Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့်  ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့ဟု စစ်ကောင်စီအတည်ပြုပြော
DVB
·
July 13, 2023

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့  ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့တဲ့အကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုပြောပါတယ်။ 

ထိုင်းနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့  နိုင်းဒွန်းပရမတ် ဝိနိုင်းဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့  ဇူလိုင် ၉ ရက်နေ့မှာ ရောက်ရှိလာပြီး  နေပြည်တော်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ယောက်ချင်း အချိန် တနာရီခွဲလောက်ကြာတွေ့ဆုံခဲ့တာလို့လည်း ဆိုပါတယ်။  

ဗိုလ်ချုပ်ဇော်မင်းထွန်းက “နှစ်ယောက်ချင်း တွေ့ဆုံတာဖြစ်ပါတယ်။ တွေ့ဆုံချိန်ကတော့ တနာရီခွဲနီးပါးလောက်တော့ ကြာမြင့်ပါတယ်၊ နှစ်ယောက်ချင်း လွတ်လွတ်လပ်လပ် တွေ့ဆုံတာဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ် တွေ့ဆုံတဲ့အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး အနေနဲ့လည်း သူ ဆွေးနွေးချင်တဲ့ အချက်တွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ နှစ်ယောက်ချင်း လွတ်လွတ်လပ်လပ် တွေ့ဆုံတာဖြစ်တဲ့အတွက် ဆွေးနွေးချက်တွေကိုတော့ ကျနော်တို့ ဒါ အသေးစိတ် မသိရှိပါဘူး။ ကျနော်တို့ မျက်ဝါးထင်ထင် တွေ့မြင်ချက်အရတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျန်းမာရေးကောင်းမွန်ကြောင်း တွေ့ရှိရပါတယ်ဗျ”လို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေကို အသံဖိုင်နဲ့ ဖြေကြားထားပါတယ်။

ဒီလိုတွေ့ဆုံရာမှာ ကာကွယ်ရေး၊ ပြည်ထဲရေး၊ စစ်ဖက်ဆိုင်ရာလုံခြုံရေးက ဗိုလ်ချုပ်တွေ နိုင်ငံခြားရေးဝန်ကြီးဌာနက ညွန်ချုပ်တွေပါဝင်တယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။
"နှစ်ယောက်သား အခန်းထဲမှာပဲတွေ့ရတာ အပြင်မှာ မှတ်တမ်းယူမယ့် ပြည်ထဲရေးတို့ စရဖဌာနက လူတွေရှိပြီးသား
တပ်က ပြောချင်တိုင်း ပြောခွင့်ပေးမှာမှ မဟုတ်တာ" လို့ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုင်းဒွန်းပရမတ်ဝိနိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ မကြာသေးခင်က တွေ့ဆုံခဲ့တဲ့အကြောင်း ဇူလိုင် ၁၂ ရက်နေ့က  အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပြင်ပမှာ သတင်း‌တွေရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်ပြီး ကောင်းမွန်တဲ့တွေ့ဆုံမှုတခုဖြစ်ခဲ့တယ်၊ တွေဆုံဆွေးနွေးမှုတွေလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က အားပေးတယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

ဒီတွေ့ဆုံမှုဟာ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်နဲ့ နိုင်ငံခြားအစိုးရ အဆင့်မြင့်တာဝန်ရှိသူတဦးတို့ အကြားပထမဆုံး တွေ့ဆုံဆွေးနွေးမှု ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံ ပဋိပက္ခကိုဖြေရှင်းဖို့ နည်းလမ်းရှာ ကြိုးစားခဲ့ပါတယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။

လူအများစုက သူ့ကျန်းမာရေးကို စိတ်ပူနေတာကြောင့် သူ့ကျန်းမာရေး အခြေအနေကောင်းပါတယ် လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရည်ရွယ်ချက်က အာဆီယံအဖွဲ့ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်နဲ့ ကိုက်ညီတယ်လို့လည်း ဒွန်ပရာမုဒ်ဝီနိုင်းက ပြောပါတယ်။ 

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ရဲ့ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး မှန်ကန်မှုရှိမရှိ သံသယရှိတဲ့ အကြောင်းနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားပြုသူမဟုတ်သလို အာဆီယံအဖွဲ့ကို ကိုယ်စားပြုသူမဟုတ်ဘူးလို့လည်း NUG အစိုးရ တာဝန်ရှိသူတွေက မီဒီယာတွေကို ဖြေကြားထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဒွန်ပရာမုဒ်ဝီနိုင်းဟာ နိုင်ငံတကာအသိုက်အဝန်းရဲ့ ဝိုင်းပယ်ခံထားရတဲ့ စစ်အာဏာရှင်တွေကို ပြန်လည်ထိတွေ့ဆက်ဆံဖို့ ရည်ရွယ်ပြီး ပြီးခဲ့တဲ့လက စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံနိုင်ငံတချို့ကအဆင့်မြင့်အရာရှိတွေကို ပတ္တရားမြို့မှာ ဖိတ်ခေါ် တွေ့ဆုံစေခဲ့ပြီး အလွတ်သဘောဆွေးနွေးစေခဲ့ပါတယ်။

ထိုင်းအစိုးရရဲ့ အခုလို လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံတွေအကြားရရှိထားတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အဆင့်မြင့်ဆွေးနွေးပွဲတွေမှာ မဖိတ်ကြားဖို့ သဘောတူညီချက်ကို ချိုးဖောက်တာဖြစ်တယ်လို့ အာဆီယံနိုင်ငံတချို့က ဝေဖန်ခဲ့ကြပါတယ်။

Photo-AP

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024