က  တိုက်တွန်းလိုက်ပါတယ်။

(KNDF) ဒု-စစ်ဦးစီးချုပ်မာဝီက“လက်ရှိအခြေအနေက ဒီနေ့ဆိုလို့ရှိရင် ၁၁၁၁ လုံးက ၅ ရက်မြောက်နေ့ ဖြစ်သွားပြီပေါ့နော်။ ၅ ရက်မြောက်နေ့မှာ အောင်မြင်မှုများစွာလည်းရှိနေတယ်။ ကျနော်တို့ရဲ့ စစ်အင်အား၊ ကျနော်တို့ရဲ့ တိုက်လိုက်နိုင်စွမ်း၊ ကျနော်တို့ရဲ့ စစ်ဗျူဟာကို ပေါ်ပေါ်ထင်ထင် ပြသလိုက်တာလည်းဖြစ်တယ်ပေါ့နော်။ အဲဒါကြောင့်မို့လို့ ဒီစစ်ကောင်စီဘက်မှာရှိနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေက ကိုယ့်မိသားစုတွေ၊ ကိုယ်ကိုယ်နှိုက်ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို အလေးထားသောအားဖြင့် လက်နက်နက်ချပြီးတော့မှ ပြည်သူဘက်ကို ပူးပေါင်းဖို့ရာအတွက် ကျနော်တို့တိုက်တွန်းလိုတယ်။ ဒီ ၅ ရက်တာအတွင်းမှာ သူတို့ချထားတဲ့ တပ်တွေဟာ ဘယ်လိုမျိုးကျရှုံးခဲ့လဲ၊ ဘယ်လိုမျိုးဖြစ်ခဲ့လဲဆိုတာကို သူတို့အားလုံးရဲ့အသိပဲဖြစ်တယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အသိဆုံးပဲဖြစ်တယ်"လို့ ပြောပါတယ်။

၁၁၁၁ စစ်ဆင်ရေး ၅ ရက်မြောက်အတွင်း  စစ်ကောင်စီတပ်နဲ့  ရဲတပ်ဖွဲ့ဝင်တွေ အများအပြား သေဆုံးပြီး စစ်ကောင်စီက စစ်ကူပေးပို့တာလည်း မရှိဘဲ အောက်ခြေစစ်သားတွေကို အတုံးအရုံးနဲ့ စတေးခိုင်းနေတာလို့  KNDF ဒု-စစ်ဦးစီးချုပ်က ပြောပါတယ်။

“သူတို့ရဲ့ အတုံးအရုံး ကျဆုံးမှုတွေဟာ ကျနော်တို့တောင်မှ dead body တွေကိုကြည့်ရတာ သွေးပျက်လောက်တဲ့အထိကို သူတို့ရဲ့အတုံးအရုံးကျဆုံးမှုတွေ ဖြစ်နေတယ်။ သူတို့ရဲ့လူကြီးတွေဟာ သူတို့ကို စစ်ကူမျိုးတွေမပို့ပေးဘူး။ သူတို့လိုအပ်တဲ့ စားနပ်ရိက္ခာတွေ မပို့ပေးဘူး။ သူတို့ကို ဘာပဲပို့ပေးလဲဆိုရင် ကျည်ဆန်တွေပဲ ပို့ပေးတယ်။ ကျနော်တို့ဒီနေ့ သိမ်းဆည်းရမိတဲ့ အထဲမှာဆိုလို့ရှိရင် သူတို့တကယ်ကို လူ့ဂုဏ်သိက္ခာနဲ့အညီ စားဖို့သောက်ဖို့ အစားသောက်တွေ၊ အစားအစာတွေကို သေချာမတွေ့ရဘဲနဲ့ ပုံးလိုက်၊ ပုံးလိုက် ကျည်ဆန်တွေကိုပဲ ကျနော်တို့ တွေ့ရတယ်ပေါ့နော်။ အဲတော့ ဒါစစ်ကောင်စီဘက်က လူကြီးတွေက ရှင်းရှင်းလင်းလင်းကို ဖော်ပြနေပြီ၊ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို စားရလား၊ သောက်ရလား၊ အိပ်ရလား၊ ဂရုမစိုက်ဘူး။ သူတို့ဖြစ်ချင်တဲ့အရာတွေကို ဖြစ်နိုင်ဖို့၊ ရနိုင်ဖို့ရာအတွက်ကို ဒီအောက်ခြေစစ်သားတွေကို အသေခံခိုင်းနေတယ်။ အောက်ခြေစစ်သား အတုံးအရုံးနဲ့ကို စတေးနေတယ်ဆိုတဲ့ အခြေအနေတခုကို သွားတွေ့ရပါတယ်။”

ဒါကြောင့် ကရင်နီပြည်နယ် လွိုင်ကော်မှာရှိတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အမြန်ဆုံး ပြည်သူလူထုနဲ့ ပူးပေါင်းကြဖို့၊ လက်နက်ချ အလင်းဝင်လာတဲ့သူတွေကိုလည်း လူ့ဂုဏ်သိက္ခာနဲ့အညီ စောင့်ရှောက် ဆက်ဆံသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၁၁၁၁ စစ်ဆင်ရေး ၄ ရက်မြောက်နေ့မှာ စစ်သုံ့ပန်း အများအပြား ဖမ်းဆီးရမိခဲ့ပြီး ကောင်းကောင်းမွန်မွန် ထားရှိပေးကြောင်း၊ ဒဏ်ရာရသူအားလုံးကိုလည်း ဆေးကုသမှုပေးထားပြီး စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေ၊ အဝတ်အထည်တွေကိုလည်း အားလုံး စီစဉ်ပေးထားတယ်လို့ KNDF ဒု-စစ်ဦးစီးချုပ်က ပြောပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီလက်အောက်ကနေ တဦးချင်းအလိုက်၊ အစုအဖွဲ့အလိုက်၊ တပ်ရင်းတပ်ဖွဲ့အလိုက်၊ ဌာနအဖွဲ့လိုက် ပြည်သူနဲ့ ပူးပေါင်းကြဖို့လည်း တိုက်တွန်းထားပါတယ်။

KNDF ဒု-စစ်ဦးစီးချုပ်မာဝီက“အဲလိုပူးပေါင်းဖို့ လက်နက်ချဖို့၊ အလံဖြူပြဖို့ကတော့ အာမခံချက်အနေနဲ့ကတော့ လူချည်းပဲ လာလို့မရပါဘူး။ ကိုယ့်မှာ တပ်ဖွဲ့ဝင်တိုက်ခိုက်တဲ့ စစ်လက်နက်ပစ္စည်းအသုံးအဆောင်တွေနဲ့အတူ လက်နက်ချပေးဖို့ရာအတွက်ကို ကျနော်တို့က တောင်းဆိုလိုတာဖြစ်ပါတယ်။ အဲတော့ အဲဒီနောက်ဆက်တွဲမှာ ကျနော်တို့က တာဝန်ယူမှု၊ တာဝန်ခံမှု ကြီးကြီးမားမားနဲ့ကို ဒီလူတွေအပေါ်မှာ ကျနော်တို့ ဆက်ဆံသွားမှာဖြစ်တယ်။ ကျနော်တို့ လိုချင်တဲ့၊ ကောင်းမွန်တဲ့ လူမှုအသိုက်အဝိုင်းတခု၊ အနာဂတ်တခုကို  ကျနော်တို့ တည်ဆောက်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ငြိမ်းချမ်းသောနည်းဖြင့်၊ တရားသောနည်းဖြင့် ကျနော်တို့သွားမှာဖြစ်တဲ့ အတွက်ကြောင့်မို့ စိတ်ထဲမှာ ဘာမှ ပူပန်သောကတွေ မရှိဘဲနဲ့ ပြည်သူဘက်ကို အကြောင်းကြားဖို့ရာအတွက် ပူးပေါင်းဖို့ရာအတွက် ကျနော်တို့ တောင်းဆိုလိုပါတယ်။ ဒါက နှစ်ဦးနှစ်ဖက် အနည်းဆုံးနဲ့ကျနော်တို့ ပြသနာကို ပြေလည်စေနိုင်တဲ့ နည်းလမ်းဖြစ်သလို အေးအေးချမ်းချမ်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနည်းလမ်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့နဲ့ အမြန်ပူးပေါင်းပါ။ ကျနော်တို့နဲ့အတူတူ လက်နက်ချပေးပါ။ လက်နက်မချဘူးဆိုရင်လည်း ကျနော်တို့ စစ်ရေးအရ ကျနော်တို့ ဆက်တိုးမှာဖြစ်တယ်။ အခုဆိုရင်လည်း ကျနော်တို့အားလုံး ဝိုင်းထားတဲ့ တချို့အခြေအနေတွေ ရှိတယ်။ ဒါကြောင့်မို့လို့  နှစ်ဦးနှစ်ဖက်အဆင်ပြေသောနည်းလမ်းဖြစ်တဲ့ လက်နက်ချခြင်း၊ ပြည်သူဘက်ကို ပူးပေါင်းခြင်းဆိုတဲ့ဟာကို ပြုလုပ်ပေးပါလို့ ကျနော်တို့ တောင်းဆိုလိုတယ်"လို့ ပြောပါတယ်။

ကရင်နီ(ကယား)ပြည်နယ်မှာ နိုဝင်ဘာ ၁၁ ရက်ကစပြီး ဖော်ဆောင်နေတဲ့ ၁၁၁၁ စစ်ဆင်ရေးရဲ့ ၃ ရက်နဲ့ ၄ ရက်မြောက်နေ့မှာ စစ်ကောင်စီလက်အောက်ခံ တပ်မ ၆၆ က တပ်သား ၃၂ ဦး လက်နက်ချ အညံ့ခံတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က နိုဝင်ဘာ ၁၅ ရက်က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024