Home
မြန်မာသတင်း
ရဲစခန်းများကို အေအေ သိမ်းပိုက်၊ ရဲတပ်ဖွဲ့ဝင်များအလင်းဝင်၊ ရသေ့တောင်ရဲစခန်းမှူးကို စစ်တပ်က ဖမ်းဆီး
DVB
·
November 16, 2023

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့မရဲစခန်းကို နိုဝင်ဘာ ၁၅ ရက် ညပိုင်း ၁၂ နာရီ ကျော်လောက်မှာ  ရက္ခိုင့်တပ်တော် (အေအေ) က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူက ဒီဗွီဘီကို ​ပြောပါတယ်။

အဲဒီရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း လက်နက်ချ အလင်းဝင်ခဲ့ပြီး ၂ ယောက်ကတော့ လက်နက်မချဘဲ ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်လို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းမှာ ပေါက်တောမြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်းမှူး အပါဝင် ရဲတပ်ဖွဲ့ဝင် ၃၀ ကျော်ကို ရက္ခိုင့်တပ်တော် (အေအေ) က ခေါ်ဆောင်သွားပြီလို့ ပြောပါတယ်။

အဲဒီရဲစခန်းကို ဝင်သိမ်းတဲ့အချိန်မှာ လက်နက်ကြီးတွေ၊ မိုင်းတွေ မြေကြီးမှာမြှုပ်ထားတာ တွေ့ရပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိကာ ရဲစခန်းကိုတော့ ရက္ခိုင့်တပ်တော်က ထိန်းချုပ်ထားကာ ရက္ခိုင့်တပ်တော်အလံကို လွှင့်ထူထားတယ်လို့ ဆိုပါတယ်။

ပေါက်တောမြို့မှာ နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီရေတပ်ရဲ့ ဇက်ရေယာဥ်က မြန်မာ့စီးပွားရေးဘဏ်မှာရှိတဲ့ ငွေတွေကို သိမ်းယူသွားတယ်လို့ ပြောပါတယ်။

မောင်တောမြို့နယ်မှာလည်း ​ ရန်အောင်ပြင်စခန်းက ရဲမှူးတဦးနဲ့ ဘူးသီးတောင်နယ်မှ ရဲတပ်သား ၄ ဦးတို့ နိုဝင်ဘာ ၁၆ ရက်က အေအေထံ ခိုလှုံခဲ့ကြပါတယ်။

ရဲစခန်းကအမည်မဖော်လိုသူတဦးက “ရဲမှူးက ရန်အောင်ပြင်ရွာကိုသွားမယ်ဆိုပြီး ထွက်သွားတာ။ တပ်ဖွဲ့ဝင်တွေကို အသိမပေးခဲ့ဘူး။ သိရတာတော့ အေအေဘက်ကို ခိုလှုံသွားပြီလို့ သိရတယ်” လို့ ပြောပါတယ်။

အဲဒီရဲမှူး အေအေထံ ခိုလှုံပြီးနောက် စခန်းကို စစ်တပ်က ဝင်ရောက်ထိန်းချုပ်ထားကြောင်း ဒေသခံတွေထံက သိရပါတယ်။

အလားတူ ဘူးသီးတောင်မြို့နယ် ခထီးလှ (ကထီးလှ) ကျေးရွာရှိ ရဲစခန်းက ရဲတပ်ဖွဲ့ ၄ ဦးလည်း အေအေထံ လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း မျက်မြင်ဒေသခံတဦးက ပြောပါတယ်။

“ရဲတပ်ဖွဲ့ဝင် ၄ ဦးက အေအေနဲ့ မတိုက်ခိုက်ချင်လို့ သူတို့အသိစိတ်နဲ့ လက်နက်ချ အလင်းဝင်ရောက်သွားကြတာ။”

မနေ့ကလည်း ကျောက်တော်မြို့မရဲစခန်းတခုလုံး ရက္ခိုင့်တပ်တော် (အေအေ) ထံ လက်နက်ချ အလင်းဝင်ရောက်လာခဲ့ကြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်မတိုက်ချင်တဲ့အတွက် အလင်းဝင်ရောက်လာသူ များပြားနေကြောင်း စစ်ရေးလေ့လာသူတွေထံက သိရပါတယ်။ အေအေကလည်း အလင်းဝင်ရောက်လာသူတွေကို လုံခြုံတဲ့နေရာတွေမှာ ထိန်းသိမ်းထားကြောင်း သိရပါတယ်။

ရခိုင်မှာ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ၃ ရက်တာကာလအတွင်း လက်နက်ချ အလင်းဝင်လာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ခန့် ရှိနေပြီဖြစ်ကြောင်း သတင်းအချက်အလက်တွေအရ သိရပါတယ်။

ရသေ့တောင်မြို့နယ်မှာတော့ နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းက မြို့မရဲစခန်းမှူး အပါအဝင် ရဲ ၁၆ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရသေ့တောင်မြို့မရဲစခန်းမှူးနဲ့ ရဲ ၁၆ ယောက်ကို မနေ့ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးကာ စစ်ကားတွေနဲ့ ခလရ ၅၃၇ တပ်ရင်းထဲကို ခေါ်သွားကြတယ်လို့ ရသေ့တောင်မြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“စခန်းမှူး အပါအဝင် ရဲတွေကို ဖမ်းခေါ်သွားတာ ဟုတ်ပါတယ်။ အဲဒါက စစ်ကောင်စီရဲ့ လှည့်ကွက်ပုံစံမျိုးလည်း ဖြစ်နိုင်ပါတယ်။ လက်ရှိအချိန်မှာက အဲဒီရဲစခန်းထဲမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်တပ်စွဲထားတယ်။”

ဒါ့အပြင် သင်္ဘောတောင်နဲ့ စေတီတောင်မှာလည်း လက်နက်ကြီးတွေထိုင်ထားပြီး ပြည်လုံးချမ်းသာ စစ်ဘေးရှောင်စခန်းမှာလည်း စစ်ကောင်စီတပ်သားတွေ တပ်စွဲ နေရာယူထားတယ်လို့ ပြောပါတယ်။

မြေပုံမြို့နယ်မှာ နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းက စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်စထိမှန်ကာ ပြည်သူ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြေပုံမြို့နယ်၊ စညှင်းရွာတောင်ကုန်းမှာ တပ်စွဲထားတဲ့ ခလရ ၅၄၄ တပ်ရင်းက မနေ့ ညနေ ၄ နာရီကျော်လောက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြတာလို့ မြေပုံမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ အင်ကြင်းကျေးရွာမှာ ကျရောက်ပေါက်ကွဲကာ အသက် ၁၂ နှစ်အရွယ် မောင်ဖြိုးနိုင်ဌေး၊ အသက် ၃၁ နှစ်အရွယ် ကိုပထုပ်နဲ့ အသက် ၂၃ နှစ်အရွယ် မခင်ခင်မြင့်တို့မှာ လက်နက်ကြီးကျည်စထိမှန်ပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဘူးသီးတောင်မြို့ကိုတော့ စစ်ကောင်စီက အရေးပေါ်အခြေအနေအရ နိုဝင်ဘာ ၁၅ ရက် နေ့လယ် ၁၂ နာရီကျော်ကစပြီး စျေးနဲ့ မြို့ပတ်လည်ဆိုင်တွေအားလုံး ပိတ်ခိုင်းထားပြီး ကင်းပုန်းဝပ် ပိတ်ဆို့ထားကြောင်း ဘူးသီးတောင်ဒေသခံတွေက ပြောပါတယ်။

ဘူးသီးတောင်မြို့ခံ စျေးသည်အမျိုးသမီးတဦးက “နေ့လယ် ၁၂ နာရီကတည်းက ပိတ်ခိုင်းထားတာပါ။ စျေးတွေလည်း ပိတ်လိုက်ရတယ်။ လူတွေ အပြင်ကိုမထွက်ကြတော့ဘူး။ ဆိုင်ကယ်နဲ့ သုံးဘီးတွေလည်း မသွားကြတော့ မြို့က တိတ်ဆိတ်နေပါတယ်။ လူတွေကတော့ အပြင်မထွက်ရဲကြတော့ဘူး။ အိမ်မှာပဲ နေထိုင်နေကြရတယ်။ နောက်ပိုင်းမှာ ဘာတွေဖြစ်လာမလဲဆိုတာ အများကြီး စိုးရိမ်နေကြရတယ်” လို့ ပြောပါတယ်။

မောင်တောကို ဘူးသီးတောင်ဘက်က ထောက်ပို့လာတဲ့ စစ်ကား ၃ စီးကို နိုဝင်ဘာ ၁၅ ရက် မနက်အရုဏ်က မောင်တော ၆ မိုင် တံတားအကျော်မှာ အေအေက စီးနင်းတိုက်ခိုက်ရာ ကား ၂ စီး သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဘူးသီးတောင်မြို့မှာ လက်နက်ကြီး စမ်းသပ်ပစ်ခတ်မယ်ဆိုပြီး ဒီနေ့ ၁၂ နာရီ နောက်ဆုံးထား စျေးနဲ့ ဆိုင်တွေအားလုံး ပိတ်ခိုင်းထားတာပါ။

အခုလို ပြည်သူလူထုအပေါ် အလေးမထားဘဲ အကြောက်တရားတွေဝင်အောင် လုပ်ဆောင်နေကြတာဖြစ်ပြီး ရေရှည်မှာ မရနိုင်တော့ဘူးလို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ဆိုပါတယ်။

“ရခိုင်မှာတော့ စကားပုံရှိတယ်ဗျ။ အဂျိုမနိုင် နားရွက်လိမ် ဆိုပြီးတော့ရှိတယ်။ အခုလည်း ULA/AA ကို တိုက်မနိုင်တော့ ပြည်သူတွေဘက်ကို ပစ်မှတ်ထားခဲ့တာ အရင်ကလည်းရှိတယ်၊ အခုလည်း အဲ့ဒီသဘောပါ။ ဒီလိုလုပ်တာက နိုင်ငံတကာရဲ့ စစ်ရာဇဝတ်မှုလည်း မြောက်တယ်။ စစ်စည်းကမ်းဥပဒေနဲ့လည်း မညီဘူး။ ပြည်သူတွေကိုပဲ အပြစ်မြင်နေတယ်ဆိုတော့ စစ်ကောင်စီမှာ နောက်ဆုံးလုပ်ရပ်လို့ပဲ မြင်တယ်။ ဘယ်လိုပဲလုပ်လုပ် လူထုကို အကြောက်တရားလုပ်တဲ့ သဘောပါ။ ရေရှည်မှာတော့ မရနိုင်ဘူးဗျ။ နောက်ထပ် ဘယ်လိုဖြစ်လာမလဲ ဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ သူတို့ ဘယ်လောက်ပဲလုပ်ပါစေ၊ ရခိုင်တွေအနေနဲ့ တိုက်ပွဲတွေကြုံလာတာလည်း အတွေ့အကြုံတွေ ရှိပြီးသားပါ။ ဒီအချိန်မှာ အရင်ကလို အင်အားအလွန်အကျွံသုံးပြီး လုပ်လာနိုင်မယ့် အနေအထားလည်း မရှိပါဘူး။ တဖက်ဖိရင် တဖက်က ပိုဖိအားပေါ်လာလိမ့်မယ်။ အဲဒါကြောင့် သူတို့လုပ်ဆောင်ချက်တွေက ထိရောက်မှုရှိမယ် မထင်ပါဘူး။”

ဘူးသီးတောင်မြို့ သွေးလှူရှင်များအသင်း ဥက္ကဋ္ဌလည်းဖြစ် ဘူးသီးတောင် အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးလည်းဖြစ်တဲ့ အသက် ၄၈ နှစ်ကျော်အရွယ် ဦးထွန်းအေးနဲ့ ဒေသခံ ကုလားကြီးတို့ကို ညသန်းခေါင်အချိန်က သူတို့နေအိမ်တွေကနေ စစ်ကောင်စီက ကား ၅ စီး၊ အင်အား ၁၀၀ ကျော်နဲ့ လာရောက်ဝိုင်းရံဖမ်းဆီးပြီး မျက်နှာဖုံးစွပ် ဖမ်းဆီးသွားပါတယ်။

နိုဝင်ဘာ ၁၄ ရက် ညနေ ၄ နာရီလောက်ကလည်း ဘူးသီးတောင်မြို့၊ ကုလားပန်းဇင်ချောင်း တံတားအောက်မှာ ဘူးသီးတောင်မြို့နယ်ရှိ ခမရ ၅၅၂ က တပ်ကြပ်ကြီးတဦး ချွန်ထက်တဲ့ အရာနဲ့ အထိုးခံရပြီး သေဆုံးသွားခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေးမေးမြန်းဖို့ ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ဒေသခံတချို့က ထင်ကြေးပေးကြပါတယ်။

အလားတူ နိုဝင်ဘာ ၁၃ ရက်ကလည်း ဘူးသီးတောင်မြို့နယ် ညောင်ချောင်းစျေးမှာ စျေးဝယ်နေတဲ့ နယ်ခြားစောင့်ရဲတပ်ကြပ်ကြီး တင်မြထွန်း အနီးကပ် သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ညောင်ချောင်းဒေသခံတွေထံက သိရပါတယ်။

ရခိုင်ဒေသအတွင်းရှိ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အသက်မသေဘဲ မိသားစု၊ ဆွေမျိုး၊ မောင်နှမတွေနဲ့ ကောင်းမွန်စွာတွေ့ခွင့်ရလိုပါက မိမိတို့ရဲ့ နီးစပ်ရာစခန်းတွေကို အမြန်ဆုံးဆက်သွယ်ပြီး လက်နက်ချအညံ့ခံဖို့ အေအေက အသိပေး ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024