ကမ္ဘောဒီးယားနိုင်ငံဟာ ဖုန်းနဲ့အွန်လိုင်း လိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်မှုနဲ့ သံသယရှိ ဂျပန်နိုင်ငံသား ၁၉ ဦးကို ပြည်နှင်ဒဏ်ပေးပြီး ဧပြီလ ၁၁ ရက်မှာ ဂျပန်နိုင်ငံကို ပြန်ပို့ခဲ့ကြောင်း ကမ္ဘောဒီးယားရဲတပ်ဖွဲ့က ပြောပါတယ်။
ရဲကားကြီးတစ်စီးဟာ အင်္ဂါနေ့မွန်းလွဲပိုင်းက ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး သံသယရှိသူတွေကို ရဲဘတ်စ်ကားပေါ်ကနေ ဂျပန်နိုင်ငံကို ပျံသန်းမယ့် မလေးရှားလေကြောင်းလိုင်း လေယာဉ်ဆီကို လွှဲပြောင်းပေးခဲ့ပါတယ်။
အားလုံး အမျိုးသားတွေချည်းဖြစ်တဲ့ ဂျပန်နိုင်ငံသားတွေကို ဇန်နဝါရီ လနှောင်းပိုင်းက တောင်ပိုင်း ဆီဟာနုခ်ဗီးလ်မြို့မှာ ရဲတပ်ဖွဲ့ရဲ့စစ်ဆင်ရေးတစ်ခုမှာ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီနောက် သူတို့ကို မြို့တော် ဖနွမ်းပင်ကို ပို့ဆောင်လိုက်ပြီး ဂျပန်နိုင်ငံကို ပြန်ပို့တဲ့အထိ အဲဒီမှာပဲ ထိန်းသိမ်းခဲ့ပါတယ်။
သံသယရှိသူ ၁၉ ဦးစလုံးဟာ ဂျပန်နိုင်ငံကို လေကြောင်းခရီးနဲ့ လိုက်ပါသွားပြီဖြစ်ကြောင်း ကမ္ဘောဒီးယား ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ချောင်ကင်ခွန်က အတည်ပြု ပြောကြားခဲ့ပါတယ်။
ဂျပန်မီဒီယာတွေရဲ့ဖော်ပြချက်အရ တိုကျိုရဲတပ်ဖွဲ့ဟာ သံသယရှိသူ ၁၉ ဦးလုံးကို ဖမ်းဝရမ်း ထုတ်ထားကြောင်း သိရပါတယ်။