ဘုရားသုံးဆူတွင် ထိုင်းသစ်အချောထည်စက်ရုံ မီးလောင်
DVB
·
April 21, 2016
ထိုင်းနိုင်ငံ ကန်ကျနပူရီခရိုင် ဆန်ခရပူရီမြို့နယ် တဘက်ကမ်း မြန်မာဘက်ခြမ်း ဘုရားသုံးဆူ မြို့နယ်မှာ ထိုင်းအမျိုးသားပိုင် သစ်အချောထည်စက်ရုံတရုံ ဧပြီလ ၂၁ ရက် ဒီမနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ တီအန်အေ ထိုင်းသတင်းဌာနမှာ ဖော်ပြပါတယ်။
မနက် ၄ နာရီအချိန်က သစ်ခွဲစက်ရုံခေါင်မိုးပေါ်ကနေ မီးခိုးတွေထွက်လာတာ စတင်မြင်ရပြီး အဆိုပါစက်ရုံမှာ လွှစာမှုန့်တွေ အမြောက်အမြားရှိတဲ့အတွက် လောင်စာအားပေးသလိုဖြစ်ကာ ၃ နာရီကြာမြင့်တဲ့ထိ လောင်ကျွမ်းခဲ့တာလို့ အလုပ်သမားတဦးက ပြောပါတယ်။
မီးလောင်မှု သတင်းရရချင်း ထိုင်းဘက်က မီးသတ်ကား ၆ စီးပါ မြန်မာဘက်ခြမ်းကို ၀င်ရောက်ကူညီ ငြိမ်းသတ်ပေးခဲ့ပြီး မနက် ၈ နာရီခွဲလောက်မှာတော့ မီးစတွေအကုန်လုံးကို ငြိမ်းသတ်နိုင်ခဲ့တယ်လို့ ကန်ကျနပူရီ လက်ထောက်ခရိုင်ဝန် နိုင်းပကွန်း ကန်န၀မ်လီ က သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါ စက်ရုံမှာ မြေ ၇ ဧကကျော် ကျယ်ဝန်းတဲ့ ခြံထဲမှာတည်ရှိပြီး ပိုင်ရှင်မှာ ထိုင်းလူမျိုး နိုင်းဖွန်းအနန် တိုယိုင်ဖြစ်တယ်လို့ ဆိုပါတယ်။
မီးလောင်မှုကြောင့် ဆုံးရှုံးမှုပမာဏ ဘတ် ၁၀ သိန်းကျော်လို့ ကနဦးခန့်မှန်းထားပြီး မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ သက်ဆိုင်ရာက ဆက်လက်စုံစမ်းစစ်ဆေးနေဆဲပဲလို့ သတင်းမှာ ဖော်ပြသွားပါတယ်။