Home
Lead Story
မြေယာနှင့်ပတ်သက်၍ ဥပဒေရေးရာ အမေးအဖြေ
DVB
·
June 30, 2019
မြေယာနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်က မေးမြန်းလာတာတွေကို ဦးမောင်မောင်ညွန့် (ဥပဒေသုတေသီ) အား ဒီဗွီဘီသတင်းထောက် နေရီရီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - မြေလွတ်မြေရိုင်းလုပ်ပိုင်ခွင့် ရရှိထားသူက သက်ရှိထင်ရှား မရှိတော့ပါ။ စိုက်ပျိုးထားတဲ့ အပင်တွေလည်း အသီးခူးနိုင်ပြီဖြစ်တဲ့အတွက် ကျန်ရစ်သူ မိသားစုအနေနဲ့ ပုံစံ ၇ လျှောက်လို့ရပါသလား။ ဘယ်သူ့နာမည်နဲ့ ဘယ်လိုလျှောက်ထားရမလဲ ဆိုတာကို အကြံပြုစေလိုပါတယ်။ ဖြေ - ဒီမေးခွန်းက အတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ သူကတော့ အတိုလေး မေးတာဆိုပေမယ့် ကျနော်တို့က ဒီအထဲမှာ အပိုင်း (၃)ပိုင်းသွားတွေ့ပါတယ်။ ပထမတပိုင်းက ကွယ်လွန်သူရတဲ့ မြေလွတ်မြေရိုင်း၊ ဒုတိယ တပိုင်းက ဒါနဲ့ပတ်သက်လို့ ကျန်ရစ်သူမိသားစုက ဘယ်လိုအမွေဆက်ခံမလဲ၊ တတိယတစ်ပိုင်းက အဲဒီ အမွေဆက်ခံပြီးရင် ပုံစံ (၇) ဘယ်လိုလျှောက်မလဲ ဆိုတဲ့အပိုင်း ၃ ပိုင်းပါလာပါတယ်။ သာမန်အားဖြင့်လူတွေက မြေလွတ်မြေရိုင်းလုပ်ပိုင်ခွင့်ကို ၂၀၁၇ ခုနှစ်၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့် ခွဲမှုဥပဒေအရ ရတဲ့ မြေလွတ်၊မြေရိုင်းလို့ ထင်ရင်တော့ ဒါက တပိုင်းပါ။ သို့သော် မသိသေးတဲ့ အကြောင်း အရာရှိသေးပါတယ်။ ကွယ်လွန်သူဆိုတဲ့ ထည့်သွင်းစဉ်းစားရမဲ့ အပိုင်းလေးတွေ ရှိပါတယ်။ မြေလွတ်၊ မြေရိုင်း လုပ်ပိုင်ခွင့်ကို ဒီဥပဒေတစ်ခုတည်းနဲ့ ပေးခဲ့တာမဟုတ်ပါဘူး။ ၁၉၉၁ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် စီမံခန့်ခွဲရေး ဗဟိုကော်မတီကနေ လုပ်ထုံးလုပ်နည်းနဲ့ ပေးခဲ့တဲ့ မြေလွတ်မြေရိုင်းတွေရှိပါတယ်။ အဲဒီလို မြေလွတ်၊ မြေရိုင်းမျိုးကျတော့ ဒီမြေလွတ်၊မြေလပ်ဥပဒေ ပြန်လည်ထွက်လာတဲ့အခါမှာ ဒါတွေကို ပုဒ်မ ၂၂ မှာ ယခင်က ဗဟိုအဖွဲ့က ခွင့်ပြုမိန့်ရခဲ့တဲ့ လုပ်ပိုင်ခွင့်ရခဲ့တဲ့ မြေတွေကို ဒီဥပဒေအရ ဗဟိုကော်မတီမှာ မှတ်ပုံတင်ပြန်ပြီး ရှောက်ထားရမယ်လို့ ဆိုပါတယ်။ အခုမေးလာတဲ့မြေဟာ အဲဒီလို ယခင်က ဗဟိုကော်မတီက ပေးခဲ့တဲ့မြေဆိုရင် နောက်တဆင့်တက်ဖို့ကို သူသည် မြေလွတ်၊မြေလပ်၊ မြေရိုင်း ဗဟိုကော်မတီဆီမှာ ပြန်လျှောက်ရမယ့် အပိုင်းပဲဖြစ်ပါတယ်။ တခါအဲဒီလို ဒီဥပဒေမပေါ်ခင်က ဗဟိုအဖွဲ့က ပေးခဲ့တာရှိသလို နောက်ထပ်မြေလွတ်၊မြေရိုင်းပေးခဲ့တဲ့ အမျိုးအစားကလည်း ရှိပါတယ်။ ဒါက ဘာလဲဆိုရင် ဝန်ကြီးအဖွဲ့က ကြိုတင်ခွင့်ပြုမိန့် ဆိုတဲ့အနေအထားမျိုးနဲ့ အရေးပုဂ္ဂိုလ် ဗီအိုင်ပီ ခရီး စဉ်တွေမှာ ချပေးသွားတဲ့ကိစ္စ၊ ဝန်ကြီးအဖွဲ့ကနေပြီးတော့ ကြိုတင်ခွင့်ပြုမိန့်တွေ ထုတ်ပေးပြီး မြေလွတ်၊ မြေရိုင်း ပေးခဲ့တာရှိသလို၊ သက်ဆိုင်ရာ၊ တရက၊ ပရက တွေကို လုပ်ပိုင်ခွင့်ပေးပြီးတော့၊ တရက၊ ပရကတွေက ဒေသ အာဏာပိုင်ခွင့်ပြုမိန့်ဆိုတဲ့ ပေးတဲ့မြေလွတ်၊မြေရိုင်းတွေလဲရှိပါတယ်။ ဒါတွေနဲ့ပတ်သက်လာရင် ဝန်ကြီးအဖွဲ့ရဲ့ ကြိုတင်ခွင့်ပြုအမိန့်ဆိုတာနဲ့ ဒေသအာဏာပိုင်းရဲ့ ခွင့်ပြုအမိန့်ဆိုတာတွေက မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေမှာ ပါမလာဘူး။ ဥပမာ ရန်ကုန်တိုင်းမှာဆိုရင် ငါးဆူတောင်လိုဟာမျိုး  ဒီလိုဟာမျိုးတွေ မပါလာသော်လည်းပဲ ဘာလုပ်ရမလဲလို့ ကျနော်တို့စောင့်ကြည့်နေတာ။ စောင့်ကြည့်တဲ့အခါမှာ ဗဟိုကော်မတီကနေ ၂၀၁၇ ဇွန်လ ၁၇ ရက်နေ့မှာ မြေလွတ်၊မြေလပ်၊မြေရိုင်းတွေကို စိုက်ပျိုး လုပ်ကိုင်ခွင့်မရှိရင် ပြန်လည်သိမ်းယူမှုနဲ့ စိုက်ပျိုးပြီးတဲ့ဧရိယာကို ပြန်လည်ပြင်ဆင်လုပ်ပိုင်ခွင့်ပေးဖို့ဆိုတဲ့ ညွှန်ကြားချက် ပြည်နယ်တိုင်းတွေကို ထုတ်လိုက်တဲ့အခါမှာ အဲဒီစာရဲ့ နောက်ဆက်တွဲဇယားမှာ ဝန်ကြီးအဖွဲ့ရဲ့ ကြိုတင်ခွင့်ပြုအမိန့်နဲ့ပေးတဲ့ မြေရိုင်းတွေနဲ့ ဒေသအာဏာပိုင်ရဲ့ခွင့်ပြုအမိန့်နဲ့ပေးတဲ့ မြေလွတ်မြေရိုင်းတွေကို ဤဥပဒေနဲ့အညီပြန်လည်ရှောက်ထားရမည်။ ၂၀၁၂ မြေလွတ်၊မြေရိုင်း၊ စီမံခန့်ခွဲရေး ဥပဒေနဲ့အညီ ပြန်လည်လျှောက်ထားစေရမည် ဆိုတဲ့အတွက် အဲဒီလို ဒေသအာဏာပိုင်နဲ့ ဝန်ကြီးအဖွဲ့က ပေးတာဆိုရင်တော့ ဒီစာအရ ယခုဆိုရင် ဒါကိုလည်း ဗဟိုကော်မတီပြန်ပြီး လျှောက် ထားရမယ်။ အဲဒီလိုလျှောက်ထားလိုက်တဲ့အခါမှဤမြေလွတ်  မြေလပ် မြေရိုင်းတွေက ၂၀၁၂ မြေလွတ်၊မြေလပ်၊ မြေရိုင်းဥပဒေဘောင်ထဲကို ဝင်သွားပါ့မယ်။ ဝင်သွားတဲ့အခါ ကျတော့ အမွေဆက်ခံမှု လိုလာပါတယ်။ ဒါနဲ့ပတ်သက်လာရင် ဥပဒေမှာလည်း မတွေ့ရပါဘူး။ သို့သော် သိုသိုသိပ်သိပ်လေးတွေ့ရတာက ဥပဒေရဲ့ပုဒ်မ ၁၆ ပုဒ်မခွဲ ( ဂ ) မှာက မြေတွေကို လွှဲပြောင်းနဲ့ပတ်သက်တဲ့ နေရာမှာ ပြည်ထောင်စုအစိုးရခွင့်ပြုချက်မရဘဲနဲ့ ဤမြေလွတ်၊မြေရိုင်းတွေကို မပေါင်ရဘူး၊ မရောင်းရဘူး၊ မပေးရဘူး၊ တခြားနည်း မလွှဲရဘူးဆိုတဲ့အတွက် သည်အမွေဆက်ခံမှုက ပေးကမ်းခြင်း၊ အခြားနည်းလွှဲပြောင်း ခြင်း ဆိုတာတွေနဲ့သဘောဖြစ်နေတော့ သည်ပုဒ်မအရဆိုရင် ပြည်ထောင်စုအစိုးရခွင့်ပြုချက်ရရင် အမွေဆက်ခံ လို့ ရမဲအနေအထားကို ကျွန်တော်တို့က ကောက်ယူပါတယ်။ အဲဒီလိုကောက်ယူတဲ့နေရာမှာလည်း  နောက်တဆင့်ဆက်ပြီးတွေ့တာက ၂၀၁၆ ခုနှစ်အောက်တိုဘာ၁၇ ရက် နေ့မှာ ဗဟိုကော်မတီက တိုင်းဒေသကြီးတွေကို ညွှန်ကြားတဲ့အခါမှာ ဆက်လက်လုပ်ကိုင်ခြင်းမရှိတဲ့  မြေလွတ်၊ မြေလပ်၊မြေရိုင်းတွေကို ပြန်လည်အပ်နှံရန် နည်းလမ်းညွန်ကြားချက်ဆိုတဲ့အထဲမှာ အကယ်၍ မူလလုပ်ပိုင်ခွင့်ရရှိသူ ကွယ်လွန်သွားရင် အမွေဆက်ခံတဲ့သူတွေက သက်ဆိုင်ရာတရားရုံးရဲ့ အမွေဆက်ခံပိုင်ခွင့် ဒီဂရီအမိန့်ကို ပူးတွဲပြီး အပ်နှံနိုင်တယ်လို့ ညွှန်ကြားထားပါတယ်။ ဒါကို  သွယ်ဝိုက်ပြီး ကောက်ယူမယ်ဆိုရင်တော့ ဒါဟာ အမွေ ဆက်ခံခွင့်ကိုလည်း ခွင့်ပြုချက်ရဖို့ကို သက်ဆိုင်ရာ တရားရုံးကနေပြီးတော့ အမွေဆက်ခံခွင့် အတွက် ဒီဂရီအမိန့်ကိုရယူပြီး အဲဒီအမိန့်နဲ့အတူ ဗဟိုကော်မတီမှ တဆင့် ပြည်ထောင်စု အစိုးရအဖွဲ့ကိုတင်ပြပြီး အမွေဆက်ခံခွင့်ရနိုင်တယ်လို့ ယူဆပါတယ်။ ဒါဟာ ကျနော်ရဲ့ ယူဆချက်ပါ။ သို့သော် ဒါနဲ့ပတ်သက်လို့ တိကျတဲ့ညွန်ကြားချက်မရှိဘူး။ ပြီးတော့မှ အဲ့ဒီလိုအမွေရပြီး နာမည်ပေါက်ပြီးရင်တော့ ပုံစံ (၇) ရဖို့ကျတော့ ဥပဒေအရက  စိုက်ပျိုးထုတ်လုပ်ပြီးတော့ သီနှံဖြစ်ထွန်းတဲ့အချိန် ဆိုတဲ့အတွက် အပြည့်လည်း စိုက်ထားပြီးသား ဖြစ်ရမယ်။ ခူးဆွတ်နိုင်တဲ့ အနေအထားလည်း ရောက်ပြီဟေ့ဆိုရင် ဒီအထောက်အထားတွေနဲ့တကွ တင်ပြလျှောက် ထားမယ်ဆိုရင်တော့ ပုံစံ (၇) ရနိုင်ပါတယ်။ မေး - ကျနော့်နယ်မှာ ကျေးရွာအုပ်ရေးမှူးက ကျေးရွာဖွံ့ဖြိုးရေးအတွက်ဆိုပြီး ပလပ်မြေကို ရောင်းပြီး အသုံးပြုခဲ့ပါတယ်။ အများအကျိုးအတွက်သုံးသည်ဖြစ်စေ၊ ကိုယ်ကျိုးအတွက် သုံးသည်ဖြစ်စေ ပလပ်မြေကို အခုလို ရောင်းချခွင့်ရှိပါသလား။ ပလပ်မြေနဲ့ ပတ်သက်ပြီး ဘယ်သူက စီမံခန့်ခွဲပိုင်ခွင့် ရှိပါသလဲဆိုတာ သိလိုပါတယ်။ ဖြေ - ပလပ်မြေဆိုတဲ့နေရာမှာ ကျနော်တို့က မေးခွန်းရှင်ကိုပြန်ပြီးတော့ မေးပေးရမယ့် အပိုင်း ဖြစ်လာပါတယ်။ ဘယ်လို ပလပ်မြေ ဖြစ်လာပါသလဲ။ မူလကတည်းက အသုံးမပြုပဲ လွှတ်ထားတဲ့ ပလပ်မြေလား။ တစုံတယောက်အသုံးပြုပြီးတော့ စွန့်လွှတ်သွားတဲ့ ပလပ်မြေလား၊ ဒီအပိုင်းမျိုးရှိပါတယ်။ သို့သော် ပလပ်မြေကို ကျေးရွာ အုပ်ချုပ်ရေးမှူးက ရောင်းချတာက.. ရောင်းချပိုင်ခွင့် လုံးဝမရှိပါဘူး။ ရပ်ကွက်နဲ့ကျေးရွာ အုပ်ချုပ်ရေး ဥပဒေမှာတောင်မှ ကျေးရွာအုပ်ချုပ်ရေးမှူးများရဲ့တာဝန်မှာ နိုင်ငံပိုင်မြေများကို ထိန်းသိမ်းခြင်းဆိုတဲ့အတွက် သူက ထိန်း သိမ်းဖို့တာဝန်ပဲရှိပါတယ်။ ရောင်းချဖို့ တာဝန်မပေးထားပါဘူး။ အဲဒီအတွက် ဒါဟာ ဒီကျေးရွာအုပ်ချုပ်ရေးမှူးက ဥပဒေကို ကျူးလွန်တာပဲလို့ မှတ်ချက်ချရပါမယ်။ အဲဒီတော့ ပလပ်မြေနဲ့ပတ်သက်ရင် မြေလွတ်မြေလပ်ဆိုတာက ယခင်က စိုက်ပျိုးထားပြီး အကြောင်းတစုံတရာကြောင့် စွန့်လွှတ်ထားရင် ဒါဟာ မြေလွတ်မြေ လပ်ဖြစ်သွားပါတယ်။ တကြိမ်မှ မစိုက်ဘူးသေးရင် မြေရိုင်းဖြစ်သွားပါတယ်။ အဲဒီလို မြေလွတ်မြေလပ်နဲ့ မြေ ရိုင်းဖြစ်လာရင်တော့ မြေလွတ်၊မြေလပ်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီက လုပ်ပိုင်ခွင့်ရှိတဲ့အတွက် ဒီမှာ လျှောက်ထားဆောင်ရွက်ရမဲ့အပိုင်းပဲ ဖြစ်ပါတယ်။ မေး - လယ်ယာမြေအရောင်းအ၀ယ်လုပ်ထားတဲ့ စာချုပ်စာတမ်းကို မှတ်ပုံတင်ရုံးမှာ ဘယ်လိုလျှောက်ရမလဲ။ ဒီလိုလျှောက်ဖို့အတွက် ဘယ်လိုအထောက်အထားတွေလိုအပ်မလဲ၊ မှတ်ပုံတင်ခနဲ့ အခွန်ကိစ္စကို ဘယ်လို ပေးရသလဲဆိုတာ သိလိုပါတယ် ။ ဖြေ - လယ်ယာမြေကို အရောင်းအဝယ်ပြုလုပ်လို့မရပါဘူး။ လယ်ယာမြေလုပ်ပိုင်ခွင့်ကိုပဲ အရောင်းအဝယ်လုပ်ခွင့် ပေးထားပါတယ်။ လယ်ယာမြေကို မရောင်းရဘူး။ မပေါင်ရဘူးဆိုတာကို ၁၉၅၃ခုနှစ် လယ်ယာမြေကို နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေအရကိုက အတိအလင်း ပြဋ္ဌာန်းထားပြီးသား ဖြစ်တယ်။ အဲဒီအတွက် ၁၉၅၃ ကနေ ၂၀၁၂ အထိ လယ်ယာမြေရောင်းတာ၊ ပေါင်တာအားလုံးက တရားမဝင်ဘူး။ ဒီတော့ ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ ပေါ်လာတဲ့အခါကျတော့ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချပိုင်ခွင့် ပါလာပါတယ်။ ဒီလုပ်ပိုင်ခွင့်ကို ရောင်းချတာကို မေးတာဆိုရင်တော့ လယ်ယာမြေဥပဒေအရ ဆက်လက်ဆောင်ရွက်သွားရမယ့် အနေအထားဖြစ်ပါတယ်။ ဘာကြောင့်လဲ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ရတဲ့ သူရဲ့ အခွင့်အရေးဖြစ်ပါတယ်။ အဲဒီမှာ အတိအလင်းက လယ်ယာမြေလုပ်ပိုင်ခွင့်ကို သတ်မှတ်တဲ့ စည်းကမ်းနဲ့အညီ ရောင်းချရမယ်လို့ပဲ ဆိုထားပါတယ်။ သတ်မှတ်တဲ့စည်းကမ်းဆိုတာ ပုဒ်မ ၁၂ မှာ ပြန်ကြည့်ရပါတယ်။ လယ်ယာ မြေ လုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်းတွေကို ဆောင်ရွက်တဲ့အခါမှာ ဦးစီးဌာနက သတ်မှတ်တဲ့ တံဆိပ် ခေါင်းခွန်နဲ့ စာချုပ်ခတို့ကို ပေးဆောင်ပြီး သက်ဆိုင်ရာဦးစီဌာနမှာ မှတ်ပုံတင်ရမယ်လို့ ပြောထားပါတယ်။ ဒီနေရာမှာ တံဆိပ်ခေါင်းခွန်ဆိုတာက သူရောင်းဝယ်တဲ့ လုပ်ပိုင်ခွင်နဲ့ ဆိုင်တဲ့မြေရဲ့ ဒေသန္တရ ပေါက်ဈေးနှုန်း ပေါ်မှာ တံဆိပ်ခေါင်းခွန်ကပ်ရမှာ ဖြစ်ပါတယ်။ ယခင်က ဒါတွေကို သက်ဆိုင်တဲ့လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို တာဝန်ပေးအပ်နိုင်သည်လို့ ဆိုပြီး ပုဒ်မ ၁၈ မှာ ပြပေမဲ့ ၂၀၁၈ ကနေ ယနေ့အထိ ဘယ်အဖွဲ့ကိုမှ တာဝန်မပေးရ သေးပါဘူး။ သို့သော် မကြာခင်ကမှ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို တာဝန်ပေးသည်ဆိုတာကို ဗဟိုလယ်စီကနေပြီးတော့ အမိန့်ထွက်လာပါတယ်။ အဲဒီတော့ မြို့နယ်လယ်ယာစီမံခန့်ခွဲမှုအဖွဲ့က အဲဒီလယ်ယာမြေလုပ်ပိုင်ခွင့်ရောင်းတဲ့ လယ်ယာမြေရဲ့ ဒေသန္တရ ပေါက်ဈေးကို ဖြတ်ပေးမယ်။ ဖြတ်ပေးရင် တံဆိပ်ခေါင်းအနေနဲ့ စာချုပ်ပါတန်ဖိုးရဲ့ စာချုပ်ဖြတ်ထားတဲ့ တန်ဖိုး ရဲ့၂ ရာခိုင်နှုန်း တံဆိပ်ခေါင်းခွန်ဆောင်ရပါမယ်။ တံဆိပ်ခေါင်းကပ်ပြီးတော့မှ  မှတ်ပုံတင်တဲ့အခါကျရင် တန်ဖိုးရဲ့ သုည ဒသမ ငါးရာခိုင်နှုန်းကို မှတ်ပုံတင်ကြေး ပေးသွင်းရပါမယ်။ အဲဒီလို ပေးသွင်းပြီးပြီးဆိုရင်တော့ အဲဒီ မှတ်ပုံတင်စာချုပ်နဲ့ နာမည်ပြောင်းလို့ရပြီဆိုတာကို တွေ့ရပါတယ်။ မေး - လုပ်ငန်းတစ်ခုလုပ်ဖို့အတွက် မြေစာရင်းမှာ ပုံစံ ၇ လျှောက်တော့ NRUF ဆိုတဲ့ မြေစာရင်းပုံစံ ထွက်လာပါတယ်။ ပုံစံ ၇ မလျှောက်ရသေးတဲ့အတွက် လုပ်ငန်းဆောင်ရွက်ခွင့် မပြုနိုင်ဘူးလို့ တိုင်းဒေသကြီးအစိုးရက ပြောပါတယ်။ ဥပဒေနဲ့အညီလုပ်ဆောင်နေတဲ့ အသင်းအဖွဲ့၊ကုမ္ပဏီတစ်ခုကို ဒီလိုခွင့်ပြုချက်မပေးတာက လယ်ယာမြေဥပဒေကြောင့်လား၊ ဘာကြောင့်လဲဆိုတာကို သိပါရစေ ။ ဖြေ - သူပြောတဲ့ NRUS ဆိုတာ နောက်ဆက်တွဲ တိုင်းတာခြင်း မပြုရသေးတဲ့ မြေလို့ပဲ အဓိပ္ပါယ်ကောက်ယူရပါတယ်။ အဲဒီတော့ လယ်ယာမြေဥပဒေမှာ ဖွင့်ဆိုချက်ကို ပြန်ပြီးလေ့လာဖို့ လိုပါတယ်။ လယ်ယာ၊ ကိုင်းကျွန်း၊ ဥယျာဉ် စသည်ဖြင့် သတ်မှတ်သောမြေလို့ ဆိုတဲ့အတွက် ဒီလိုသတ်မှတ်ဖို့သည် ကြေးတိုင်မြေမျိုး သတ်မှတ်ထားတဲ့ မြေမျိုး ဖြစ်ရပါမယ်။ ကြေးတိုင်မြေမျိုး သတ်မှတ်ထားတဲ့ မြေမျိုးဖြစ်ဖို့အတွက်ဆိုရင် ကွင်းမြေပုံ ရှိရပါမယ်။ ယခုလို ကွင်းမြေပုံမရှိတဲ့ အရပ်ကမြေကိုဆိုရင် လတ်တလော အဓိပ္ပါယ်ဖွင့်ဆိုချက်တွေအပေါ်မှာ ကောက်ယူမှု တွေအရ လယ်ယာမြေလို့ မသတ်မှတ်တဲ့အတွက် ပုံစံ ( ၇ ) မပေးပါဘူး။ သို့သော် သူလုပ်ချင်တယ်ဆိုရင် တော့ ဒီမြေက လယ်ယာမြေမဟုတ်ရင် မြေလွတ်မြေရိုင်း ဖြစ်နေပါပြီ။ မြေလွတ်၊မြေရိုင်းများ လုပ်ပိုင်ခွင့် အတွက်ကိုမြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲမှုဥပဒေအရ လျှောက်ထား ဆောင်ရွက်ခြင်းအားဖြင့်သူ့အတွက် အဆင်ပြေနိုင်မယ်လို့ ဖြေကြားလိုပါတယ်။ မေး - ကျနော်တို့ အိမ်ဝိုင်းက မိဘလက်ထက်ကတည်းက နေလာတာနှစ်ပေါင်း နှစ်ဆယ်ကျော်ပါပြီး ရွာမြေပါ ဘယ်လိုမြေအမျိုးအစားတွေကို ပြန်လျှောက်ခွင့်ရှိပါသလဲတဲ့။ ဂရမ်လျှောက်မယ်ဆိုရင် ဘယ်လိုလျှောက်ရမလဲ ဆိုတာ ပြည့်ပြည့်စုံစုံပြောပေးပါရန်။ ဖြေ - ရွာမြေဆိုတော့ မြေတိုင်းတာပြီး အကွက်တွေကို တိုင်းထားတဲ့မြေပုံ မရှိပါဘူး။ မရှိတဲ့အတွက် ဒီကိစ္စကိုလုပ်မယ်ဆို လုပ်ငန်းရှည်လျားစွာလုပ်ပြီးတော့ သူတယောက်တည်း အတွက်လည်း အခက်အခဲအများကြီး တွေ့နိုင်ပါတယ်။ ကောင်းတာကတော့ အခုချိန်မှာ တစ်မြို့နယ်ကို ကျေးရွာတရွာ မြေငှားဂရန် ထုတ်ပေးရေးစီမံချက်မှာ မိမိရွာပါဝင်လာရေးကို အဆိုပြုတင်ပြပြီးတော့ လုပ်မယ်ဆိုရင် မိမိသာမက တရွာလုံး ဂရန်ရသွား လိမ့်မယ်လို့ ဖြေကြားလိုပါတယ်။ မေး - ပုံစံ ၇ ကို ရာသီ သီးနှံမှ နှစ်ရှည် ၂၈/ခ ပြောင်းလိုက်ပါတယ်။ ခွင့်ပြုမိန့်လည်း ရပြီးဖြစ်ပါတယ် ။ ၂၈/ခ ကျ ထားတဲ့မြေပေါ်မှာ အဆောက်အဦဆောက်လို့ ရမရ သိလိုပါတယ် ။ ဖြေ - ရထားတဲ့မြေကို စည်းကမ်းချက်အရ ခွင့်ပြုမရဘဲ သီးနှံပြောင်းလဲ မစိုက်ရဘူးလို့ ဆိုတဲ့အတွက်၊ သူ့မြေသည် ၂၈ (ခ) လို့ပြောတဲ့အတွက် သူသည် ယာမြေဖြစ်ပုံရပါတယ်။ ယာမြေဖြစ်တဲ့အတွက် ဥပဒေပုဒ်မ ၂၈ (ခ) အရ ဒါဟာ တိုင်းဒေသကြီးအစိုးရ ခွင့်ပြုအမိန့်နဲ့ ရာသီသီးနှံမှ နှစ်ရှည်သီးနှံပြောင်းဖို့အတွက် ခွင့်ပြုအမိန့်ရခဲ့တာ ဖြစ်ပါတယ်။ အဲတော့ သူသည် လယ်ယာမြေအဆင့်ပဲရှိ နေသေးပါတယ်။ သီးနှံတာပြောင်းလဲသွားတာ ဖြစ် တဲ့အတွက် ဒီအပေါ်မှာ အဆောက်အဦး ဆောက်ခွင့်မရှိပါဘူး။ သူ့ဆောက်မယ်ဆိုရင် သူ့လုပ်ငန်းနဲ့ ပတ်သက် တဲ့အဆောက်အဦး ဆောက်မဲ့နေရာကို အခြားနည်းသုံးစွဲခွင့် လျှောက်ထားပြီးမှ ဆောက်လို့ရမယ့် နေရာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024