DVB Logo
Home
မြန်မာသတင်း
ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးဟု ဆုံးဖြတ်သဖြင့် လူသတ်မှုဖွင့်စွဲဆိုရန် လမ်းပွင့်
DVB
·
April 9, 2015
ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးဟု ဆုံးဖြတ်သဖြင့် လူသတ်မှုဖွင့်စွဲဆိုရန် လမ်းပွင့်
1 / 10
Donate to DVB

လက်ပံတောင်း ကြေးနီစီမံကိန်းအဓိကရုဏ်းမှာ အသက် ၅၀ ကျော်အရွယ် မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေဆုံးခဲ့ရမှုဟာ သေနတ်ထိမှန်သေဆုံးခဲ့တာလို့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် တရားရုံးက ဒီကနေ့ အမိန့်ချပါတယ်။

မြန်မာဝမ်ပေါင်ကုမ္ပဏီက ကြေးနီစီမံကိန်းအနီးတ၀ိုက် လယ်ယာမြေလျော်ကြေးမယူတဲ့ လယ်သမားတွေရဲ့မြေတွေပေါ်မှာ မနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့က ကုမ္ပဏီက အတင်းအကျပ် ခြံစည်းရိုးခတ်တာက အစပြုလို့ ဒေသခံရွာသားတွေနဲ့ လုံခြုံရေးတွေအကြား အဓိကရုဏ်းဖြစ်ခဲ့ရာမှာ ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးခဲ့သလို နှစ်ဘက် ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

ဒီကနေ့ တရားခွင်ကို တက်ရောက်နားထောင်ခဲ့တဲ့ ဒေသခံ ဒေါ်နုက “သေမှုသေခင်းအနေနဲ့ ဒေါ်ခင်ဝင်းဟာ ဓမ္မတာအရ သေတာမဟုတ်ဘူး။ ပယောဂနဲ့ သေပါတယ်။ အဲဒီပယောဂဆိုတာ အဓိပ္ပာယ်ပြန်ဖွင့်လိုက်တော့ သေနတ်မှန်ပြီးသေတယ်ပေါ့။ ဒေါ်ခင်ဝင်းဟာ ကျန်းမာရေးမကောင်းလို့ သေတာမဟုတ်ဘူး။ သေနတ်မှန်လို့ သေတာ ဟုတ်ပါတယ်ပေါ့၊ တရားသူကြီးက ဆုံးဖြတ်တယ်” လို့ ပြောပါတယ်။

ဆားလင်းကြီး မြို့မရဲစခန်းက ဒေါ်ခင်ဝင်းသေဆုံးပြီးနောက် သေမှုသေခင်း အမှတ်စဉ်  ၄/ ၂၀၁၄ အရ အမှုဖွင့်ခဲ့တဲ့အပေါ် မြို့နယ်တရားရုံးက ပြန်လည်တာဝန်ပေးချက်အရ  ရဲဘက်က စုံစမ်းစစ်ဆေးမှု။ သက်သေတွေကို စစ်ဆေးမှုနဲ့ ဆေးစစ်ချက်တွေပြုလုပ်ပြီး ရရှိတဲ့ အချက်အလက်တွေအပေါ်  တရားရုံးက သုံးသပ်ဆုံးဖြတ် တာဖြစ်ပါတယ်။

သေဆုံးပြီး နှစ်ရက်အကြာ မနှစ်ဒီဇင်ဘာ ၂၄ ရက်မှာကတည်းက ဒေါ်ခင်ဝင်းအလောင်းကို ဆေးစစ်ရာမှာ ပါဝင်တဲ့ မှုခင်းဆရာဝန် ဒေါက်တာတင်နွယ်က နဖူးကို သေနတ်ထိမှန်တဲ့ ဒဏ်ရာ ကြောင့် သေဆုံးတာလို့ အတည်ပြုခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ဇန်န၀ါရီလ ၁၄ ရက်နေ့ထုတ် အစီရင်ခံစာမှာလည်း ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးတယ်ဆိုတာ ဖော်ပြခဲ့သလို လက်ပံတောင်းတောင်ဧရိယာ ခြံစည်းရိုးတိုးချဲ့ကာစဉ် လုံခြုံရေးစီမံချက် ကွပ်ကွဲမှုအဖွဲ့က တာဝန်ရှိသူတွေနဲ့ ညွှန်ကြားချက်ကို မလိုက်နာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူဖို့  တိုက်တွန်းခဲ့ပါတယ်။

ဒေါ်ခင်ဝင်းသေဆုံးမှုကို ဒေါ်ခင်ဝင်းရဲ့ ညီမ ဒေါ်ခင်မာအေးက တရားလိုလုပ်ပြီး    စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ နယ်စပ်ဒေသ၀န်ကြီးရယ်၊ စစ်ကိုင်းတိုင်း ရဲမင်းကြီးရယ်၊ ယင်းမာပင်ခရိုင် ရဲတပ်ဖွဲ့မှူးရယ်ကို ဆားလင်းကြီးမြို့နယ်ရဲစခန်းမှာ လူသတ်မှုနဲ့  ဖွင့်ခဲ့ပေမယ့် ဖွင့်လို့မရခဲ့ပါဘူး။

ဒါပေမယ့် ဒီကနေ့ သေမှုသေခင်းအတွက် တရားရုံးဆုံးဖြတ်ချက်ကြောင့် လူသတ်မှုနဲ့ အမှုဖွင့်ရေး လမ်းပွင့်သွားပြီလို့ ရှေ့နေ ဦးသိန်းသန်းဦးက ရှင်းပြပါတယ်။

ဦးသိန်းသန်းဦးက “Yes or No အဖြူ၊ အမည်း အဖြေပေးရတော့မယ်။ ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးသန်းနိုင်က ဒေါ်ခင်မာအေးဆီ အကြောင်းပြန်ခဲ့တာက ‘ဒေါ်ခင်ဝင်းသေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ ဓမ္မတာအတိုင်း ဟုတ်မဟုတ်ဆိုတာကို သေမှုသေခင်းဖွင့်နေပါတယ်ပေါ့နော်။ အဲဒီ သေမှုသေခင်း ဆောင်ရွက်နေစဉ်အတွင်းမှာ ဒေါ်ခင်မာအေးရဲ့ ပထမ သတင်းပေးတိုင်တန်းချက်ကို ဘာမှ မဆောင်ရွက်သေးပါဘူး၊ ဆိုင်းငံ့ထားပါတယ်’ လို့ အကြောင်းပြန်တာကိုး။ အခု ဒေါ်ခင်ဝင်းဟာ ဓမ္မတာတိုင်းသေတာမဟုတ်ပါဘူး၊ သေနတ်နဲ့ ပစ်သတ်ခံရတာလို့ ဦးနှောက်ပွင့်သေတယ်လို့ သေမှုသေခင်းဖွင့်တာ မြို့နယ်တရားသူကြီးက ဆုံးဖြတ်ချက်ချပြီး အမှုကို ပိတ်လိုက်ပါပြီ ပြစ်မှုဆိုင်ရာ အထွေထွေအမှုကို။ အဲဒီအခါ သူက ခန မလွဲမရှောင်သာပဲ ဒေါ်ခင်ဝင်းအသတ်ခံရမှုနဲ့ပတ်သက်လို့ ဒေါ်ခင်မာအေး သတင်းပေးတိုင်တန်းချက်ကို  လက်ခံမယ် သို့မဟုတ် ငြင်းပယ်မယ်ဆိုတာ တရားဝင်အဖြေပေးရပါတော့မယ်။  အမှု လက်မခံဘူးဆိုရင် ကျနော်တို့က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို စာချွန်တော်၊ အာဏာပေးစာချွန်တော် ကျတော်တို့က တက်မယ်။ ဒီအမှုကို စုံစမ်းစစ်ဆေးခွင့်ပြုပါဆိုပြီးတော့” လို့ ပြောပါတယ်။

ရုံးပိတ်ရက်တွေခံနေတဲ့အတွက် သင်္ကြန်ကာလကျော်လွန်မှ အမှုဖွင့်စွဲဆိုမယ့်ကိစ္စကို ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

လူသတ်မှုနဲ့ စွဲဆိုရာမှာ သူတို့ထံမှာ မျက်မြင်သက်သေတွေ၊ ဓာတ်ပုံအထောက်အထားတွေ၊ ဗွီဒီယိုတွေ အပြည့်အစုံရှိတယ်လို့ သူက ပြောပါတယ်။  ဒေါ်ခင်ဝင်းကို ထိမှန်စေတဲ့ သေနတ်မှာ မှန်ပြောင်းပါတဲ့ စနိုက်ပါသေနတ်နဲ့ ချိန်ပစ်တယ်လို့ ယူဆကြောင်းနဲ့ အဲသလို ယူဆစရာ သက်သေတချို့ရှိနေတယ်လို့ ဆိုပါတယ်။

တရုတ်ပိုင် မြန်မာဝမ်ပေါင်ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုထားတဲ့ လက်ပံတောင်း တောင်ကြေးနီစီမံကိန်း ဒေသတ၀ိုက်မှာ အစိုးရက ဆန္ဒပြသမားတွေကို  ၂၀၁၂ ခုနှစ်၊ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွေမှာ သုံးနှစ်ဆက်တိုက် ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။

ဓာတ်ပုံ -Ko Han Win Aung

[gallery ids="88972,88973,88974,88975,88976,88977,88978,88979,88980"]

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013