Home
မြန်မာသတင်း
တော်လှန်ရေးက ပြည်သူ့လက်ထဲမှာသာရှိဟု မြန်မာ့အရေးလေ့လာသူများ ပြော
DVB
·
July 14, 2023

ဒေါ်အောင်ဆန်းစုကြည်နာမည်ကို စစ်ကောင်စီက အာဆီယံအစည်းအဝေးမှာ ထုတ်သုံးပြီး ဆွေးနွေးရေးလမ်းကိုသွားဖို့ ကြိုးစားပေမယ့် တော်လှန်ရေးဟာ ပြည်သူ့လက်ထဲမှာသာ ရှိတယ်လို့ မြန်မာ့အရေးလေ့လာသူတွေက ဆိုပါတယ်။ 

နှစ်ခြမ်းကွဲနေတဲ့ အာဆီယံနိုင်ငံအစုအဖွဲ့တွေဆီက မြန်မာ့အရေးအတွက် တူညီတဲ့ ဆန္ဒရပ်တည်ချက်တခုတည်း ထွက်လာဖို့ မဖြစ်နိုင်သေးဘူးလို့ ဆိုကြပါတယ်။ 

စစ်ကောင်စီက ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးခဲ့ပြီး အတိုင်ပင်ခံက ဆွေးနွေးရေးအတွက် အားပေးတယ်ဆိုတဲ့ သတင်းစကားကို ထိုင်းဝန်ကြီးက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။ 

စစ်ကောင်စီသတင်းပြန်ကြားရေးအဖွဲ့ခေါင်ဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဒီတွေ့ဆုံမှုဟာ မှန်ကန်ကြောင်း ဇူလိုင် ၁၃ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။

နိုင်ငံရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောက “ဗိုလ်ချုပ်ဇော်မင်းထွန်း ရှင်းလိုက်တာ ပိုရှင်းသွားပြီ။ ဒေါ်အောင်ဆန်းစုကြည် ပေးလိုက်တဲ့ သတင်းစကားတွေဟာ သူတို့မကြိုက်လို့ မထုတ်ဖော်နိုင်တာ မပြောတာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုနဲ့ တော်လှန်ရေးဘက်က ရပ်ပုံရတယ်။ တပ်အကြိုက်တော့ မဟုတ်နိုင်ဘူး။ အဲ့ဒါကြောင့်မို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တွေ့ခဲ့တယ်၊ ကျန်းမာရေးကောင်းတယ်၊ စကားပြောခဲ့ရတယ်လို့ပဲ ပြောပြီး ဘာတွေပြောလွှတ်လိုက်တယ်ဆိုတာ အခုထိ ထုတ်ဖော်မပြောနိုင်တာဖြစ်တယ်။ စစ်တပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နားမှာ လေသံတောင် မကြားချင်တာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဆွေးနွေးပါတယ်၊ ကျန်းမာရေးလည်း ကောင်းပါတယ် ဘာလို့ ဒါတွေ ပြောနေလဲဆိုတော့ သူတို့မှာ ရွေးချယ်စရာလမ်း နည်းပြီးတော့ တော်တော်ကြီးကို အခက်အခဲ အကျပ်အတည်း တွေ့နေပြီထင်တယ်။ အာဆီယံအစည်းအဝေးမှာ သူတို့ အဖိတ်မခံရတာကိုလည်း အာရုံလွှဲချင်တာလည်း ပါနိုင်တာပေါ့” လို့ ပြောပါတယ်။

အာဆီယံအစည်းအဝေးတွေမှာ မြန်မာ့အရေးကို ဦးစားပေး ဆွေးနွေးနေတယ်ဆိုပေမယ့် ဒေသတွင်း ဖြစ်လာတဲ့ နိုင်ငံရေး အရှုပ်အထွေးမှာ သူတို့အကျိုးစီးပွား ကာကွယ်နိုင်ရေးကို အဖွဲ့ဝင်နိုင်ငံတွေက ပိုဦးစားပေးတဲ့ အခြေအနေကြုံတွေ့နေရတယ်လို့ မြန်မာ့အရေးလေ့လာသူတွေက ပြောပါတယ်။ 

ပထဝီနိုင်ငံရေးအရ မြန်မာ့ပြည်တွင်း စစ်ရေးအခြေအနေ ပိုဆိုးလာရင် သူတို့အပေါ် သက်ရောက်လာမယ့် တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ လူကုန်ကူးမှု၊ တိုက်ခိုက်မှု၊ မူးယစ်ဆေးဝါး စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိနေတယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုထားပါတယ်။

နိုင်ငံရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောက “ဗမာပြည်နဲ့ကပ်နေတဲ့ နိုင်ငံတွေပေါ့။ ကမ္ဘောဒီးယားတို့၊ လာအိုတို့၊ ထိုင်းတို့ကတော့ သဘောထားတမျိုး ရှိနိုင်တာပေါ့နော်၊ ခပ်ဝေးဝေးက နိုင်ငံတွေကတော့ သဘောထားတမျိုးရှိနိုင်တယ်ပေါ့။ နောက်ပြီးတော့ အဲ့ဒီနိုင်ငံတွေရဲ့ လားရာတွေပေါ့။ ကမ္ဘောဒီးယား၊ လာအိုတို့က တရုတ်နဲ့ ရင်းနှီးတာဖြစ်တဲ့အခါကျတော့ တရုတ်ရဲ့ သဘောထား တစုံတရာ ရပ်ခံမှာပေါ့နော်။ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့လို နိုင်ငံတွေကတော့ အမေရိကန်နဲ့နီးစပ်တဲ့အခါကျတော့ အမေရိကန်ရဲ့သဘောထား အဲ့လိုမျိုး ရှိနိုင်တယ် ထင်တယ်။ တကယ်တော့ ဘယ်နိုင်ငံပဲဖြစ်ဖြစ် သူတို့အကျိုးစီးပွားအပေါ်ကနေ လုပ်တာပါပဲ။ အဲဒီတော့ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းတို့ကကျတော့ အရေးအကြောင်းရှိရင် ဗမာပြည်ရဲ့ ပြည်တွင်းစစ် သူတို့ကို ဖိတ်စဉ်လာမှာ ဖြစ်တဲ့အခါကျတော့ ဗမာပြည်ကို စစ်တပ်နဲ့ပဲ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားစေချင်တာပေါ့ဗျာ။”

မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီက မလိုက်နာခဲ့တာနဲ့ အာဆီယံအဖွဲ့ရဲ့ မြန်မာ့အရေးအပေါ် မချဉ်းကပ်နိုင်သေးတဲ့ အခြေအနေတွေအပေါ်မှာ နိုင်ငံတကာက စိုးရိမ်မကင်း ဖြစ်နေပါတယ်။ 

အာဆီယံအဖွဲ့၀င်တွေကြားမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ သဘောထားကွဲပြားနေပြီး အာဆီယံအစည်း‌အဝေး မတိုင်ခင်မှာ ထိုင်းအစိုးရက မြန်မာနိုင်ငံခြားရေး၀န်ကြီးအား ထိုင်းနိုင်ငံကို ဖိတ်ပြီး အလွတ်သဘောဆွေးနွေးတာ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို နေပြည်တော်အထိ စေလွှတ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစေခဲ့တာတွေ ပြုလုပ်ခဲ့ပါတယ်။ 

အာဆီယံဘက်ကတော့ ထိုင်းအစိုးရဲ့ လုပ်ဆောင်မှုတွေကို တိုးတက်မှုအဖြစ် အပြုသဘော မှတ်ချက်ပေးထားပေမယ့် အာဆီယံမူ ၅ ချက်ကို ကိုင်စွဲပြီး အာဆီယံ ဥက္ကဋ္ဌနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ထိုင်းအစိုးရကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးသုတေသီ စိုင်းကြည်ဇင်စိုးက  “အာဆီယံအတွင်းမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ တူညီတဲ့ ဆန္ဒသဘောရပ်တည်ချက် ပုံစံမျိုးထွက်လာဖို့ အင်မတန်ခက်တယ်။ အခုထွက်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ဆိုတာကလည်း စစ်ကောင်စီနဲ့ပဲ တွေ့ပြီးတော့ ဆုံးဖြတ်ချက်ချထားတာ ဖြစ်တယ်။ အဲ့ဒီလိုမျိုးဆုံးဖြတ်ချက်ချထားတာကလည်း ယေဘုယျဆန်တဲ့ ဟာပေါ့နော်၊ မြန်မာ့နိုင်ငံရေးသမိုင်း အစဉ််အလာ အစုအဖွဲ့တွေရဲ့ ရှုပ်ထွေးလှတဲ့ ပါဝင်ပတ်သက်မှုတွေရှိနေတဲ့ အရှုပ်အထွေးတွေကို ပြေလည်ဖို့ဆိုတာထက် တကမ္ဘာလုံးက လက်ခံနိုင်တဲ့ နည်းစနစ်ပုံစံကိုပဲ အခြေပြုချထားတာ တွေ့နိုင်တယ်။ သူတို့ရဲ့ အဓိကလမ်းကြောင်းက တွေ့ဆုံဆွေးနွေးရေးကို ဦးတည်တယ်။ စစ်ကောင်စီ ရှိတယ်၊ စစ်ကောင်စီနဲ့ ဆန့်ကျင်ဘက်မှာ ရှိတယ်၊ အဖြူနဲ့ အမည်းပဲတော့ မဟုတ်ဘူး။ ကြားထဲမှာလည်း တခြားအစုအဖွဲ့တွေ ရှိတယ်ပေါ့နော်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမျှော်လင့်ချက်၊ အရှုပ်အထွေးကြားထဲက လိုချင်တဲ့ရလဒ်တွေက ပြည်တွင်းမှာလည်း မတူကြဘူး။”

အာဆီယံအဖွဲ့ဝင်အဖြစ် သတ်မှတ်ဖို့ ၂၀၂၂ မှာ မူအားဖြင့် အသိအမှတ်ပြုခံထားရတဲ့ အရှေ့တီမောနိုင်ငံကတော့ ဇူလိုင် ၁ ရက်နေ့ကပြုလုပ်တဲ့ အစိုးရသစ်ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ NUG နိုင်ငံခြားရေးဝန်ကြီးကို တရားဝင်ဖိတ်ကြားခဲ့ပါတယ်။ 

လက်ရှိအခြေအနေအရ အာဆီယံနိုင်ငံတွေအတွင်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး ရပ်တည်ချက် ၂ ခြမ်းကွဲလာတာ မြင်သာလာပြီး NUG နဲ့ စစ်ကောင်စီကို နှစ်ဖက်မျှ ဆက်ဆံနေရတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။

Synergy လူမှုသဟဇာတဖြစ်ရေးအဖွဲ့ ဒါရိုက်တာ ကိုသက်ဆွေဝင်းက “အာဆီယံက ဘုံသဘောတူညီချက် ၅ ချက်အပါအဝင် ခုနောက်ပိုင်းလုပ်လာတဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးတွေကလည်း တကယ်တမ်းမှာ အာဆီယံအကျိုးစီးပွား၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကိုကိုင်ဖို့ပဲ သူတို့လုပ်ကြတဲ့ဟာ။ ဒါပေမယ့် ဒီကြားထဲမှာ ထိုင်းက Move Forward ပါတီသာ တကယ်နိုင်သွားမယ်ဆိုရင် လူသားချင်း စာနာထောက်ထားမှု လမ်းကြောင်းတွေ အအပါအဝင် ကျနော်တို့ တော်လှန်ရေးအင်အားစုတွေဘက်က လုပ်လို့ရမယ့် အနေအထားတွေ အများကြီးရှိတယ်။ သူတို့ပါတီကလည်း အခြေအနေက ဘာမှန်းမသိရသေးတဲ့အခါကျတော့ ပွင့်ပွင့်လင်းလင်းပြောရရင် အိမ်နီချင်းကောင်းတွေ ရမထားဘဲ တော်လှန်ရေးလုပ်နေရတဲ့ အနေအထားလို့ သုံးသပ်ရမှာပါပဲ”လို့ ပြောပါတယ်။

မြန်မာ့အရေးအတွက် တိုက်တွန်းထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ဟာ ပြဿနာဖြေရှင်းရေးမှာ အဓိကကျသလို ဒီအချက်တွေကို ဆက်လက်ကိုင်စွဲသွားမှာဖြစ်ပြီး ဒီအချက်တွေ အကောင်အထည်ပေါ်လာအောင် ဝိုင်းဝန်းကြိုးပမ်းဖို့ အဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူခဲ့တယ်လို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအပြီးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

အဲ့ဒါအပြင် မြန်မာနိုင်ငံအတွင်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်မှုအားလုံး ရပ်တန့်ပြီး ခိုက်ရန်ဖြစ်စေမယ့် လုပ်ရပ်တွေအားလုံးကို ရှုတ်ချဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ရေးအတွက် အခြေအနေတရပ် ဖန်တီးကြဖို့၊ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာဖို့ စတဲ့အချက်တွေကို အာဆီယံနိုင်ငံတွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024