Home
မြန်မာသတင်း
မုန်တိုင်းကယ်ဆယ်ရေးသွားခဲ့သည့် နေပြည်တော်မီးသတ်တပ်ဖွဲ့ဝင်များ နေရပ်ပြန်ခွင့်မရသေး
DVB
·
July 12, 2023

မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်ကို ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်‌ဆောင်ရွက်နေတဲ့ နေပြည်တော်က မီးသတ်တပ်ဖွဲ့ဝင်တွေ ဆက်လက်လုပ်ကိုင်ဖို့ လုပ်ငန်းမရှိ‌တော့ဘဲ နှစ်လကြာတဲ့အထိ မိမိနေရပ် မပြန်ရသေးဘဲ စစ်တွေနဲ့ ညောင်ဦး မီးသတ်ဌာနတွေမှာ နေထိုင်နေရတယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

အခုနှစ် မေ ၁၄ ရက်က ရခိုင်ပြည်နယ်အတွင်းကို အင်အားပြင်း မိုခါမုန်တိုင်း ဝင်ရောက်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ မြန်မာနိုင်ငံမီးသတ်ဌာန ဦးစီးညွှန်ကြားချက်နဲ့ မြို့နယ်အသီးသီးက မီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်ခဲ့ရတာလို့ ဆိုပါတယ်။

မီးသတ်တပ်ဖွဲ့ဝင်တဦးက “တခြားမြို့နယ်က တပ်ဖွဲ့ဝင်တွေ ပြန်ရတာ တလနီးနီးတောင်ရှိပြီ။ နေပြည်တော်အဖွဲ့က လူတွေပဲ မပြန်ခိုင်းတာ၊ ဘာကြောင့်လဲတော့ မသိဘူး။ အလုပ်မရှိတော့ ပြန်ချင်နေပြီ။ မိန်းမကလည်း မွေးခါနီး ဖွားခါနီးဆိုတော့” လို့ ဒီဗွီဘီကို ပြောပါတယ်။

နေပြည်တော် မီးသတ်ဦးစီးဌာနက တပ်ဖွဲ့ဝင် ၁၀၀ ဝန်းလောက် မေ ၂၁ ရက်မှာ စစ်တွေမြို့ကို လေကြောင်းလိုင်းနဲ့ ရောက်ရှိလာပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေဖြစ်တဲ့ နယ်မြေရှင်းလင်းတာ၊ အများလှူဒါန်းထားတဲ့ စားနပ်ရိက္ခာတွေကို မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေကို တဆင့် ပြန်လည်လွှဲအပ်ပေးတဲ့ လုပ်ငန်းတွေ အဓိက လုပ်ဆောင်ပေးရတယ်လို့ သိရပါတယ်။

ဇွန်လလယ်ပိုင်းလောက်ကစပြီး မီးသတ်တပ်ဖွဲ့ဝင်တွေ ကယ်ဆယ်ရေးဆောင်ရွက်ဖို့ တာဝန်ပေးအပ်ခြင်းမရှိတော့ဘဲ စစ်တွေ၊ ညောင်ဦး၊ ကျောက်ဖြူမြို့နယ် မီးသတ်စခန်းတွေမှာ နေရပ်ပြန်ခွင့်အမိန့်ကို စောင့်မျှော်နေတာလို့ မီးသတ်တပ်ဖွဲ့ဝင် မိသားစုတွေထံက သိရပါတယ်။

မီးသတ်တပ်ဖွဲ့ဝင်တဦးရဲ့ ဇနီးက “အဘကို (မီးသတ်ဦးစီး) ပြောတော့လည်း သူဆုံးဖြတ်လို့ မရဘူး၊ မြို့နယ်ကောင်စီဝန်ကြီး အမိန့်နဲ့ပဲ လုပ်ရမှာလို့ ပြောတယ်။ အခုက လုပ်စရာ အလုပ်လည်း မရှိတော့ဘူး။ ယူနီဖောင်းချိန်းပြီး တိုက်ပွဲဝင်ရမှာကို စိုးရိမ်နေတာ။ ကျမယောကျ်ားက စစ်သင်တန်းလည်း တက်ထားရတော့ အဲ့လိုဖြစ်မှာတော့ စိုးရိမ်တယ်။ အမြန်ပြန်လာနိုင်ပါစေပဲ ဆုတောင်းနေရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခု မီးသတ်တပ်ဖွဲ့ဝင်တွေမှာ လက်နက်ကိုင်စစ်သင်တန်း တက်ရောက်ထားသူတွေဖြစ်ပြီး ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပေါ်လာပါက လုံခြုံရေးတာဝန်တွေ လွှဲပြောင်းရယူရမှာကိုလည်း စိုးရိမ်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024