Home
မြန်မာသတင်း
ရွှေပေါက္ကံစက်မှုဇုန်နှင့် သာကေတတို့တွင် မီးလောင်မှုဖြစ်ပွား
DVB
·
October 27, 2023

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်နဲ့ သာကေတမြို့နယ်တို့မှာ အောက်တိုဘာ ၂၇ ရက်က ဝါယာရှော့ဖြစ် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။

ရွှေပေါက္ကံစက်မှုဇုန်၊ ကနောင် ၇ လမ်းရှိ ရော်ဘာဆိုးပြားထုတ်လုပ်တဲ့ စက်ရုံမှာ မနက်အစောပိုင်း ၄ နာရီခွဲလောက်က မီးလောင်ခဲ့တာ ဖြစ်ပါတယ်။

မီးလောင်မှုဟာ စက်ရုံ ၂ ထပ် အဆောက်အဦရဲ့ အပေါ်နေရာကနေ စတင်ခဲ့တာဖြစ်ပြီး ကုန်ကြမ်းပစ္စည်းတွေက လောင်စာအားကောင်းနေတာကြောင့် Level 1 ဆင့်ခေါ် ငြှိမ်းသတ်ခဲ့ရပါတယ်။

မီးလောင်မှုနေရာကို မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ် မီးသတ်ယာဉ်တွေနဲ့ အရပ်ဘက်အသင်းတွေ ပူးပေါင်းငြှိမ်းသတ်ခဲ့ကြပြီး မနက် ၄ နာရီ ၄၂ မိနစ်မှာ မီးထိန်းနိုင်ကာ ၄ နာရီ ၄၅ မိနစ်မှာ မီးငြိမ်းသွားပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “စက်မှုဇုန်ထဲက ဆိုးပြားရုံ မီးလောင်တာပါ။ မီး‌တောက်က အဲ့လောက်မရှိဘူး။ ပစ္စည်းတွေများလို့ မီးခိုးက လှိုက်ထွက်တာ၊ Level 1 ခေါ်တယ်၊ ၅ နာရီမထိုးခင်လောက် ငြိမ်းသွားတယ်” လို့ ပြောပါတယ်။

သာကေတမြို့နယ်၊ အနော်မာ ၁ ရပ်ကွက်၊ အနော်မာ ၁၅ လမ်းရှိ တိုက်တလုံးရဲ့ ၃ လွှာမှာ နေ့လယ် ၁၂ နာရီ ၄ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေး အသင်းတွေက ပြောပါတယ်။

မီးလောင်မှုဟာ ၆ ထပ်တိုက်ရဲ့ ၃ လွှာမှာ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး အိမ်ရှင်တွေ အပြင်သွားနေချိန်မှာ အိမ်ခန်းအတွင်းကနေ ဝါယာရှော့ဖြစ် မီးစလောင်ခဲ့တာ ဖြစ်ပါတယ်။

မီးလောင်မှုနေရာကို သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ အရှေ့ပိုင်းခရိုင်တို့က မီးသတ်ယာဥ်အုပ်စု၊ မဟော်သဓာအသင်း၊ ပေးဆပ်သူတို့နှလုံးသား၊ သာကေတလူမှုကူညီရေး အသင်းနဲ့ တခြားအသင်းတွေရဲ့ ရေသယ်ယာဉ်တွေက ပူးပေါင်းငြှိမ်းသတ်ခဲ့တာ ဖြစ်ပါတယ်။

မဟောသဓာအသင်း တာဝန်ရှိသူတဦးက “တိုက်ခန်း ၃ လွှာက သော့ခတ်ထားတဲ့အခန်း လောင်တာ။ လူတော့ မရှိဘူး၊ တခန်းလုံးနီးပါးပါပဲ၊ လူထိခိုက်မှုတော့ မရှိဘူး” လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် တိုက်ခန်းအတွင်းပိုင်း ၁ ခုလုံးနဲ့ အိမ်သုံးပစ္စည်းတွေနဲ့ သစ်သားနံရံတွေ မီးစွဲလောင်သွားပြီး နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်မှာ မီးငြိမ်းသွားပါတယ်။

မီးလောင်မှု ၂ ခုစလုံးရဲ့ ပျက်စီးဆုံးရှုံးမှု တန်ဖိုးတွေကို သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့တွေက စစ်ဆေးတွက်ချက်နေဆဲဖြစ်ပြီး မီးလောင်မှုအတွင်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်ကလည်း ရန်ကုန်၊ ဒေါပုံမြို့နယ်၊ ဇေယျာသီရိရပ်ကွက်ရှိ ပရိဘောဂဆိုင်တခုမှာ Level 1 အဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024