ကိုလံဘီယာဆယ်ကျော်သက် ကစားသမား လင်ဒါကိုင်စီဒိုဟာ သားအိမ်ကင်ဆာရောဂါကို တွန်းလှန်ပြီး အမျိုးသမီးကမ္ဘာ့ဖလားမှာ ခြေစွမ်းပြသနေပါတယ်။
သူဟာ တောင်ကိုရီးယားနဲ့ ကစားခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ အနိုင်ဂိုးတစ်ဂိုးသွင်းခဲ့ပြီး အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
အသက် ၁၈ နှစ်သာရှိသေးတဲ့ လင်ဒါကိုင်စီဒိုဟာ ကိုလံဘီယာဘယ်တောင်ပံတိုက်စစ်မှာ မရှိမဖြစ်ကစားသမားအဖြစ် သတ်မှတ်ခံထားရသူပါ။
သူဟာ အသက် ၁၅ နှစ်အရွယ်က သားအိမ်ကင်ဆာရောဂါကြောင့် ဘောလုံးလောက ကနေ အနားယူရတော့မယ်လို့ ထင်မှတ်ခဲ့တာပါ။
ဒါပေမဲ့ သားအိမ်ထဲက အသားပိုကို ခွဲစိတ်ကုသပြီး ဓာတုကုထုံးနဲ့ ၆ လကြာ ကုသမူခံယူခဲ့ရပြီးနောက်မှာတော့ ဘောလုံးပြန်ကစားနိုင်ခဲ့တာပါ။
အဲဒီနောက် စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းဆီပြောင်းရွှေ့ကစားခဲ့ပြီး လက်ရှိ ကျင်းပနေတဲ့ ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားမှာ နာမည်ကြီးကြယ်ပွင့်ကစားသမားဖြစ်လာခဲ့တာပါ။
ကင်ဆာရောဂါ ကုသချိန်တုန်းက ဘောလုံးပြန်ကစားနိုင်တော့မှာမဟုတ်ဘူးလို့ ထင်မှတ်ပြီး အကြီးအကျယ်စိတ်ဓာတ် ကျဆင်းခဲ့ရကြောင်း၊ မိသားစုနဲ့ အသင်းနည်းပြတွေရဲ့ အားပေးမှုတွေကြောင့် ပြန်လည် ကောင်းမွန်လာခဲ့တာလို့ ကိုင်စီဒိုက ပြောသွားပါတယ်။