
မွန်ပြည်နယ်၊ ဘီးလင်းမြို့မှာ ငွေကျပ် ၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) မူးယစ်ဆေး ကီလို ၂၀၀ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့(CCDAC) က ဇန်နဝါရီ ၃ ရက်မှာထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေဟာ ဒီဇင်ဘာ ၃၀ ရက် မနက် ၈ နာရီလောက်က ဘီးလင်းမြို့အဝင် စစ်ဆေးရေးဂိတ်မှာ ကျိုက်ထိုဘက်မှ သထုံဘက်သို့ လှထွန်း(ခ) အုန်းမြင့် မောင်းနှင်ပြီး စိုင်းလွင်ဦး လိုက်ပါတဲ့ ဒိုင်နာ ၆ ဘီးကားကို သတင်းအရရှာဖွေရာ ကားပေါ်ကနေ ငွေကျပ် ၅ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၀ ကီလို သိမ်းဆည်းရမိခဲ့တာလို့ဆိုပါတယ်။
အဆိုပါမူးယစ်ဆေးတွေဟာ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ကရင်ပြည်နယ်သို့ သယ်ဆောင်တာတာဖြစ်ပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးဖို့ ဆက်လက်စစ်ဆေးဖော်ထုတ် နေတယ်လို့ CCDAC က ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလ ၂၈ ရက် မွန်းတည့် ၁၂ နာရီလောက်ကလည်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်မှာ တာချီလိတ်မှ ကျိုင်းတုံဘက်သို့ စိုင်းဆန်ခေး မောင်းနှင်ပြီး စိုင်းလှိုင်းပန် လိုက်ပါလာတဲ့ နစ်ဆန်း ၁၂ ဘီးကားပေါ်ကနေ တန်ဖိုးငွေကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း(ကဖင်း) ၁ ဒသမ ၃၅ တန်၊ သိမ်းဆည်းရမိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
Photo-CCDAC