စောင့်ကြည့်လူနာ ၂၁ ဦးထဲမှ ၁၃ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်မရှိ
DVB
·
February 15, 2020
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၂၁ ဦးထဲက ၁၃ ဦးဟာ ရောဂါပိုး လုံးဝ မရှိဘူးလို့ အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက် ကြေညာပါတယ်။
ဒီလူနာတွေရဲ့ ဓာတ်ခွဲအဖြေတွေမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး မရှိဘူးလို့ ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းမှာ ရည်ညွှန်းဓာတ်ခွဲခန်းက ပြန်ကြားလာတယ်လို့ ဆိုပါတယ်။
အဲဒီရောဂါပိုး မရှိဘူးဆိုတဲ့ သူတွေကတော့ တောင်ကြီး စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီးက အမျိုးသား ၁ ဦး၊ ပုတီးကုန်း တိုက်နယ်ဆေးရုံက အမျိုးသမီး ၁ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ် ဆေးရုံက အမျိုးသမီး ၁ ဦး၊ မကွေးပြည်သူ့ဆေးရုံကြီးက အမျိုးသမီး ၁ ဦး၊ မန္တလေး ပြည်သူ့ဆေးရုံကြီးက အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ ဝေဘာဂီအထူးကုဆေးရုံက အမျိုးသမီး ၁ ဦး (စင်ကာပူနိုင်ငံမှ ပြန်လာသူ)၊ မောင်တော ပြည်သူ့ဆေးရုံက အမျိုးသား ၁ ဦး၊ ပေါက်မြို့နယ်ဆေးရုံက အမျိုးသမီး ၁ ဦး၊ မောက်မယ်မြို့နယ်ဆေးရုံက အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၃ ဦးတို့ ဖြစ်ပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုမှုနဲ့ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သက်ဆိုင်ရာဆေးရုံတွေမှာ စောင့်ကြပ်ကြည့်ရှု ကုသမှုခံယူတဲ့ ကျန်လူနာတွေရဲ့ ဓာတ်ခွဲ စစ်ဆေးမှုအဖြေ သတင်းတွေကို ဆက်ပြီးထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။
ဒီနေ့မနက်ပိုင်းအထိ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၇၁၀၂ ဦး၊ သေဆုံးသူ ၁၅၂၆ ရှိပြီဖြစ်ပြီး တရုတ်နိုင်ငံမှာ ၁၅၂၃ ဦး၊ ဖိလစ်ပိုင်၊ ဟောင်ကောင်နဲ့ ဂျပန်နိုင်ငံတို့မှာ ၁ ဦးစီ သေဆုံးခဲ့ပါတယ်။ ရောဂါ ပျောက်ကင်းသက်သာသူ ၈၂၇၆ ရှိပြီလို့ သိရပါတယ်။