စက်မှုဇုန် မြေကွက်များကို ပြန်သိမ်းရန် ခက်ခဲဟု ဒုဝန်ကြီးပြော
DVB
·
October 16, 2014
လက်ရှိ စက်မှုဇုန်တွေမှာ မြေနေရာ ရယူထားပြီး ဘာလုပ်ငန်းမှ လုပ်ကိုင်ခြင်း မရှိတဲ့ မြေကွက်တွေကို စည်းမျဉ်းစည်းကမ်းအရ ပြန်သိမ်းရမှာ ဖြစ်ပေမယ့် လုပ်ကိုင်ရ ခက်ခဲနေကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးသိန်းအောင်က ပြောပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ အန်အယ်လ်ဒီပါတီက အမတ် ဒေါက်တာမြတ် ဉာဏစိုး ရဲ့ မေးမြန်းမှု ကို ပြည်ထောင်စု ဒုဝန်ကြီးက ခုလို ဖြေလိုက်တာပါ။
စက်မှုဇုန်တွေမှာ မြေဈေးတွေ ကြီးမြင့်နေရတာဟာ မြေကွက်တွေဟာ တကယ် လုပ်ငန်း လုပ်ကိုင်သူတွေရဲ့ လက်ထဲမှာ မရှိခြင်း၊ ဈေးကစားခြင်း၊ မြေကွက်ပိုင်ပြီး ဘာမှ မလုပ်ပဲ ထားတဲ့ မြေကွက်ပေါင်း ၅ ပုံ ၁ ပုံ နီးပါးရှိနေခြင်း ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ ရန်ကုန်တိုင်း စက်မှုဇုန်တွေမှာ မြေကွက်ပေါင်း ၁ သောင်းကျော်ရှိပြီး ၂၃၀၀ ကျော်ဟာ ဘာမှ အကောင်အထည် မဖော်ပဲထားတဲ့ မြေကွက်တွေ ဖြစ်နေပါတယ်။