Home
မြန်မာသတင်း
တပတ်အတွင်း စီးပွားရေးသတင်း ( ဆန်၊ စပါး၊ မြေပဲ၊ ငရုတ်) 
DVB
·
October 7, 2023

ဒီတပတ်အတွင်းမှာတော့ သမိုင်းတလျှောက်အမြင့်ဆုံးရောက်နေတဲ့ ပြည်တွင်းဆန်ဈေးနဲ့ စပါးဈေးနှုန်းကျဆင်းသွားပြီး ပြည်ပကိုတော့ ဆန်ပိုပြီး ပို့နိုင်ခဲ့ပါတယ်။

မြေပဲနဲ့ မြေပဲဆီဈေးလည်း ကျဆင်းသွားပြီး ပြည်ပအဝယ်မရှိတာကြောင့် ငရုတ်ခြောက်ဈေးလည်း ထက်ဝက်ကျော်ကျဆင်းသွားပါတယ်။

ပြည်တွင်းဆန်ဈေးပြန်ကျ

သမိုင်းတလျှောက် အမြင့်ဆုံးရောက်နေတဲ့ ပြည်တွင်းဆန်ဈေးနှုန်းဟာ ဆန်အသစ်တွေ‌ ‌ပေါ်လာပြီးနောက်ပိုင်း ဆန်တတင်းကို ကျပ် ၅,၀၀၀ ကနေ ၁၀,၀၀၀ အထိ ပြန်လည်ကျဆင်းခဲ့တယ်လို့ ဆန်ရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေဆီကနေ သိရပါတယ်။

စက်တင်ဘာ ၂၉ ရက် အပိတ် ကုန်စည်ဒိုင်ဈေးနှုန်းအရ မနောသုခဆန် တအိတ်ကို ကျပ် ၈၀,၀၀၀၊ ကျားပျံရှယ်တအိတ်ကို ၁၃၀,၀၀၀၊ ဧရာဝတီပေါ်ဆန်းမွေး တအိတ်ကို ကျပ် ၁၂၅,၀၀၀ အထိ ရှိခဲ့ပါတယ်။

အောက်တိုဘာ ၂ ရက် ဝါးတန်းကုန်စည်ဒိုင် အဖွင့်ဈေးနှုန်းကတော့ မနောသုခဆန် တအိတ်ကို ကျပ် ၇၅,၀၀၀၊ ကျားပျံရှယ်တအိတ်ကို ၁၂၀,၀၀၀၊ ဧရာဝတီပေါ်ဆန်းမွေး တအိတ်ကို ကျပ် ၁၁၅,၀၀၀ အထိ ပြန်လည်ကျဆင်းလာခဲ့ပါတယ်။

ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ဆန်ရောင်းဝယ်သူတဦးက “ဆန်အသစ်တွေပေါ်လာတော့  ဆန်ဈေးတွေ ကျလာတယ်။ ‌အဲထဲမှာ ရွှေဘိုတော့ မပါဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ရွှေဘိုက အသစ်လည်းမထွက်သေးသလို လက်ကျန်လည်း‌နည်းနေပြီ။ ပေါ်ဆန်းတွေ ကျတော့ အသစ်မထွက်သေးပေမဲ့ ဈေးကျလာတယ်။ ရောင်းအားက ပုံမှန် စားသုံးသူတွေကို ရောင်းနေရတာပဲရှိတယ်။ လှောင်တဲ့သူတွေကိုကြတော့ ဘာကို စောင့်နေတာလဲမသိဘူး၊ သိပ်မဝယ်ကြသေးဘူး။ သူတို့မဝယ်ကြသေးတော့ အရောင်းသိပ်မသွက်လာသေးဘူး” လို့ ပြောပါတယ်။

လက်ရှိ ဈေးကွက်မှာ ဆန်ကြမ်းအသစ်တွေဝင်ရောက်နေပြီး တတင်းတအိတ် ကျပ် ၆၅,၀၀၀ သာရှိပြီး လာမယ့်ရက်ပိုင်းအတွင်း အခုထက် ပိုကျဆင်းနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ ပြည်တွင်းဆန်ဈေးကွက်မှာ ဆန်စပါးအသစ်တွေ ဝင်ရောက်ပေမဲ့ အစိုဓာတ်များပြီး အရည်အသွေးညံ့ဖျင်းတာကြောင့် ဆန်အဟောင်းဈေး ပြန်တက် လာနိုင်တယ်လို့ လှိုင်သာယာ ဆန်ရောင်းဝယ်ရေးကုန်သည်တဦးက ပြောပါတယ်။

“အခုအဖွင့်ဈေးမှာတော့ ဆန်အဟောင်းတွေ ဈေးကျပေမဲ့ မကြာမီ ပြန်တက်လာနိုင်မယ်လို့ ကျနော်ထင်တယ်။ လက်ရှိ ဆန်ကြမ်းအသစ်တွေဝင်တယ်၊ ပုံမှန်ထက် ဈေးတော်ပေမဲ့ အရည်အသွေးညံ့တယ်။ အဲဒါကို အချိန်တခုထိ လှောင်ထားမှ စားသုံးသူအတွက် အဆင်ပြေမှာ။ ရွှေဘိုဆန်ကတော့ ကျဖို့ လုံးဝမရှိတာ အသေချာဆုံးပဲ။ ဒီနှစ် စစ်ကိုင်းမှာ စစ်ပွဲတွေကြောင့် ရွှေဘိုစပါးစိုက်တာ နည်းတယ်။ အဲ့ဒါကြောင့် ရွှေဘိုဆန်ဈေး ကျဖို့မရှိသလို တခြားဆန်ဟောင်းတွေလည်း ပြန်တက်လာနိုင်ပါတယ်။”

စစ်ကောင်စီက ဆန်ဈေးနှုန်း‌တွေကို ရည်ညွှန်းဈေးတခု သက်မှတ်ထားတာကြောင့် ဆန်‌ဒိုင်တွေအနေနဲ့ ဆန်ဈေးနှုန်းကို ပေါ်ပေါ်ထင်ထင်ပြောပြီး ရောင်းဝယ်ဖို့ ခက်ခဲနေတယ်လို့ ဆန်ရောင်းဝယ်သူတွေက ပြောပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဦးဆောင်ပြီး အခြေခံ လူတန်းစားတွေအတွက် ရန်ကုန်အပါအဝင် မြန်မာနိုင်ငံရှိ မြို့နယ်တချို့မှာ ဧည့်မထဆန် တပြည်ကို ၂,၅၀၀ ကျပ်နဲ့ လိုက်လံရောင်းချပေးနေပြီး ဝယ်ယူမှုတွေလည်း မြင့်တက်နေတာ တွေ့ရပါတယ်။

ဈေးကွက်အတွင်း အရောင်းအဝယ်နည်းပြီး စပါးဈေး ကျဆင်းနေ

ဈေးကွက်အတွင်း အရောင်းအဝယ်နည်းနေပြီး စပါးဈေး ကျဆင်းလာတယ်လို့ ဆန်စက်ပိုင်ရှင်တွေနဲ့ တောင်သူတွေထံကနေ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီးအတွင်းမှ ဆန်စက်ပိုင်ရှင်တဦးက “အကြမ်းတင်း ၁၀၀ ကို အနည်းလေး ၂ သိန်း ၃ သိန်းလောက် ကျတယ်။ အရင်ထက်ပေါ့နော်။ အသစ်တွေက ဝင်နေတယ်။ ဈေးကျနေတော့ ‌တောင်သူတွေကလည်း ဈေးစောင့်ကြတယ်၊ မရောင်းကြ ဘူး။ ကုန်သည်တွေကတော့ ရောင်းရင် ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်မှာပေါ့” လို့ ပြောပါတယ်။

ပဲခူးတိုင်းမှာ လက်ရှိ အသစ်ဝင်ရောက်နေတဲ့ ရတနာတိုးစပါးက တင်း ၁၀၀ ကို ၁၄ သိန်းကနေ ၁၆ သိန်းကြား ပေါက်ဈေးရှိနေပြီး ပုံမှန် တင်း ၁၀၀ ကို ၁၉ သိန်းကနေ သိန်း ၂၀ အထိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာလည်း ဒုတိယတန်းစား စပါးဖြစ်တဲ့ ဧည့်မထစပါးတွေက တင်း ၁၀၀ ကို အစိုဈေး ကျပ် ၁၃ သိန်းကနေ ၁၄ သိန်းကြား ရှိနေပြီး အခြောက်ဈေးကတော့ ကျပ် ၁၇ သိန်းထိ ပေါက်ဈေးရှိနေပါတယ်။

ပုံမှန် တင်း ၁၀၀ ကို အခြောက်ဈေး အနိမ့်ဆုံးက ကျပ် ၂၂ သိန်းကနေ ၂၄ သိန်းအထိ ဈေးရှိတယ်လို့ သိရပါတယ်။

“စပါးပေါ်ချိန်ဆို ဒီလိုပါပဲဗျာ၊ ကုန်သည်တွေလည်း ညှိပြီး ဝယ်ပေးကြပါတယ်။ လှောင်နိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ ချေးပြီး စိုက်ရတာဆိုတော့ ပေါ်တာနဲ့ ကုန်တာပါပဲ” လို့ တောင်သူတဦးက ပြောပါတယ်။

စပါးဈေးတွေ မြင့်တက်နေပြီး ပြည်တွင်းဆန်ဈေးတွေ စံချိန်တင်မြင့်တက်နေလို့ ဆန်စပါးအသင်းက ထိန်းချုပ်တာတွေပြုလုပ်နေပြီးနောက် စပါးဈေးတွေ ကျဆင်းလာ ခဲ့တာပါ။

မြန်မာနိုင်ငံမှာ နှစ်စဉ် မိုးစပါးစိုက်ဧက ၁၈ သိန်းလောက် စိုက်ပျိုးပြီး တန်ချိန် ၂၅ ဒသမ ၆ သန်းလောက် ထွက်ရှိတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနရဲ့ ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။

ပြည်ပကို ဆန်တင်ပို့မှု ပြန်လည်အားကောင်းလာ

မြန်မာနိုင်ငံရဲ့ ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုဟာ ပြီးခဲ့တဲ့ ဇွန်လကနေ ဩဂုတ်လအထိ တလကို ပျမ်းမျှ တန်ချိန် ၆ သောင်း ဝန်းကျင်သာရှိခဲ့ရာက ပြီးခဲ့တဲ့ စက်တင်ဘာလမှာတော့ တန်ချိန် ၈၄,၇၀၀ ကျော်ထိ တိုးတက်တင်ပို့ခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

ကုမ္ပဏီပေါင်း ၄၂ ခုက စက်တင်ဘာလ တလအတွင်း ဆန်တန်ချိန် ကျော် ၅၄,၀၀၀ လောက်၊ ဆန်ကွဲတန်ချိန် ၃၁,၀၀၀ ကျော်ကို တင်ပို့ခဲ့ပြီး အဲဒီပမာဏမှာ ပင်လယ်ရေကြောင်းကတဆင့် တန်ချိန် ၇၇,၀၀၀ ကျော်တင်ပို့ပြီး နယ်စပ် လမ်းကြောင်းက တဆင့် တင်ပို့မှုကတော့ တန်ချိန် ၇,၀၀၀ ကျော် ရှိခဲ့ပါတယ်။

ဆန်ကို အင်ဒိုနီးရှားနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့က အများဆုံးဝယ်ယူခဲ့ပြီး ဆန်ကွဲကိုတော့ တရုတ်နိုင်ငံက အများဆုံး ဝယ်ယူခဲ့တာပါ။ တခြားဝယ်ယူတဲ့ နိုင်ငံတွေကတော့ ဖိလစ်ပိုင်၊ ဘယ်လ်ဂျီယံ၊ ဗီယက်နမ်နဲ့ နယ်သာလန် တို့ ဖြစ်ပါတယ်။

အရင်လတွေနဲ့ ယှဉ်ကြည့်ရင်တော့ ဧပြီလမှာ ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၈၇,၀၀၀ ကျော် တင်ပို့ခဲ့ပြီး မေလမှာ တန်ချိန် ၁၁၀,၀၀၀ ကျော်၊ ဇွန်လမှာ တန်ချိန် ၆၂,၀၀၀ ကျော်၊ ဇူလိုင်လမှာ တန်ချိန် ၅၈,၀၀၀ ကျော်၊ ဩဂုတ်လမှာ တန်ချိန် ၆၀,၀၀၀ နီးပါး တင်ပို့ခဲ့ပြီး ပြီးခဲ့တဲ့စက်တင်ဘာလမှာ တန်ချိန် ၈၄,၀၀၀ ကျော် အသီးသီးရှိခဲ့ပါတယ်။

ဆန်တင်ပို့မှုက ရရှိတဲ့ ဝင်ငွေကလည်း ဧပြီလမှာ အမေရိကန်ဒေါ်လာ ၃၆ သန်း၊ မေလမှာ ၄၈ သန်း၊ ဇွန်လမှာ ၂၈ သန်းနဲ့ ဇူလိုင်လမှာ ၂၆ သန်း၊ ဩဂုတ်လမှာ ၂၈ သန်း အသီးသီး ရရှိခဲ့ပြီး စက်တင်ဘာလမှာတော့ ၄၂ သန်းထိ ရရှိခဲ့ပါတယ်။

လာမယ့် အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလ သုံးလအတွင်းမှာတော့ ဆန်တန်ချိန် ၇ သိန်းအထိ တင်ပို့ဖို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က မျှော်မှန်းထားပါတယ်။

အခုလို ဆန်တင်ပို့မှု ပြန်အားကောင်းလာရတာ ကမ္ဘာ့ဆန်တင်ပို့တဲ့ ထိပ်တန်းနိုင်ငံ အိန္ဒိယက ဆန်တင်ပို့မှု ကန့်သတ်ခဲ့လို့ အာရှဈေးကွက်မှာ ဆန်ရှားပါးပြီး ဈေးမြင့်တက်နေချိန် အင်ဒိုနီးရှားနိုင်ငံက မြန်မာဆန်ကို ဝယ်ယူလာတာကြောင့် ဖြစ်တယ်လို့ ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။

စက်တင်ဘာလမှာ ဆန်နဲဆန်ကွဲ တင်ပို့မှု ပမာဏ တိုးတက်မှုရှိခဲ့ပေမယ့် ပို့ကုန်ဆိုင်ရာ မူဝါဒ အားနည်းချက်နဲ့ ပြည်တွင်းဆန်ဈေး ကြီးမြင့်နေတာ‌တွေကြောင့် အခုနှစ် ပြည်ပဆန်တင်ပို့မှုက ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်ရင် လျော့ကျနေပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ပ ဆန်၊ ဆန်ကွဲတင်ပို့မှုဟာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ပထမ ၆ လမှာ စုစုပေါင်း တန်ချိန် ၉၈၃,၀၀၀ ကျော် ရှိခဲ့ပြီး အခုဘဏ္ဍာနှစ်မှာ တန်ချိန် ၄၆၄,၀၀၀ ကျော်ပဲ ရှိတာကြောင့် တန်ချိန် ၅ သိန်းကျော် လျော့ကျနေပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌကတော့ ဆန်သိုလှောင်သူတွေရဲ့ မဖြစ်သင့်တဲ့ဈေးထိ ဈေးဆွဲတင်မှုကြောင့် မြင့်တက်လာတာလို့ ပြောကြားထားပါတယ်။

ဆန်ဈေးပြန်ကျဖို့ရည်ရွယ်ပြီး မြန်မာနိုင်ငံ ဆန်ပါးအသင်းချုပ်နဲ့ စစ်ကောင်စီတို့ နည်းလမ်းမျိုးစုံနဲ့ ပူးပေါင်းလုပ်ဆောင်နေပေမယ့် ဆန်ဈေးကတော့ သိသိသာသာ ပြန်ကျသွားတာမရှိသေးပါဘူး။

ဆန်နဲ့ စပါး သိုလှောင်မှုတွေကို စာရင်းဇယား ကောက်ယူပြီး မှတ်ပုံတင်ပြီးမှ သိုလှောင်ခွင့် ပြုခဲ့သလို ဆန်ကုန်စည်ဒိုင်တွေမှာလည်း ဆန်ရည်ညွှန်းဈေးတွေ သတ်မှတ်ပေးပြီး ရောင်းချစေခဲ့ပြန်ပါတယ်။

ဒါ့အပြင် မိုးစပါးအတွက် အခြေခံစပါးရည်ညွှန်းဈေးကိုလည်း ပေါက်ဈေးအောက် လျော့နည်းတဲ့နှုန်းထားနဲ့ သတ်မှတ်ပေးခဲ့ပြီး ပြည်ပဆန်တင်ပို့ခွင့်ကိုလည်း ကန့်သတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် စားသုံးသူ‌တွေ အမှန်တကယ် ဝယ်ယူစားသုံးနေရတဲ့ ဆန်လက်လီဈေးတွေကတော့ သိသိသာသာ ပြန်ကျသွားခြင်းမရှိသေးတာပါဘူး။ ဒါကြောင့် အခြေခံဝင်ငွေနည်း ပြည်သူတွေဟာ သက်သာတဲ့နှုန်းထားတဲ့ ရောင်းချတဲ့ ဆိုင်တွေမှာ အချိန်ပေး တန်းစီပြီး ဝယ်ယူနေကြရပါတယ်။

တဖက်မှာလည်း စစ်တပ်အာဏာသိမ်းပြီးနောက် ကျပ်ငွေတန်ဖိုး ကျဆင်းမှုနဲ့အတူ စိုက်ပျိုးရေး သွင်းအားစုတွေ၊ အထွေထွေကုန်ကျစရိတ်တွေ မြင့်တက်နေတာက ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုအပေါ် သက်ရောက်စေပြီး နိုင်ငံတဝန်း စစ်ရေးပဋိပက္ခတွေကလည်း ဆန်စပါး စိုက်ပျိုးထုတ်လုပ်နိုင်စွမ်းကို လျော့ကျစေခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ပကို ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုဟာ ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာ တန်ချိန် ၂ ဒသမ ၂ သန်းကျော် ရှိခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၅၃ သန်းကျော် ရရှိခဲ့ပါတယ်။အခု ဘဏ္ဍာနှစ် ပထမ ၆ လမှာတော့ တန်ချိန် ၄၆၄,၀၀၀ ကျော်သာ တင်ပို့ထားနိုင်ပါ‌သေးတယ်။

မြေပဲနှင့် မြေပဲဆီဈေး ကျဆင်း

မိုးစိုက်မြေပဲ လှိုင်လှိုင်ပေါ်ချိန်ဖြစ်လို့ ဈေးကွက်အတွင်းကို မြေပဲဆန်တွေ နေ့စဉ် ဝင်ရောက်နေပေမဲ့ ပြည်တွင်းပြည်ပ အဝယ်လျော့နည်းနေတာကြောင့် ဈေးဆက်လက် ကျဆင်းနေတယ်လို့ မန္တလေးက ပဲအမျိုးမျိုးရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။

လတ်တလော မန္တလေးဈေးကွက်အတွင်းမှာ မြေပဲ အဖြူလုံးဆန်က တရုတ်လိုင်း အဝယ်ရပ်နေတာကြောင့် ပြည်တွင်းသုံးကိုပဲ အားထားရောင်းချနေရတယ်လို့ သိရပြီး မြေပဲအနီလုံးဆန်ကတော့ တရုတ်လိုင်းအဝယ်ရှိပေမဲ့ ဈေးကျဆင်းနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

မန္တလေးမြို့မှ ပွဲရုံပိုင်ရှင်တဦးက “ပြီးခဲ့တဲ့ရက်တွေက အဝင်ရှိသလောက် အဝယ်ကလည်း သွက်တယ်။ အခုရက်ပိုင်းကျ အဝယ်လည်းနည်းသွားတယ်၊ ဈေးလည်းကျတယ်” လို့ ပြောပါတယ်။

မြေပဲဆန်ဈေးနှုန်းတွေအနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ တတိယပတ်က မန္တလေး ကုန်စည်ဒိုင်ဈေးကွက်မှာ S 1 ဆီဆန်တပိဿာကို ၇,၀၀၀ ကျပ်၊ S1 လုံးဆန်က ၇,၁၀၀ ကျပ်၊ လုံးဆန်(အနီ) တပိဿာကို ၈,၈၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာက အောက်တိုဘာ ၂ ရက်နေ့မှာS 1 ဆီဆန်က တပိဿာကို ၆,၁၀၀ ကျပ်၊ S1 လုံးဆန်က ၆,၇၀၀ ကျပ်၊ လုံးဆန်(အနီ) က တပိဿာကို ၇,၅၀၀ ကျပ်အထိ ပြန်ကျဆင်း လာပါတယ်။

မြန်မာနိုင်ငံမှာ ဆီထွက်သီးနှံတမျိုးဖြစ်တဲ့ မြေပဲကို မြန်မာနိုင်ငံတဝန်းလုံးမှာ စိုက်ပျိုးကြပြီး စားသုံးဆီအပြင် စားသောက်ကုန်လုပ်ငန်းတွေမှာလည်း အသုံးပြုပြီး မြေပဲလုံးဆန်တွေကို ပြည်ပဈေးကွက်ကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

မြေပဲဆီဈေးနှုန်း အနေနဲ့လည်း ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ဒေါ်လာဈေး စားအုန်းဆီဈေးတွေနဲ့အပြိုင် တပိဿာကို ၁၆,၅၀၀ ကျပ်ဝန်းကျင်ထိ မြင့်တက်ခဲ့ရာက အခုအခါ တပိဿာကို ၁၃,၀၀၀ ကနေ ၁၅,၀၀၀ ကျပ်အထိ ဈေးပြန်ကျဆင်းလာတာ တွေ့ရပါတယ်။

အခုလို ဈေးနှုန်းကျဆင်းရတာက လက်ရှိမှာ မြေပဲတွေ လှိုင်လှိုင်ထွက်ပေါ်ချိန် ဖြစ်သလို စစ်ကောင်စီက ပြင်ပပေါက်ဈေးထက် သက်သာတဲ့ဈေးနှုန်းနဲ့ စားအုန်းဆီတွေကို လိုက်လံရောင်းချပေးနေတာကြောင့် ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။

ဒါပေမဲ့ အဲဒီလို ရောင်းချပေးနေတာကြောင့် ရည်ညွှန်းဈေးနဲ့ ခွဲတမ်းမရရှိတဲ့ လက်လီအရောင်းဆိုင်တွေကို အခက်တွေ့စေပြီး စားအုန်းဆီအစား ပဲရောဆီတွေ ရောင်းချလာကြတာကြောင့် စားသုံးသူတွေ ပိုနစ်နာစေတယ်လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။

စားအုန်းဆီဈေးအနေနဲ့လည်း ပြီးခဲ့တဲ့ ဩဂုတ်လပိုင်းက ပြင်ပလက်လီဈေးကွက်မှာ တပိဿာကို ကျပ် ၁၀,၀၀၀ အထက်ထိ စံချိန်တင် မြင့်တက်ခဲ့ပေမဲ့ အခုအခါ တပိဿာကို ၇,၇၀၀ ကျပ်နဲ့ ကျပ် ၈,၀၀၀ ဝန်းကျင်မှာ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ စစ်ကောင်စီသတ်မှတ်တဲ့ စားအုန်းဆီ အခြေခံရည်ညွှန်းဈေးနှုန်းကတော့ တပိဿာကို ၄,၃၉၀ ကျပ်ဖြစ်ပြီး ပြီးခဲ့တဲ့တပတ်က သတ်မှတ်နှုန်းထားထက် ၁၅ ကျပ် ပိုမြင့်တက်လာတာ တွေ့ရပါတယ်။

ပြည်ပအဝယ်မရှိသဖြင့် ငရုတ်ခြောက်ဈေး ထက်ဝက်ကျော်ကျဆင်း

ပြည်ပဝယ်လိုအားမရှိတာကြောင့် ငရုတ်ခြောက်ဈေး ထက်ဝက်ကျော် ကျ‌ဆင်းခဲ့တယ်လို့ ငရုတ်ခြောက် ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။

ငရုတ်ခြောက်ဈေးဟာ ဇွန်လက အမျိုးအစားပေါ်လိုက်ပြီး တပိဿာ ၁၇,၀၀၀ ကျပ်ကနေ ၂၀,၀၀၀ အထိ ရရှိခဲ့ပေမဲ့ အခုအခါ တပိဿာကို ကျပ် ၈,၀၀၀ ကနေ ၉,၀၀၀ အထိပဲ ရှိပါတော့တယ်။

ငရုတ်ကုန်သည်တဦးက “ပြည်ပက မဝယ်တော့သလို ပြည်တွင်းမှာလည်း ဝယ်လိုအား နည်းနေတော့ ငရုတ်ခြောက်ဈေးက တော်တော်ကျတာ။ ဇွန်၊ ဇူလိုင်လထိလောက် တော်တော်ကောင်းခဲ့တာ။ အာရှလမ်းပျက်ပြီးတည်းက ကုန်စည်စီးဆင်းမှု မရှိတော့တာ။ အခုက လမ်းပြန်ဖွင့်ပြီဆိုပေမဲ့ တိုက်ပွဲအခြေအနေတွေကြောင့် ငြိမ်သေးတာမဟုတ်တော့ ငရုတ်မှမဟုတ်ဘူး၊ ဘာမှကို ပို့လို့မရတော့တာ။ လှောင်ထားတဲ့ ကုန်သည်အကုန်လုံး အရှုံးပေါ်တယ်” လို့ ပြောပါတယ်။

သွင်းအားစုစရိတ်တွေ မြင့်လာတဲ့အချိန်မှာ ငရုတ်သီးခြောက်ဈေးကျတာကြောင့် စိုက်ပျိုးတဲ့တောင်သူတွေ ထိခိုက်နစ်နာမှုများစွာရှိတယ်လို့ ငရုတ်စိုက်တောင်သူတဦးက ပြောပါတယ်။

“ငရုတ်အစိုက အကုန်လုံးရောင်းဖို့ မလွယ်ဘူး။ အဲတော့ အ‌ခြောက်လှန်းကြရတယ်။ အခု‌ အခြောက်ဈေးက အစိုဈေးတန်းလောက်ပဲ ရနေတော့ အဆင်မပြေဘူး။ အစိုဈေးလည်းကျ အခြောက်ဈေးလည်းကျ ဆိုတော့ ထပ်စိုက်‌ဖို့တောင် စဉ်းစားနေရတယ်”

ငရုတ်သီးကို အောင်ပန်း၊​ အင်းလေး၊ ရွှေဘို၊ ပျဥ်းမနား၊ နေပြည်တော်၊ တပ်ကုန်း၊ ညောင်တုန်းနဲ့ မန္တလေးတို့မှာ အဓိကထား စိုက်ပျိုးပါတယ်။

မြန်မာနိုင်ငံထွက် ငရုတ်ခြောက်ကို ထိုင်းနိုင်ငံဆီ အဓိကတင်ပို့ပြီး ဗီယက်နမ်၊ မလေးရှားနဲ့ လာအိုနိုင်ငံတို့ကိုလည်း တင်ပို့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024