Home
မြန်မာသတင်း
ပြည်မြို့ရှိ နာရေးကူညီမှုအသင်းပိုင် လူနာတင်ယာဉ်များကို စစ်ကောင်စီက သိမ်းယူပြီး နီးစပ်ရာကို လွှဲပေး
DVB
·
July 13, 2023

စစ်တပ်အာဏာသိမ်းအပြီး ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့မှာ ဖျက်သိမ်းခံထားရတဲ့ မိုးမေတ္တာ နာရေးကူညီမှုအသင်းပိုင် အများလှူဒါန်းထားတဲ့ လူနာတင်ယာဉ် ၁၄ စီးကို ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ အဓမ္မသိမ်းယူခဲ့ပြီး  နီးစပ်ရာကိုလွှဲပေးအပ်နေတယ်လို့ မြို့ခံတွေနဲ့ ပရဟိတ အဖွဲ့ဝင်တွေထံက သိရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စတင်ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တော်လှန်သပိတ်မှာ ပါဝင်ခဲ့ကြတဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးတာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တဲ့ လူငယ်နှစ်ယောက်ရဲ့ နာရေးကို ဦးဆောင်ကျင်းပတာ ဆိုပြီး မိုးမေတ္တာအသင်းက ကယ်ဆယ်ရေးပစ္စည်းတွေ၊ ကုသရေးဆိုင်ရာ ဆေးဝါးနဲ့ စက်ပစ္စည်းတွေ၊ နာရေးတွေမှာ အသုံးပြုတဲ့ ပစ္စည်းတွေနဲ့ လူနာတင်ယာဉ်တွေကို စစ်ကောင်စီက သိမ်းဆည်းခဲ့ပြီး အသင်းမြေနေရာကိုလည်း ပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။

မြို့ခံ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “အခုနှစ်အစလောက်မှာ ပြည်ထဲရေးက စာထွက်တာ၊ ဖောင်ဖြည့်ပြီး တင်ရမှာပေါ့။ လူနာတင်ယာဉ်တွေ ပြန်ပေးမယ်ဆိုပြီး ကျနော်တို့အသင်းကတော့ မယူဖြစ်ဘူး။ အလှူရှင်တွေကို အားနာလို့ပါ။ သူတို့ စေတနာရှိတဲ့ အသင်းကို လှူထားတာဆိုတော့ အသင်းဝင်တွေကိုလည်း အားနာလို့ မယူတော့တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

သိမ်းဆည်းခံထားရတဲ့ လူနာတင်ယာဉ် ၁၄ စီးထဲမှာ ဂျပန်နိုင်ငံထုတ် Toyota  လူနာတင်ကားကို အသင်းပိတ်သိမ်းခံလိုက်ရတဲ့နေ့မှာပဲ ပြည်ခရိုင်အတွင်းရှိ သဲကုန်းမြို့ သီတဂူကျောင်းက ယူဆောင်သွားတယ်လို့ သိရပါတယ်။

လူနာတင်ယာဉ်တွေကို ပြည်မြို့ ပြည်သူ့ဆေးရုံကြီးအတွင်းမှာ ထားရှိပြီး အဲ့ဒီထဲက ကားကောင်းကားသန့် လေးစီးကို စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အသုံးပြုနေသလို ဆံတော်မီးသတ်ဌာန၊ ရေနစ်သူကယ်ဆယ်ရေးအသင်းနဲ့ ပန်းတောင်းမြို့နယ် ပရဟိတအသင်းတွေထံကိုလည်း လူနာတင်ယာဉ်တွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းအပြီး လူမှုကယ်ဆယ်ရေးအသင်းတွေ ဖျက်သိမ်းခံရတာ၊ အဖွဲ့ဝင်တွေ ဖမ်းဆီးထောင်ချခံရတာတွေ ရှိသလို အများလှူဒါန်းထားတဲ့ ကယ်ဆယ်ရေးသုံး ပစ္စည်းတွေနဲ့ နာရေးကိစ္စတွေမှာ အသုံးပြုတဲ့ ပစ္စည်းတွေကိုလည်း ဖျက်ဆီး သိမ်းယူတာတွေ လုပ်ဆောင်ခဲ့ပြီး လူနာတင်ယာဉ်တွေကိုလည်း စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်တဲ့ အဖွဲ့အစည်းတွေထံ လွှဲပြောင်းပေးအပ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024