Home
မြန်မာသတင်း
မြန်မာနယ်စပ်တိုက်ပွဲများကြောင့် လုံခြုံရေးအတွက် အိန္ဒိယ စိုးရိမ်
DVB
·
December 8, 2023

မြန်မာ-အိန္ဒိယနယ်စပ်တလျှောက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်လုံခြုံရေးအတွက် စိုးရိမ်တဲ့အကြောင်း အိန္ဒိယတူဒေးသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်က နယူးဒေလီမှာ ပြုလုပ်ခဲ့တဲ့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတွေအကြား မူဝါဒရေးရာ ညှိနှိုင်းဆွေးနွေးပွဲမှာ ဒီကိစ္စကို ဆွေးနွေးခဲ့တဲ့အကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အာရင်ဒန် ဘတ်ချီက ပြောပါတယ်။

အထူးသဖြင့် စစ်ကောင်စီတပ်တွေနဲ့ ဒီမိုကရေစီလိုလားတဲ့ လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေရဲ့ နောက်ဆက်တွဲအနေနဲ့ စစ်ဘေးဒုက္ခသည် စီးဆင်းမှုတွေ အပါအဝင် နယ်စပ်တလျှောက် စိန်ခေါ်မှုတွေအတွက် စိုးရိမ်တာဖြစ်ပြီး နယ်စပ်အနီး တိုက်ပွဲတွေကြောင့် မီဇိုရမ်ပြည်နယ်ဘက်ကို မြန်မာဒုက္ခသည်တွေ ဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အာရင်ဒန် ဘတ်ချီက “ဒုက္ခသည်တွေ စီးဆင်းမှု အပါအဝင် နယ်စပ်မှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ အထူးသဖြင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကို ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ ပိုကြီးတဲ့ ရှုထောင့်အရတော့ ငြိမ်းချမ်းရေး ဒါမှမဟုတ် ဆုံးဖြတ်ချက်တခု ဒါမှမဟုတ် ဒီမိုကရေစီဆီ ပြန်သွားဖို့ ကျနော်တို့ အမြဲတမ်း အားပေးနေပါတယ်” လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ ဒီအခြေအနေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ တောင်းဆိုထားခဲ့ကြောင်းနဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက အိန္ဒိယနယ်စပ်အနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် အခြေအနေတွေအပေါ် အိန္ဒိယစစ်တပ်အတွင်း စိုးရိမ်မှုတွေ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ အကြိမ် ၂၀ မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား မူဝါဒရေးရာ ညှိနှိုင်းဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး ဦးဆောင်တဲ့အဖွဲ့က တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံ နယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်တွေနဲ့ နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေး၊ လုံခြုံရေးနဲ့ ကာကွယ်ရေးကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ အိန္ဒိယရဲ့ အကူအညီနဲ့ ဆောင်ရွက်နေတဲ့ စီမံကိန်းတွေရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေ စတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ် ဂျိုင်ရှန်ကာနဲ့လည်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး၊ ပေါင်းစည်းချိတ်ဆက်မှုကဏ္ဍ အပါအဝင် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုမြှင့်တင်ရေးကိစ္စတွေအပေါ် ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့ ဗျူဟာမြောက် အိမ်နီးချင်းနိုင်ငံတခုဖြစ်ပြီး စစ်သွေးကြွတွေ တိုက်ခိုက်ခံခဲ့ရတဲ့ နာဂလန်းနဲ့ မဏိပူရ အပါအဝင် အရှေ့မြောက်ပြည်နယ် အများအပြားနဲ့ ကီလိုမီတာ ၁,၆၄၀ ရှည်တဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာပါ။

လတ်တလောမှာတော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကတည်းက ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံဘက်ကနေ အိန္ဒိယနိုင်ငံဆီ စစ်ဘေးရှောင်ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အိန္ဒိယ အရှေ့မြောက်ပြည်နယ်မှာ ခိုလှုံနေကြသူပေါင်း ၃၂,၀၀၀ လောက် ရှိနေတယ်လို့ သိရပါတယ်။

Photo - X/@MEAIndia

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024