အီရန်နိုင်ငံအာဏာပိုင်တွေအနေနဲ့ ခေါင်းဆောင်းဝတ်ဆင်ထားမှုမရှိတဲ့ အမျိုးသမီးတွေကို ဖော်ထုတ်ကာ အပြစ်ပေးအရေးယူနိုင်ဖို့အတွက် အများပြည်သူနေရာတွေမှာ ကင်မရာတွေ တပ်ဆင်နေတယ်ဆိုပြီး ရဲတပ်ဖွဲ့ က ဧပြီ ၈ ရက်မှာ ကြေညာခဲ့ပါတယ်။
အသက် ၂၂ နှစ်အရွယ် အီရန်ကာ့ဒ် အမျိုးသမီးငယ်တဦးကို ဟီဂျပ်ဘ် စည်းမျဉ်းချိုးဖောက်တယ်လို့ စွပ်စွဲကာ ကျင့်ဝတ်ထိန်းရဲတွေရဲ့ ဖမ်းဆီးမှုကြောင့် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ လူသေဆုံးသွားတဲ့အတွက် နိုင်ငံတဝန်းဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
ဒီလို လူထုအုံကြွမှုတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်ဖြိုခွင်းခဲ့ပေမယ့်လည်း ဒီဖြစ်ရပ်တွေ နောက်ပိုင်းမှာ အမျိုးသမီးတွေက အာဏာပိုင်တွေအပေါ် အာခံဖီဆန်တဲ့အနေနဲ့ ခေါင်းစည်းပုဝါဝတ်ဆင်မှု ဖယ်ရှားတာမျိုးတွေကို ပိုမိုလုပ်ဆောင်လာကြပါတယ်။
ဒါကြောင့် အီရန်ရဲချုပ်ဖြစ်သူက “အဆင့်မြင့်နည်းပညာနဲ့ စက်ပစ္စည်းတွေ အသုံးပြုကာ ခေါင်းဆောင်း မဝတ်ထားတဲ့သူတွေကို ဖော်ထုတ်သွားမှာဖြစ်သလို ဒီအမျိုး သမီးအနေနဲ့ သတိပေးခံရမှာ ဖြစ်တဲ့အပြင် ကိစ္စရပ်ကို ဖြေရှင်းဖို့အတွက် စာရွက်စာတမ်းတွေနဲ့အတူ တရားစီရင်ရေးစနစ်အတိုင်း ရင်ဆိုင်ရမှာဖြစ်တယ်”လို့ ပြောကြားသွားပါတယ်။
အီရန်အကြွင်းမဲ့ ခေါင်းဆောင်ဖြစ်သူ ခါမေနီကတော့ ရှရီယာ ဘာသာရေးဥပဒေထဲမှာ ဟီဂျပ်ဘ်မပါဘဲ ထုတ်ဖော်ပြသခြင်းကို တားမြစ်ထားတဲ့အပြင် ဒါဟာ တရားဥပဒေနဲ့ ဘာသာရေးအရဖြစ်ပြီး အစိုးရရဲ့ ကန့်သတ်ချက်မဟုတ်ဘူးလို့ ဧပြီ ၄ ရက်မှာ မှတ်ချက်ပေးပါတယ်။
၁၉၇၉ ခုနှစ် တော်လှန်ရေးနောက်ပိုင်း အီရန်နိုင်ငံရဲ့ အစ္စလာမ္မစ် ရှရီယာဥပဒေအရ အမျိုးသမီးတွေဟာ သူတို့ရဲ့ဆံပင်ကို ဖုံးအုပ်ထားရမှာဖြစ်သလို ခန္ဓာကိုယ် ပုံစံကိုပါ ရုပ်လုံးမပေါ်စေဖို့အတွက် ရှည်လျားပြီး ပွရွတဲ့ အဝတ်အစားတွေကိုသာ ဝတ်ဆင်ဖို့ တာဝန်ရှိ ကြောင်း ပါဝင်ပါတယ်။
ဒီအပေါ်မှာ ချိုးဖောက်သူတွေအနေနဲ့ အများသူငှာရှေ့မှာ ပြစ်တင်ဆုံးမတာမျိုး အပါအဝင် ဒဏ်ကြေးပေးဆောင်တာ ဒါမှမဟုတ် ဖမ်းဆီးခံရတာမျိုးအထိ ကြုံတွေ့ရနိုင်ပါတယ်။