Home
မြန်မာသတင်း
ကရင်နီပြည်နေရာအများစုကို အုပ်ချုပ်ထားနိုင်ပြီဟု ကရင်နီပြည်ကြားကာလ အုပ်ရေးကောင်စီ ပြော
နော်နိုရင်း
·
August 30, 2023

ကရင်နီ(ကယား)ပြည်နယ်မှာ စစ်ကောင်စီအနေနဲ့ လွိုင်ကော်မြို့တွင်းကိုသာ အုပ်ချုပ်နိုင်ပြီး ကျန်တဲ့ကျေးလက်ဒေသတွေကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)က အုပ်ချုပ်ရေးဝန်ဆောင်မှုတွေ အပြည့်ပေးနေတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဒု-ဥက္ကဋ္ဌ ခွန်းဘီထူးက ဒီဗွီဘီနဲ့ သီးသန့် တွေ့ဆုံမေးမြန်းရာမှာ ပြောပါတယ်။

IEC လက်အောက်မှာတော့ လက်ရှိ ဌာန ၁၂ ခုကို တည်ဆောက်ဖွဲ့စည်းပြီး အခုဆိုရင် ဌာန ၅ ခုက လုံးဝလည်ပတ်နေပြီလို့လည်း ခွန်းဘီထူးက ပြောပါတယ်။

“ကျနော်တို့ရဲ့ အုပ်ချုပ်ရေးကဘာတွေရပြီလဲလို့မေးရင်တော့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးတွေ ကအစ၊ ကျနော်တို့ရဲ့ ရဲဌာန၊ ကျန်းမာရေး၊ ပညာရေးဌာနပေါ့နော်။  ဥပမာ ပညာရေးဆိုရင် စာသင်ကျောင်းပေါင်း ၄၀၀ လောက်ကို ပြန်ဖွင့်ပြီးမှ ကလေးပေါင်း ၄၀,၀၀၀ရဲ့ ပညာရေးကို ပြန်ပေးဖို့အတွက် ကျနော်တို့ စိတ်ပိုင်းဖြတ်ထားသလို ကျန်းမာရေးမှာဆိုရင်လည်း ကျနော်တို့ ဆေးခန်းပေါင်း ၉၀ ဒါကနည်းပေါင်းစုံနဲ့ ဖွင့်နေတဲ့ဆေးခန်းတွေ၊ ဆေးရုံတွေ ဆေးရုံဆိုရင် ၈ ရုံပေါ့။ ဒါကိုကျနော်တို့သွားနေတယ်။ အဲတော့ ကျနော်တို့က စစ်ကောင်စီနဲ့အတူ မြို့တွင်းမှာ တိုက်ပွဲရင်ဆိုင်နေပေမယ့်ကျနော်တို့ လူထုတွေနေတဲ့ ကျေးလက်တွေမှာ၊ တောရွာတွေမှာ ကျနော်တို့ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ၊ အုပ်ချုပ်ရေးဝန်ဆောင်မှုတွေ အပြည့်ပေးနေတယ်။ အဲတော့ ကျနော်တို့ရဲ့ အုပ်ချုပ်ရေးက ဘယ်ရောက်လဲလို့ပြောရင်တော့ စစ်ကောင်စီ အုပ်ချုပ်ရေးမရှိတဲ့အတွက် ကျနော်တို့ရဲ့ အုပ်ချုပ်ရေးက အစားထိုးပြီးမှတည်ဆောက်နေတယ်။ လူထုနဲ့တူတူ ကျနော်တို့ရဲ့ တော်လှန်ရေး ရည်မှန်းချက်သွားနေသလို လူထုတွေ လိုအပ်တဲ့ ပညာရေး၊ ကျန်းမာရေးကို အခု တော်လှန်ရေးကာလမှာပဲ ကျနော်တို့ ဖြည့်ဆည်းသွားမယ်။ ဒီနည်းနဲ့ပဲ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကိုငြင်းဆန်ပြီးမှ ကျနော်တို့ရဲ့အု ပ်ချုပ်ရေးကိုအစားထိုးမယ်။ အပြောင်းအလဲလုပ်မယ်ပေါ့။ ဒါကတော့ ကရင်နီပြည်ရဲ့ အုပ်ချုပ်ရေးတည် ဆောက်ထားမှုတွေကို ကျနော်တို့ပြင်ဆင်နေတယ်။ ပြီးရင်တော့ အခုန ပြောတဲ့ ဌာနတွေလည်း ပိုမိုပြီးပြည်စုံအောင် ဖွဲ့သွားမှာဖြစ်သလို ကျနော်တို့ရဲ့ အရှိတရားပေါ့နော်။  နိုင်ငံတကာကနေကြည့်ရင် ကျနော်တို့ရွေး ကောက်ပွဲက လွှတ်တော်ကိုယ်စားလှယ်တွေလည်းပါသလို ကျနော်တို့ရှိနေတဲ့ လက်နက်ကိုင်အ ဖွဲ့အစည်းတွေ၊ တတ်သိပညာရှင်တွေ၊ CDM တွေ ဒီလိုဌာနတွေရှိနေတာက ကျနော်တို့ရဲ့နိုင်ငံ၊ လူထုတွေလိုလားတဲ့ အုပ်ချုပ်ရေးတွေပဲဖြစ်တဲ့အတွက် ကျနော်တို့တွေက ဒါ ကြိုက်ကြိုက် မကြိုက်ကြိုက်ကျနော်တို့က တရားဝင် အစိုးရတရပ်အဖြစ်ရပ်တည်သွားမှာဖြစ်သလို ကျနော်တို့ရဲ့ ရည်မှန်းချက်ကလည်း လူထုကိုအာဏာပြန်အပ်ပေးဖို့ရယ်၊ လူထုရဲ့ ဆုံးဖြတ်မှုနဲ့အတူပဲ အုပ်ချုပ်ရေးတွေကို အားကောင်းအောင် ဆက်လက်တည်ဆောက်ဖို့ပြင် ဆင်နေပါတယ်။”

ဒါ့အပြင် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီဟာ ပြည်နယ်နေရာတိုင်းမှာနေပြီး ပြည်နယ်လူထု  ၂ သိန်းခွဲလောက်ကို စိုးမိုးထားနိုင်ကြောင်းလည်း‌ ပြောပါတယ်။

“စစ်ကောင်စီတပ်တွေက အခုဆိုရင် ဒီဖရူဆိုမြို့တွင်းပေါ့နော်။ ဘောလခဲမြို့တွင်းတွေမှာ သူတို့တပ်က မြို့နဲ့ကပ်လျက်လေးပဲဖွဲ့ခဲ့တယ်။ထားတယ်ပေါ့နော်။ ဒါက မြန်မာတနိုင်ငံလုံးပါ။ စစ်တပ်ကအာဏာသိမ်းနိုင်ဖို့အတွက်၊ စစ်တပ်က လူထုကို ဖိနှိပ်နိုင်ဖို့အတွက်ကို တပ်က မြို့နဲ့အနီးဆုံးနေရမှာရှိပြီးမှ လူတွေကို တလျှောက်လုံးခြိမ်းခြောက်နေသလို အခုလို အာဏာသိမ်းတဲ့ အချိန်မျိုးမှာလည်း အဲဒီတပ်တွေကြောင့်မို့လို့ လူထုတွေက ထွက်ပြေးတိမ်းရှောင်ရတယ်။ တိုက်ပွဲတွေက မြို့တွင်းမှာ ဖြစ်လာတာပေါ့။ အဲတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးက မြို့တွင်းမှာ ရှိသေးလားလို့ ပြောရင်တော့ အိုးပျက်အိမ်ပျက်တွေနဲ့အတူ လူထုတွေမရှိတော့တဲ့ အုပ်ချုပ်ရေးတွေပဲ ရှိတယ်ပေါ့နော်။ နောက်ပြီးမှ စစ်ကောင်စီက ဒီးမော့ဆိုမြို့တွင်းမှာဆိုရင် လက်နက်ကြီးတွေက နေရာတိုင်းမှာ ပစ်ပြီးမှ နေရာတိုင်းမှာ မိုင်းတွေထောင်ထားတယ်။ ဒါက စစ်အုပ်ချုပ်ရေးရဲ့ ရှိတဲ့ဟာပေါ့နော်။ သေချာတာကတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးက လွိုင်ကော်မြို့တွင်း တနေရာပဲ ရှိတော့တယ်။ လူဦးရေ နှစ်သောင်းကျော်ကျော်လောက်က မြို့တွင်းမှာရှိတယ်လို့ ပြောလို့ရပြီးမှ ကျန်တဲ့ လူဦးရေ နှစ်သိန်းခွဲလောက် ကျေးလက်ဒေသတွေဘက်မှာရှိပြီးမှ ကျေးလက်ဒေသတွေမှာက လူထုတွေရဲ့လိုအပ်ချက်၊ လူထုတွေရဲ့ အုပ်ချုပ်ရေးတွေကို ကျနော်တို့ဘက်က တာဝန်ခံ တာဝန်ယူပြီးမှ အခုနကပြောတဲ့ လူထုရဲ့ခေါင်းဆောင်မှုနဲ့ ပေါ်ပေါက်လာတဲ့ ဝန်ဆောင်မှုတွေနဲအတူ ကျနော်တို့ရပ်တည်နေတယ်။ အဲတော့ ကျနော်တို့ရဲ့ အုပ်ချုပ်ရေးက နေရာတိုင်းမှာရှိပြီးမှ လူထုတွေနဲ့အများဆုံး ရပ်တည်နေတယ်။ စစ်ကောင်စီကတော့ မြို့ပျက်တွေမှာ ဒါမှမဟုတ်လည်း သူတို့အသည်းအသန်ထိန်းချုပ်တဲ့လွိုင်ကော်မြို့တွင်းတွေမှာရှိနေပြီးမှ သူတို့ရဲ့အုပ်ချုပ်ရေးတွေက လူနည်းစုလောက်မှာပဲ သက်ရောက်မှုရှိပြီးမှ အကြောက်တရားနဲ့ပဲ ဖိနှိပ်တဲ့ အနေအထားဖြစ်ပါတယ်။”

IEC အနေနဲ့ ပြည်သူလူမှုဘဝ လုံခြုံရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် အနည်းဆုံးဌာန ၁၂ ခုကို စုဖွဲ့ဆောင်ရွက်ဖို့ စီစဉ်ထားပြီး လက်ရှိမှာတော့ ဌာန ၇ ခုကို ဦးစားပေးဆောင်ရွက်နေကြောင်း ကြေညာထားပါတယ်။

အဲဒီဌာန ၇ ခုကတော့ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ လူသားချင်းစာနာထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေးဌာန၊ ပြည်ထဲရေးဌာန၊ ကာကွယ်ရေးနှင့် လုံခြုံရေးဌာန၊ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာန၊ စီမံကိန်းဘဏ္ဍာရေးနှင့် အခွန်ဌာနတို့ ဖြစ်ပါတယ်။

ကရင်နီအုပ်ချုပ်ရေးကို  စုပေါင်းခေါင်းဆောင်မှုနဲ့ လုပ်ဆောင်နေတယ်လို့လည်း ခွန်းဘီထူးက ရှင်းပြပါတယ်။

“ဝန်ကြီးချုပ်နေရာမှာ ကျနော်တို့ ၇ ဦးက စုပေါင်းခေါင်းဆောင်မှုနဲ့ ကျနော်တို့က ဆုံးဖြတ်ချက်တွေ၊ လုပ်ငန်းကိုင်ငန်းတွေ၊ တပ်ဖွဲ့တွေ၊ ဒီတရားဥပဒေစိုးမိုးရေးကိစ္စတွေကို ကျနော်တို့က ထိန်းညှိပေးတယ်။ ပြီးရင်တော့ ဌာန ၁၂ ခုကို ကျနော်တို့ဒါတည်ဆောက်ပြီးမှ အခုဆိုရင်ဌာန ၅ ခုက လုံးဝလည်ပတ်နေတယ်။ ပြည်ထဲရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာမှုဌာနနဲ့အတူ ကျနော်တို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးပေါ့နော်။ ဒီဌာန ၅ ခုက အခုဆိုရင် ကြေညာအပြီးမှ အကောင်အထည်ဖော်ဖြစ်နေတယ်။ ဌာနတိုင်းမှာလည်း ကျနော်တို့က ပုဂ္ဂိုလ်တဦးတည်း ဝန်ကြီးတွေရွေးတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ ကျနော်တို့ ဒီအနည်းဆုံး ၄ဦးပေါ့နော်။ လက်နက်ကိုင်အဖွဲ့အစည်းဘက်က၊ လွှတ်တော်ကိုယ်စားလှယ်ဘက်က၊ CDM သော်လည်းကောင်း၊ တတ်သိပညာရှင်တွေ၊ ဒါမှမဟုတ်လည်း တက်ကြွတဲ့လူတွေ စုပေါင်းပြီးမှ ကျနော်တို့ရဲ့ဌာနတွေကို ဖွဲ့စည်းပြီးမှ အုပ်ချုပ်ရေးတွေကို ဆက်တိုက်တည်ဆောက်နေတယ်။"

ကရင်နီတိုင်းရင်းသားတွေရဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ပတ်သက်ပြီးလည်း ခွန်းဘီထူးက  “ကရင်နီကတော့ ကျနော်တို့ ရည်မှန်းချက်ကတော့ ရှင်းရှင်းလင်းလင်းပဲ ကျနော်တို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ပြည်နယ်အရင်းအမြစ်တခု၊ စည်းလုံးညီညွတ်တဲ့ ကျနော်တို့ ပြည်နယ်ကနေပြီးမှ ဒီတိုင်းပြည်ထဲမှာ ပိုမိုဖွံ့ဖြိုးတိုးတက်တဲ့အနာဂတ်တခုပေါ့နော်။ အဲဒီအတွက် အာဏာရှင်လူမျိုးတွေမရှိရဘူး၊ ကျနော်တို့ရဲ့ အခွင့်အရေးတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရေထားရမယ်။ ကာကွယ်ပေးရမယ်။ အဲဒီအတွက်ကို ကျနော်တို့က တိုက်ပွဲဝင်တယ်။ ဒီလိုတိုက်ပွဲဝင်တဲ့အတွက်လည်း လူထုတွေရဲထောက်ခံမှုတွေ၊ ကျနော်တို့ပြည်နယ်အတွင်းမှာရှိတဲ့ အင်အားစုတွေရဲ့ညီညွတ်မှုတွေလည်းရှိလာတဲ့အတွက် ကျနော်တို့ကဆက်ပြီးမှ ဒါကို တည်ဆောက်သွားမှာဖြစ်တယ်။ ရအောင်တိုက်ပွဲဝင်သွားမှာဖြစ်တယ်”လို့ ပြောပါတယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Karenni State Interim Executive Council-IEC ) ကို ၂၀၂၃ ခုနှစ် ဇွန်လ ၆ ရက်နေ့က အဖွဲ့ဝင် ၆ ဦး နဲ့စတင်ဖွဲ့စည်းခဲ့ပါတယ်။ 

ကရင်နီပြည်ရဲ့ အုပ်ချုပ်ရေးကို ပြည်နယ်ကြားကာလ အစီအမံနဲ့အညီ လက်တွေ့အကောင်အထည်ဖော်ဖို့၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ဘဝလုံခြုံရေးနဲ့ တခြားအခြေခံလိုအပ်မှုတွေကို ပြန်လည်ဖြည့်ဆည်းပေးဖို့၊ တရားဥပဒေစိုးမိုးရေးနဲ့ အသွင်ကူးပြောင်းရေးကာလ အစီအမံတွေ ချမှတ်ဖော်ဆောင်နိုင်ဖို့၊  လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံတဲ့ ဖယ်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တခုအဖြစ် ပါဝင်နိုင်ဖို့နဲ့ ဖယ်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တခုကျင့်သုံးရမယ့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့အညီ အုပ်ချုပ်ရေးစနစ်ကို အစပျိုး လက်တွေ့အကောင်အထည်ဖော်ဖို့  ဦးတည်ချက် ၅ ရပ်နဲ့ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024