ကေအိုင်အို ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် မေးမြန်းချက်
အေးနိုင်
·
November 9, 2013
တရုတ်-မြန်မာနယ်စပ် လိုင်ဇာမှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ကွန်ဖရင့်နဲ့ နောက်နှစ်ရက်အကြာ မြစ်ကြီးနားမှာ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ တွေ့ဆုံဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို မြစ်ကြီးနားမြို့က ကေအိုင်အိုဆက်ဆံရေးရုံးမှာ နိုဝင်ဘာ ၆ ရက်နေ့က တွေ့ဆုံမေးမြန်းထားပါတယ်။
လိုင်ဇာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေရဲ့ ညီလာခံက မြန်မာပြည်ရဲ့ သမိုင်းမှာ ဘယ်လောက်အထိ အရေးပါပြီး အနှစ်သာရ ရှိလဲ။
“ဒီညီလာခံကို လုပ်နိုင်တယ်ဆိုတာကတော့ အစိုးရဘက်ကလည်း သဘောတူတယ်၊ အများကြီးလည်း တက်ရောက်ကြတယ်ဆိုတော့ သိပ်ကို အရေးကြီးတဲ့ ညီလာခံတရပ်လို့ပဲ ကျနော်တို့ မှတ်ယူပါတယ်။”
မြစ်ကြီးနားဆွေးနွေးပွဲ ဆက်တိုက်ဖော်ဆောင်တော့ အဲဒီဆွေးနွေးပွဲမှာလည်း ကျေနပ်အားရတယ်ဆိုပြီး ပူးတွဲ ကြေညာချက်မှာ တွေ့တယ်၊ ဘယ်အချက်တွေက ကျေနပ်အားစရာ ကောင်းလဲ။
“အဓိကက ဆွေးနွေးပွဲတွေ ဆက်ပြီးလုပ်မယ်ဆိုတဲ့ ဆန္ဒအပေါ်မှာ ကျေနပ်အားရတယ်လို့ ပြောတာပါ။ ဆွေးနွေးပွဲတွေရဲ့ ရလဒ်အပေါ်မှာတော့ ကျနော်တို့ ဘာမှ မရှိသေးတော့ ပြောလို့ မရသေးပါဘူး။”
နှစ်ဖက် အပစ်အခတ်ရပ်စဲရေး ပူးတွဲကြေညာချက်မှာ မူကြမ်းဆိုပြီး ပါတယ်။ အပြင်မှာ လက်ခံရရှိတာက မူကြမ်းဆိုတဲ့ စကားလုံး မပါဘူး။ ဒါနဲ့ပတ်သက်လို့ နှစ်ဖက် ပူးတွဲထုတ်တာလား၊ ဒါမှမဟုတ် ဘယ်လို့ သဘောထားလဲ။
“ထုတ်ပြန်ချက်က နှစ်ဖွဲ့ကနေပြီး ရေးတဲ့စာပါ။ နှစ်ဖွဲ့ ပူးတွဲပြီး ထုတ်ပြန်တဲ့ ကြေညာချက်ဖြစ်ပါတယ်။”
နှစ်ဖက် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဆိုပြီး တစောင်ထွက်ပါတယ်၊ အစိုးရနဲ့ တိုင်းရင်းသားတွေ နှစ်ဖက် လက်မှတ်တော့မထိုးထားဘူး၊ အဲဒါ ၇ ရွက်လောက် အပြင်ကို ထွက်လာပါတယ်။ အဲဒီဟာကရော။
“ခေါင်းစဉ် ဘယ်လိုတပ်ထားလဲ။”
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်ဆိုပြီး။
[caption id="attachment_46157" align="alignright" width="300"] ဗိုလ်ချုပ်ဂွမ်မော်[/caption]
“အခု ကျနော်တို့ လိုင်ဇာညီလာခံ မလုပ်ခင် ၂၅ ရက်နေ့မှာ ကျနော်တို့ကို အစိုးရဘက်ကနေ မူကြမ်းတစောင် ပို့ထားပါတယ်။ လိုင်ဇာညီလာခံမှာက အဲဒီမူကြမ်းပေါ် မူတည်ပြီး ဆွေးနွေးတယ်၊ ပြီးတော့ ညီလာခံကနေ အတည်ပြုတဲ့ သဘောထားအရ ခေါင်းစဉ် ၁၁ ခုကို ကျနော်တို့ ရွေးခဲ့တယ်။ ရွေးပြီး မြစ်ကြီးနားအစည်းအဝေးမှာ ကျနော်တို့ ပြန်တင်ပြပါတယ်။ မြစ်ကြီးနားရောက်တော့ ၄ ရက်နေ့ ညနေမှာ အစိုးရကိုယ်စားလှယ်အဖွဲ့ကနေပြီး လိုင်ဇာညီလာခံကို ပို့ပေးတဲ့ စာတမ်းမဟုတ်ဘဲနဲ့ စာတမ်းတစောင် ကျနော်တို့ကို ပြန်ပေးပါတယ်။ အဲတော့ စာတမ်းက ၂ စောင် ဖြစ်နေပါတယ်။”
လိုင်ဇာနဲ့ မြစ်ကြီးနားဆွေးနွေးပွဲတွေလို ပုံစံတူ ဆွေးနွေးပွဲတွေကို ကရင်ပြည်နယ် ဘားအံနဲ့ အခြားနေရာတခုမှာ ကျင်းပမယ်လို့ သိရပါတယ်။ အဲဒီအတွက် ဘာတွေများ ဆွေးနွေးဖို့ ပြင်ဆင်ထားလဲ။
“တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဘယ်လိုလက်မှတ် ရေးထိုးကြမလဲဆိုတဲ့အပိုင်းပေါ့။ ညီလာခံကနေ တာဝန်ပေးလိုက်တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ကတော့ စာချုပ်အတွက် အဆင်သင့်ဖြစ်သည်အထိ ဆောင်ရွက်ရန်ဆိုပြီး ကျနော်တို့ကို တာဝန်ပေးထားပါတယ်။ ဒီကိစ္စကို ကျနော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”
အဲဒီညီလာခံမှာ တနိုင်ငံလုံး အပစ်ရပ်ရေး လုပ်ဖို့ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ချမှတ်ရေးက မရှိမဖြစ်လိုအပ်တယ်လို့ တိုင်းရင်းသားတွေဘက်က ပြောပါတယ်။ အစိုးဘက်ကတော့ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးကို လုပ်ရမယ်၊ ပြီးရင် နိုင်ငံရေးမူဘောင်ချမယ်၊ ပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲတွေသွားမယ်ဆိုတော့ မူဘောင်အရင်ချရေးနဲ့ အပစ်ရပ်ရေးဆိုတဲ့ ကွဲလွဲချက် နှစ်ခုက ဘယ်လောက်အထိ အရေးကြီးလဲ။
“တကယ်တော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ မူဘောင်ကတော့ တပြိုင်တည်းမှာ ဆွေးနွေးရမယ့် ကိစ္စပါ။ သို့သော်လည်း နိုင်ငံရေးဆွေးနွေးပွဲတွေ သွားဖို့ကတော့ အပစ်အခတ် ရပ်စဲရေးကို လုပ်မယ်၊ အဲဒါလုပ်ပြီးမှ နိုင်ငံရေး ဆွေးနွေးပွဲသွားမယ်။ တချို့မူဘောင်တွေက တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်အတွက် ပြင်ဆင်နေတဲ့အချိန်မှာကို ဆွေးနွေးဖို့လိုအပ်တဲ့ အချက်တွေ ပါပါတယ်။ တချို့နေရာတွေမှာ တပြိုင်တည်း သွားမယ်။ ဒါပေမယ့် လက်မှတ် ရေးထိုးမှုကတော့ ဖြစ်စဉ်အစပိုင်းမှာ ဖြစ်ပါလိမ့်မယ်။”
ဒါဆို နှစ်ဖက် ညှိနှိုင်းဖို့ ပုံစံတူတဲ့နေရာမှာ တော်တော်နီးစပ်တဲ့ အနေအထားမှာ ရှိတဲ့သဘောလား။
“အခုတော့ နီးစပ်တယ်လို့ ပြောမရသေးဘူး။ ကျနော်တို့ ဆက်ပြီး ညှိရဦးမယ်၊ ကျနော်တို့ လိုင်ဇာညီလာခံကနေ ယူလာတဲ့ ခေါင်းစဉ် ၁၁ ခုအပေါ်မှာ ၉ ခုကို အစိုးရက လက်ခံတယ်လို့ ပြောပါတယ်။ တချို့အချက်တွေက ကျနော်တို့ အပြည့်အစုံ မရေးရသေးဘူး။ ရေးပြီးတဲ့အချိန်မှ ကျနော်တို့ ထပ်ပြီးတော့ ဆွေးနွေးဖို့ ဖြစ်ပါတယ်။”
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ဖက်ဒရယ်ပြည်ထောင်စုတရပ် ပေါ်ထွန်းရေး ဆိုတဲ့ ရပ်တည်ချက်မျိုးရှိတယ်။ တချို့လည်း အစပျိုးလျှို့ဝှက်ဖွဲ့တယ်လို့ သိရပါတယ်။ အဲတော့ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်က မြန်မာပြည်မှာ လိုသလား၊ ဘာကြောင့် လိုတာလဲ။
“အခု ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကနေ တောင်းဆိုနေတဲ့ နိုင်ငံပုံစံက ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ဖို့လို့ ကျနော်တို့ တောင်းဆိုနေတယ်။ ဖက်ဒရယ်နိုင်ငံ ဖြစ်တဲ့အတွက်ကြောင့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ရှိသင့်တယ်လို့ တောင်းဆိုချက်ဖြစ်ပါတယ်။ အားလုံး ၀ိုင်းပြီး ဆွေးနွေးပြီးမှ တကယ်လို့ ကျနော်တို့နိုင်ငံဟာ ဖက်ဒရယ် ပြည်ထောင်စုမဟုတ်ဘူးဆိုရင်တော့ ဒီနိုင်ငံရဲ့ စစ်တပ်ကတော့ ဖက်ဒရယ် စစ်တပ်မရှိနိုင်ဘူး။ တကယ်လို့ လူထုနဲ့ တာဝန်ရှိသူများအားလုံး ဆွေးနွေးပြီးမှ ကျနော်တို့နိုင်ငံကို အာဏာရှင်နိုင်ငံ ထူထောင်ကြစိုလို့ သဘောတူခဲ့ကြရင် အာဏာရှင် တပ်မတော် ပေါ်လာမှာပေါ့။ အဲတော့ နိုင်ငံတော်ကို ဘယ်လိုဖွဲ့စည်းသလဲဆိုတဲ့အပေါ်မှာ ပေါ်ထွန်းလာရမယ့် တပ်မတော် ဖြစ်တယ်၊ အခု ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်လို့ ပြောတာက ကျနော်တို့ တောင်းဆိုနေတာက ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ထောင်ရေး ဖြစ်လို့ ဒီလိုနာမည်ပေးရခြင်းဖြစ်ပါတယ်။”
သမ္မတ ဦးသိန်းစိန် တက်လာပြီးနောက်ပိုင်း ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ ပုံစံမျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် ပြောလာတယ်၊ လွှတ်တော်ကလည်း ပြောလာတယ်။ ဗိုလ်ချုပ် ဂွမ်မော်တို့ ရည်မှန်းတဲ့ ဖက်ဒရယ်နဲ့ အစိုးရနဲ့ လွှတ်တော်ကပြောတဲ့ ဖက်ဒရယ်က အတူတူပဲလား၊ စကားလုံးက အတူတူပဲ၊ အနှစ်သာရချင်းရော တူတူပဲလား။
“အခုချိန်ထိ အစိုးရနဲ့ ကျနော်တို့ ဒီခေါင်းစဉ် မဆွေးနွေးရသေးပါဘူး။ အစိုးရဘက်ကလည်း ပြည်ထောင်စုကို ပြောတယ်၊ ကျနော်တို့ကလည်း ဖက်ဒရယ် ပြည်ထောင်စုလို့ ပြောတယ်။ အဲတော့ ဒီသဘောထားက ဆွေးနွေးတဲ့အခါမှပဲ ကျေကျေလည်လည် ဆွေးနွေးရမှာပေါ့။ အခုချိန်ထိတော့ ဒီကိစ္စက ဆွေးနွေးတဲ့အထဲမှာ မရောက်သေးပါဘူး။”
ဗိုလ်ချုပ်တို့ မျှော်မှန်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုပုံစံ ဘယ်လိုလဲဆိုတာ မြန်မာပြည်သူတွေ သိအောင် ရှင်းပြပေးပါ။
“ကျနော်တို့ မျှော်မှန်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုက ကျနော်တို့ နိုင်ငံဟာ မတူကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးတွေ အများကြီး နေထိုင်ကြတယ်။ မတူညီတဲ့ တိုင်းရင်းသားလူမျိုးတွေ နေထိုင်ကြဖို့ အသင့်လျော်ဆုံးကတော့ ဖက်ဒရယ်စနစ် တည်ဆောက်တဲ့ နိုင်ငံတော်တခုဖြစ်တယ်လို့ ကျနော်တို့ မြင်တယ်။ အတူတကွ တန်းတူ အမြဲတန်း ယှဉ်တွဲနေထိုင်နိုင်မယ့် နိုင်ငံပုံစံမျိုးကို ပြောလိုတာ ဖြစ်ပါတယ်။”
တနိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင်တဦးအနေနဲ့ နိုင်ငံရေးဖြစ်ထွန်းတိုးတက်မှုတွေ လျင်မြန်နေတဲ့ဟာက မြန်မာပြည်ဟာ မကြာမီကာလအတွင်း အပစ်ခတ်တွေ ရပ်စဲ၊ နိုင်ငံရေးဆွေးနွေးပွဲတွေစ၊ ငြိမ်းချမ်းတဲ့ဘ၀ကို ကူးနိုင်ပြီလို့ မျှော်လင့်နိုင်တဲ့ လမ်းစကို မြင်ပြီလား။
“အခု ကျနော်တို့ ဆွေးနွေးရေးတွေ လုပ်နေတယ်ဆိုတော့ ဆွေးနွေးတဲ့အဆင့်နဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအဆင့်ကို တကယ်အောင်အောင်မြင်မြင်၊ ခိုင်ခိုင်မာမာ လုပ်နိုင်ရင် ကျနော်တို့ ခိုင်မာတဲ့လမ်းစကို ရောက်ပြီလို့ မြင်တယ်။ သို့သော်လည်း ယုံကြည်မှုတွေ အများကြီးတည်ဆောက်ဖို့ လိုပါတယ်။”
ဒီဗွီဘီကနေပြီး မြန်မာပြည်သူတရပ်လုံး၊ တိုင်းရင်းသားပေါင်းစုံတရပ်လုံးကို ဘာများပြောချင်ပါသလဲ။
“ကျနော်တို့ မျှော်မှန်းတာကတော့ တိုင်းရင်းသားများအားလုံး တန်းတူရည်တူနဲ့ အတူတကွ စုပေါင်းနေထိုင်နိုင်တဲ့ နိုင်ငံတော်အသစ်ကို ကျနော်တို့ လိုချင်တယ်။ ဒီလိုဖြစ်ဖို့က ကျနော်တို့ ပြည်သူလူထုအချင်းချင်းကော၊ အစိုးရနဲ့ လူထုကြားထဲမှာကော၊ ယုံကြည်မှုတွေ သိပ်ခိုင်မြဲဖို့ လိုပါတယ်။ ယုံကြည်မှုတည်ဆောက်တယ်ဆိုတာက လက်မှတ်ရေးထိုးရုံနဲ့ မပြီးဘူး၊ ကိုယ့်ဘက်ကနေ လိုက်နာရမယ့် စည်းကမ်းတွေရှိတယ်။ ဘယ်လိုအချိန်မျိုးမှာ ယုံကြည်မှုက ကောင်းနေပြီလဲလို့ ပြောရင် ဥပမာ ပြည်ထောင်စု မြန်မာနိုင်ငံတော်လို့ ပြောလိုက်ရင် ကျနော်တို့ ကချင်လူမျိုးများကလည်း ဒါကိုယ့်နိုင်ငံပဲဆိုတဲ့ အသိ၊ ကရင်နီ၊ ရှမ်း စသဖြင့် ကျန်တဲ့ တိုင်းရင်းသားတွေအားလုံးက ဒါကိုယ့်နိုင်ငံပဲဆိုတဲ့ အသိ ကိန်းအောင်းလာတဲ့ အချိန်မှာတော့ ယုံကြည်မှုက ပြည့်စုံပြီလို့ ပြောလို့ရပါတယ်။ ဒီလိုအခြေအနေမျိုးရောက်အောင် အားလုံး ၀ိုင်းဝန်းကြိုးပမ်းကြပါစို့လို့ ကျနော်ပြောချင်ပါတယ်။”