ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ် ကျေးရွာတွေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ကလေးငယ်တွေအပါအဝင် လူဦးရေ အတော်များများ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖယ်ခုံမြို့ပေါ်အပေါအဝင် ကျေးရွာတွေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ဇွန်လဆန်းပိုင်းက တည်းကစပြီး ရာသီတုပ်ကွေးဖြစ်ပွားနေတာဖြစ်ပြီး အများစုမှာ အသက် ၁၅ နှစ်အောက် ကလေးတွေ အဖြစ်များနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“အကုန်လုံးဖြစ်တယ် ကျနော်တောင်ဖြစ်နေတယ်။ ကလေးဦးရေ ၅ဝ ရာခိုင်နှုန်းလောက်တော့ ဖြစ်လိုက်ပြန်ပျောက်လိုက်ပဲ။ ၁၅ နှစ်အောက် အဖြစ်များတယ်။ စစ်ရှောင်စခန်းတွေရော၊ စစ်ရှောင်စခန်းမဟုတ်တဲ့လူတွေရောပေါ့နော်။ တခြားမြို့ကနေ ဒီဘက်ရှောင်လာတဲ့လူတွေလည်း တော်တော်ဖြစ်ကြတယ်။ အဲလိုမြို့မှာတဲ့လူတွေလည်း တော်တော်ဖြစ်ကြတယ်။ ”
ပြီးခဲ့တဲ့ ဇွန်လကစလို့ ကလေးငယ်တွေ စတင်ဖျားနာကြတာဖြစ်ပြီး တဦးနဲ့တဦး ကူးစက်မှုတွေကြောင့် ကလေးအများစု ဖျားနာနေကြတာလို့လည်း ဆိုပါတယ်။
ရာသီတုပ်ကွေးအများစုဟာ ရာသီအကူးအပြောင်းကာလတွေမှာ ဖြစ်လေ့ဖြစ်ထရှိပြီး ပုံမှန်အားဖြင့် ၂ ရက်သုံးရက်အတွင်း ပျောက်ပေမယ့် လူကြီးပိုင်းတွေမှာ စိုးရိမ်ရဖွယ်ရှိတယ်လို့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာမင်းသူက ပြောပါတယ်။
“ရာသီတုပ်ကွေးကတော့ ပုံမှန် လူလတ်ပိုင်း၊ လူငယ်ပိုင်းတွေ၊ ကလေးတွေမှာတော့ အရမ်းဆိုးဆိုးဝါးဝါး မဖြစ်တတ်ပေမယ့် လူကြီးပိုင်းတွေ၊ ရောဂါအခံရှိတဲ့လူတွေမှာဆိုရင် အသက်အန္တရာယ် ဆုံးရှုံးတဲ့အထိတော့ စိုးရိမ်ရလေ့ရှိတယ်။ ဒါပေမဲ့ လူအများစုမှာ နှစ်ရက်သုံးရက်လောက် ဖျားတယ်၊ နှာစေးတယ်၊ ချောင်းဆိုးတယ်၊ ပြီးရင်ကောင်းသွားတာတော့များတယ်ပေါ့။ ဒါက ရာသီတုပ်ကွေးပေါ့။”
ဒီလို ပြင်းထန်တဲ့ရောဂါ လက္ခဏာတွေ မရှိပေမဲ့ စစ်ရှောင်နေရတာကတဖက် ဆေးရုံ ဆေးခန်းမရှိတာနဲ့ ဆေးဝါးအလုံအလောက်မရှိတဲ့အတွက် ဖယ်ခုံဒေသခံတွေအတွက် ဆေးဝါးအကူအညီ လိုအပ်နေတယ်လို့လည်း ဖယ်ခုံဒေသခံက ပြောပါတယ်။
လွိုင်ကော်မြို့နယ်မှာလည်း ရာသီတုပ်ကွေးအပြင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့အပြောဆိုချက်အရ သိရပြီး အရေအတွက် အသေအချာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ကရင်နီပြည်နယ်နဲ့ ရှမ်း- ကရင်နီနယ်စပ်မှာ လက်ရှိအချိန်ထိ စစ်ရှောင်လူဦးရေ ၂ သိန်းခွဲကျော်ဟာ တောတောင်ထဲ စစ်ရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေဆဲဖြစ်တယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။