လီဗာပူးအသင်းခေါင်းဆောင်ဖြစ်လာတဲ့အပေါ် ဂုဏ်ယူမိကြောင်း နောက်ခံလူဗန်ဒိုက်က ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို ဆော်ဒီကလပ် အယ်လ်အစ်တီဖက်အသင်းဆီ ထွက်ခွါခွင့်ပြုခဲ့တာကြောင့် နောက်ခံလူဗန်ဒိုက်က အစားထိုး တာဝန်ပေးခန့်အပ်ခံခဲ့ရတာပါ။
ဗန်ဒိုက်က “အသင်းခေါင်းဆောင်တာဝန်ပေးအပ်ခံခဲ့ရတာက ကျနော့်အတွက် ဂုဏ်ယူစရာ ဖြစ်သလို မိသားစုဝင်တွေအတွက်လည်း ဂုဏ်ယူစရာပါပဲ။ ဟော်လန်အသင်းမှာလည်း အသင်းခေါင်းဆောင်ဖြစ်လို့ ဂုဏ်ယူစရာဖြစ်ခဲ့တယ်။ လူတိုင်းနဲ့ အသင်းအတွက် ပျော်ရွှင်စရာ၊ ဂုဏ်ယူစရာဖြစ်အောင် ကျနော်လုပ်နိုင်သမျှ အရာအားလုံးလုပ်ဆောင်သွားပါမယ်”လို့ ပြောပါတယ်။
၂၀၁၈ ခုနှစ်က ဆောက်သမ်တန်ကနေပြောင်းရွှေ့လာတဲ့ ဗန်ဒိုက်ဟာ လီဗာပူး အသင်းရဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဆုဖလားတွေရယူခဲ့တဲ့အချိန်တွေအတွင်း အကောင်းဆုံး ခြေစွမ်းပြခဲ့သူတစ်ဦးဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ၂၀၀၃ ခုနှစ်က ဟစ်ပီယာနောက်ပိုင်း နောက်ခံလူတစ်ဦးကို ပထမဆုံးအကြိမ် အသင်းခေါင်းဆောင်ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။