Home
နိုင်ငံတကာ
အစ္စရေးကို ဟားမတ်စ်တိုက်ခိုက်မှုအတွင်း တရုတ်နိုင်ငံသား ၃ ဦးသေဆုံး
DVB
·
October 12, 2023

အစ္စရေးမှာ ပါလက်စတိုင်း ဟားမတ်စ် စစ်သွေးကြွအဖွဲ့ရဲ့ ပြီးခဲ့တဲ့သီတင်းပတ်က တိုက်ခိုက်မှုအတွင်း တရုတ်နိုင်ငံသား ၃ ဦး သေဆုံးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၂ ရက်မှာ ပြောပါတယ်။

နောက်ထပ် နိုင်ငံသား ၂ ဦး ပျောက်ဆုံးနေပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေရဲ့ မိသားစုတွေကိုလည်း အထူးဝမ်းနည်းစာနာကြောင်း ပြောရေးဆိုခွင့်ရှိသူ ဝမ်‌ဝင်ဘင်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

သက်ဆိုင်ရာ တရုတ် နိုင်ငံရပ်ခြား သံတမန်မစ်ရှင်တွေက ဒဏ်ရာရသူတွေကို ကုသဖို့နဲ့ သေဆုံးသူတွေရဲ့ နောက်ဆက်တွဲပြဿနာတွေကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းပေးဖို့အတွက် ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။

တခြားပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့နဲ့ တရုတ်ဝန်ထမ်းတွေနဲ့ အဖွဲ့အစည်းတွေရဲ့ ဘေးကင်းရေးအတွက် ထိရောက်တဲ့ အစီအမံတွေ လုပ်ဆောင်ဖို့ နိုင်ငံခြားအဖွဲ့အစည်းတွေကို တိုက်တွန်းထားတယ်လို့လည်း ဝမ်ဝင်ဘင်က ပြောပါတယ်။

တရုတ်နဲ့ အာရပ်နိုင်ငံတွေဟာ ပါလက်စတိုင်းကိစ္စမှာ သဘောထားတွေကို ဝေမျှထားကြပြီး နှစ်ဦးနှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲဖို့နဲ့ ဗုံးကြဲချတာတွေကို အမြန်ဆုံးရပ်တန့်ဖို့ တောင်းဆိုထားကြောင်းနဲ့ အရပ်သားတွေအပေါ် လုပ်ရပ်တွေကို ရှုတ်ချပြီးတော့ အခြေအနေတွေ ပိုဆိုးလာမှာနဲ့ လူသားချင်းစာနာတဲ့ ဘေးအန္တရာယ်တွေ မဖြစ်အောင် တားဆီးနေကြောင်းလည်း ဆိုပါတယ်။

ပါလက်စတိုင်း ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုတွေပေးဖို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အမြန်ဆုံး ပြန်စတင်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက သူ့ရဲ့အခန်းကဏ္ဍကို ထိထိရောက်ရောက် ပါဝင်သင့်တယ်လို့ ယုံကြည်နေကြောင်းလည်း ပြောသွားပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ သေဆုံးသူဦးရေဟာ ၁,၂၀၀ ထိ ရှိလာပြီး ဒဏ်ရာရရှိသူ ၅,၆၀၀ လောက်ရှိကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနကို ကိုးကားပြီး ပါလက်စတိုင်းမီဒီယာတွေက အစီရင်ခံပါတယ်။

အစ္စရေးဘက်မှာလည်း သေဆုံးသူဦးရေ အခုခါ ၁,၂၀၀ ရှိပြီး ဒဏ်ရာရသူ ၂,၇၀၀ ကျော်ရှိကြောင်း အစ္စရေးစစ်တပ်က ဆိုပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024