Home
Lead Story
ခွေးတဖြစ်လဲ ၀က်တဖြစ်လဲကိစ္စ
DVB
·
February 7, 2019
ပြီးခဲ့တဲ့နှစ်ကိုပြန်ကြည့်တော့ တချို့လည်း သိသိသာသာခွေးဖြစ်ခဲ့ကြတယ်။ တချို့ကတော့ မသိမသာခွေးဖြစ်ခဲ့တယ်။ တချို့လည်း ကိုယ့်ကိုယ်ကိုယ် ခွေးဖြစ်ခဲ့မှန်း မသိကြဘူး။ တကယ်​တော့ ခွေးအကြောင်းလေ့လာကြည့်ရင် ခွေးဖြစ်တယ် ဆိုတာ သိပ်အဆိုးကြီးတော့လည်း မဟုတ်လောက်ဘူး။ ဒါပေမယ့် လူတွေ ဘ၀ပျက်ရင် ဒုက္ခရောက်ရင် ခွေးဖြစ်ပြီလို့ တင်စားပြောကြတယ်။ ခွေးဟာ လူသားတွေရဲ့ အကောင်းဆုံးမိတ်ဆွေလို့လည်း ပြောကြသေးတယ်။ ခွေးဟာ သူ့သခင်အပေါ်မှာ သစ္စာရှိတယ်။ မိတ်ဆွေကောင်းဖြစ်တယ်။ ခွေးဟာ လူသားတွေရဲ့နှစ်ပေါင်းထောင်ချီ ဆင့်ကဲဖြစ်စဉ်မှာ အနီးကပ်ပတ်သက်ခဲ့တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂သန်းလောက်ကတည်းက လူနဲ့ အတူရှိနေခဲ့တယ်လို့ ပညာရှင်တွေ တွက်ချက်ကြတယ်။ ရှေးခေတ်​ လူသားဟာ တခြားသတ္တ၀ါတွေကို မွေးမြူတတ်လာပေမယ့် ခွေးကတော့ လူကိုလာပေါင်းသင်းတဲ့ သတ္တ၀ါတကောင်ဆိုပီး ဒေါက်တာသန်းထွန်းက မှတ်ချက်ချဖူးတယ်။ ခွေးတကောင်ဟာ အမြဲစိတ်ပူနေတယ်။ ဗျာများနေတယ်။ ခွေးဟာ ဆောက်တည်ရာ နေရာမရဘူး။ ခွေးနေရာမရဘူးလို့ ဆိုကြပြန်တယ်။   ခွေးမြီးကောက်ကျည်တောက်စွပ်လို့ပြောတယ်။ ခွေးသေ၀က်သေလို့ပြောကြတယ်။ ခွေးဆိုတာ သားရေပေါ်အိပ် သားရေနားစားလို့ပြောတယ်။ ဆိုပေမယ့် ခွေးတွေဘယ်တော့မှ အိမ်အပြန်လမ်းမမှားဘူး။ ခွေးတွေက လမ်းမပျောက်ဘူး။ လမ်းမသိခွေးနောက်လိုက်ရတယ်လို့လည်း ပြောကြတယ်။ ခွေးဟာ ဇီဝဗေဒအရ လူတယောက်ကို မမီတာတွေရှိပေမယ့် လူထက် သာလွန်တာတွေလဲရှိတယ်။ ခွေးတကောင်ဟာ လူတယောက်လောက် အရောင်စုံမြင်နိုင်စွမ်းကို မမီဘူး။ အပြာနဲ့ အ၀ါကိုသာ အဓိကမြင်နိုင်စွမ်းပေမယ့်  ခွေးတကောင်ရဲ့ အနံ့ခံစွမ်းအားဟာ လူတွေဘယ်လိုမှ မယှဉ်နိုင်အောင် သာလွန်တယ်။ လူတွေမှာ တယောက်နဲ့တယောက် စရိုက်လက္ခဏာကွဲပြားသလို ခွေးတွေမှာလည်း တကောင်နဲ့တကောင် မူလဗီဇ စရိုက်လက္ခဏာတွေကွာခြားတတ်တယ်။ အဆိုးအကောင်းရှိတတ်တယ်။ ခွေးတွေဟာ အကောင်းမြင်တတ်တယ်။ အဆိုးမြင်တတ်တယ်။ စိတ်ကျရောဂါရှိတတ်တယ်။ တခြားခွေးတွေအပေါ်မှာလည်း ကိုယ်ချင်းစာနာ နားလည်နိုင်စွမ်းရှိသလို မနာလိုစိတ်လဲရှိတယ်။ ခွေးတကောင်ဟာ ဂုဏ်ပြုခံရတဲ့တခြားခွေးတကောင်ပေါ်မှာ မနာလိုဝန်တိုစိတ်ရှိတယ်။ ခွေးတကောင်ဟာ လူတွေရဲ့ စကားလုံးတချို့ကို နားလည်မှတ်သားနိုင်စွမ်းရှိတယ်။ စကားလုံး ၁၅၀လောက်ထိ မှတ်သားနားလည်နိုင်တယ်လို့ အဆိုရှိတယ်။ ခွေးတကောင်ဟာ အသက်၂နှစ်အရွယ် ကလေးတယောက်လောက် စဉ်းစားနိုင်တယ်လို့ အဆိုရှိတယ်။ ခွေးတကောင်ဟာ လူတယောက်လိုပဲ အိပ်မက်တွေမက်လေ့ရှိတယ်။ မြန်မာပြည်မှာ ၂၀၁၈ အကုန် ခွေးသန်းခေါင်စာရင်းထွက်တော့ ခွေးကောင်ရေက ၃ သန်းကျော် ၄ သန်းနီးပါးရှိတယ်။  ၀က်ကောင်ရေက ၅ သန်းကျော် ၆ သန်းနီးပါးရှိတယ်။ စာရင်းအရဆိုရင်တော့ ခွေးထက် ၀က်က အင်အားများတယ်။ ၀က်ကိုလူတွေကမွေးတယ်။ ပိုင်ရှင်မဲ့ဝက် ၀က်လေ၀က်လွင့် လမ်းဘေးဝက်တွေ ရှိပုံမရဘူး။ မြန်မာပြည်မှာတော့ ၀က်ဟာ အသားစားဖို့မွေးတဲ့သတ္တ၀ါ။ ခွေးကတော့ ကလေကချေ အလေ့ကျ ရေမျောကမ်းတင်တွေ မနည်းဘူး။ ၀က်တွေကတော့ ကြွယ်ဝချမ်းသာမှုရဲ့ သင်္ကေတလို့ တရုတ်ရိုးရာမှာအယူရှိတယ်။ ၀က်တကောင်ရဲ့အရစ်လိုက် အဆီတထပ်အသားတထပ် ဆူဖြိုးဝဖီးနေတဲ့မျက်နှာပုံစံကိုက စည်းစိမ် ဥစ္စာရဲ့ သင်္ကေတသဘော မှတ်ယူကြတယ်။ ၀က်တွေဟာ စည်းစိမ်ခံတယ်။ ရွံ့လူးမယ်။ အိပ်မယ်။ ဘာမဆိုစားတယ်။ ဂျက်လေယာဉ်လောက် အသံစူးရှနေအောင် အော်တတ်တယ်။ ၀က်တွေဟာ စပ်စုတတ်တယ်။ အသက်၃နှစ်သား လူသားကလေးငယ်ထက် ပိုသိနားလည်နိုင်တယ်လို့ အဆိုရှိတယ်။ ၀က်တွေဟာ သူ့အိပ်ယာနေရာနားမှာ အပေါ့အလေးမစွန့်ဘူး။ အသန့်ကြိုက်တယ်။ ၀က်တကောင်ဟာလည်း ဝက်အသိုင်းအဝိုင်း ဝက်မှုပါတ်ဝန်းကျင်နဲ့ ဝက်မူဆက်ဆံရေးရှိတဲ့ သတ္တ၀ါပဲ။ အချင်းချင်း ဖက်အိပ်ကြတယ်။ ကြင်နာကြတယ် အချင်းချင်းစကားပြောကြတယ်။ မွေးကာစ၀က်ပေါက်စလေးကတောင် သူ့အမေရဲ့အသံကို မှတ်မိတယ်။ သူ့အမေအသံရှိရာ ပြေးသွားတတ်တယ်။ ၀က်မကြီးဟာ သူ့ကလေးတွေကို သီချင်းဆိုသိပ်တတ်တယ်လို့ စမ်းသပ်ချက်တွေမှာ မြင်ရတယ်။ ၀က်တွေဟာ လူတွေလိုပဲ အိပ်မက်တွေမက်တတ်တယ်။ ခွေးတကောင်လောက် မျက်လုံးအမြင်မစူးရှပေမယ့် အနံ့ခံစွမ်းမှာ ခွေးထက်မနိမ့်ဘူးလို့ ယူဆရတယ်။ ဉာဏ်ရည်ဉာဏ်သွေးမှာလည်း ခွေးထက်မနိမ့်ဘူးဆိုတဲ့ အယူအဆတွေရှိတယ်။ ၀က်တွေဟာ ပုံမှန်အားဖြင့် ရန်မလိုဘူး။ ငြိမ်းချမ်းတယ်။ ဒါကြောင့် ၀က်ကို တခုတ်တရ အိမ်မှာအလှမွေး ကြင်နာကြတာတွေလဲ မြင်ရကြားရတယ်။ အခုတနှစ်​ ၀က်​ဖြစ်​ကြတော့လည်း သိပ်​မဆိုးပါဘူးလို့ ယူဆနိုင်​တယ်​။ တရုတ်နှစ်သစ်ကူး ထုံးစံအရ ၂၀၁၈ ဆိုတာ ခွေးနှစ်ဖြစ်ခဲ့ပြီး ၂၀၁၉ မှာ ၀က်နှစ်ထဲကို ရောက်တော့မယ်ဆိုတော့ ခွေးတွေအကြောင်း ၀က်တွေအကြောင်း နည်းနည်းပါးပါး ကြားဖူးသလောက်​ စဉ်းစားကြည့်တာပါ။ သန်းဝင်းထွဋ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024