Home
မြန်မာသတင်း
ပျောက်ဆုံး နိုင်ငံရေးအကျဉ်းသားများထဲမှ ၅ ဦး ပစ်သတ်ခံခဲ့ရဟု မိသားစုဝင်များ ပြော
DVB
·
July 11, 2023

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောအကျဥ်းထောင်ကနေ ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်က သာယာ၀တီ ထောင်ကို နိုင်ငံရေးအကျဥ်းသားတွေ ထောင်ပြောင်းရာမှာ ထွက်ပြေးဖို့ ကြိုးစားတာကြောင့် သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်ရာမှ ၅ ဦး သေဆုံးသွားကြောင်း ထောင်ပိုင်အရာရှိ ဦးကျော်ဇေယျ လက်မှတ်နဲ့ မိသားစု၀င်တွေဆီကို စာပေးပို့လာတယ်လို့ သိရပါတယ်။

သေဆုံးသူ ကိုရာလေး (ခေါ်) ကိုဇင်မြင့်ထွန်းရဲ့ ဇနီးသည်က  "သူတို့ရဲ့စာမှာ ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့က ထောင်ပြောင်းကားတိမ်းမှောက်တော့မဲ့ အခြေအနေ ဖြစ်ခဲ့တာကို ကျမအမျိုးသားက ထွက်ပြေးဖို့ ကြိုးစားတာကြောင့် သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်လိုက်ရတာကြောင့် သေနတ်မှန်ပြီး သေဆုံးသွားတယ်ဆိုပြီး ဒီနေ့ ဇူလိုင်လ ၁၁ ရက်နေ့မှာ စာရောက်လာတာ။ အဲ့ဒီစာထဲမှာပါသလိုဆိုရင် သူက ပြီးခဲ့တဲ့လ ၂၇ ရက်နေ့ကတည်းက သေဆုံးသွားတာကို အခုမှ စာရောက်လာတယ်။ ရှေ့လတုန်းကလည်း စစ်တပ်ထဲခေါ်ပြီး စစ်ကြောရေးလုပ်ပြီး ရိုက်နှက်ထားသေးတယ်။ ပြီးတော့ ထောင်ပြောင်းပါသွားတယ်ဆိုပြီး၊ အင်းစိန်ထောင်လည်း သွားမေးတယ် မရှိဘူးတဲ့။ ကျိုက်စကောထောင်က လူတွေကတော့ ဗျောင်လိမ်တာ။ အဲ့ဒီရက် ကတည်းက သွားမေးတာကို ထောင်ပြောင်းပါသွားတယ်ပဲပြောတယ်၊ အခုလို သေဆုံးသွားတယ်လို့ ဘယ်သူမှ မပြောကြဘူး။ အခု ၁၄ ရက်ကြာပြီးတော့မှ စာပို့တယ်၊ အလောင်းလာကြည့်ဖို့ဆိုတာတောင်မပါဘူး၊ အလောင်မမြင်ရတော့ ဘယ်လိုယုံကြည်ရမလဲ" လို့ ပြောပါတယ်။

သေဆုံးသွားသူ ကိုအောင်မျိုးသူရဲ့ ဇနီးက "ကျမဆီကိုလည်း ၈ ရက်နေ့က စာရောက်လာတာ။ စာအိတ်မှာက ကျမနာမည်၊ လိပ်စာကလည်း ကျမတို့အိမ်လိပ်စာ၊ အထဲမှာကြတော့ သို့- နေရာမှာက မနမ်းပို့ခမ်းဆိုပြီး လိပ်မူထားတယ်။ နောက် သူတို့ပြောတဲ့ သေဆုံးသွားပြီ ဆိုတဲ့ သူရဲ့နာမည်ကလည်း ကျမ အမျိုးသားနာမည်တော့ မဟုတ်ဘူး၊ ကိုပြည့်ဖြိုးဟိန်း(ခေါ်)ကိုပြည့် တဲ့ တောကျွဲအင်းက။ အဲ့ဒီတော့ ကျမလည်း ခရိုင်ရဲရုံးကို လိုက်မေးတော့ သေဆုံးကြောင်းကတော့ မှန်ကန်တယ်၊ စာက ဟိုဘက်ဒီဘက်လွဲပြီး ရောက်သွားတဲ့ပုံစံမျိုးဖြေတယ် သူတို့က။ အဲ့ဒီတော့ ကျမ အမျိုးသားကော၊ ကိုပြည့်ဖြိုးဟိန်းကော သေဆုံးသွားပြီလို့ ပြောရမှာပေါ့။ ကျမဆီကို မှားရောက်လာတဲ့ စာကိုတော့ ကိုပြည့်ဖြိုးဟိန်းမိသားစုထံကို သွားမပို့ရသေးဘူး။ စာထဲမှာတော့ ထွက်ပြေးဖို့ ကြိုးစားလို့ သေနတ်နဲ့ ခြောက်လှန့်ပစ်လိုက်ရင်း သေသွားတယ်လို့ ရေးထားတာပဲ။ ၂၇ ရက်နေ့ကတည်းက သေသွားတယ်လို့ ပြောတာပေါ့" လို့ ပြောပါတယ်။

ကိုအောင်မျိုးသူ၊ ကိုခန့်လင်းနိုင်၊ ကိုပြည့်ဖြိုးဟိန်းတို့ ၃ ယောက် သေဆုံးသွားကြောင်းကို ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်က အကြောင်းကြားစာပို့ခဲ့ပြီး ဇူလိုင် ၁၁ ရက် ဒီနေ့မှာတော့ ကိုရာလေး (ခေါ်) ကိုဇင်မြင့်ထွန်းနဲ့ ကို ပြည့်ဖြိုးအောင်(ခေါ်)ကိုဟာနစ် တို့ ရဲ့မိသားစုဆီကို သေဆုံးကြောင်းစာ ရောက်လာခဲ့တာပါ။

ပျောက်ဆုံးနေတဲ့ နိုင်ငံရေးအကျဥ်းသားတဦးရဲ့ ဇနီးက "ကျမအမျိုးသားလည်း ပျောက်နေတာ။ အဲ့ဒါနဲ့ ပဲခူးခရိုင်ရဲရုံးကို သွားမေးတော့ ရဲမေ မ က ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့ကတည်း ထောင်ပြောင်း ၂ သုတ် ထုတ်သွားတာ အဲ့ဒီမှာ သာယာ၀တီထောင်ကို ၁၄ ယောက်၊ အင်းစိန်ထောင်ကို ၃၁ ယောက် ထုတ်သွားတာ၊ သာယာ၀တီကားက မှောက်မလို့ဖြစ်တော့ သူတို့ကထွက်ပြေးဖို့ ကြိုးစားကြလို့ တာဝန်အရ အကုန်ပစ်သတ်လိုက်ရတာတဲ့။ ကျမအမျိုးသားနာမည်နဲ့ စုံစမ်းကြည့်တော့ အင်းစိန် ထောင်ပြောင်းတဲ့ကားမှာ ပါတယ်လို့တော့ပြောတယ်။ ဒါပေမဲ့ အင်းစိန်ထောင် လိုက်မေးကြည့်တော့လည်း မရှိဘူးဆိုပြီးပြောနေလို့ အခုထိ ပျောက်ဆုံးနေဆဲပဲ" လို့ ပြောပါတယ်။

အခုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ဒီဗွီဘီက ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ရာမှာ တာ၀န်ရှိသူက သူတို့ အဲ့ဒီဖြစ်စဉ်ကို မသိကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

အခုပျောက်ဆုံးနေသူတွေထဲမှာ နိုင်ငံရေးအကျဥ်းသား ၄၀ ကျော်၊ အရေးယူခံထားရတဲ့ ထောင်၀န်ထမ်း နဲ့ ရဲ တပ်ဖွဲ့၀င်တွေအပါအဝင် စုစုပေါင်း ၇၀ လောက် ပျောက်ဆုံးနေတာလို့ ကျိုက်စကောအကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024