
ကိုလံဘီယာနိုင်ငံ ရေတပ်ဟာ ကာရစ်ဘီယံ ပင်လယ်ပြင်အတွင်းမှာ သွားလာနေတဲ့ အမြန်ရေယာဉ်တစင်းပေါ်ကနေ ကိုကင်း ဟိုက်ဒရိုကလိုရိုက်ဒ် ၃ တန်ခွဲကျော်ကို သိမ်းဆည်းရမိခဲ့ပြီး ကိုလံဘီယာနိုင်ငံသား ၅ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ တာဝန်ရှိသူတွေက အောက်တိုဘာ ၁၇ ရက်မှာ ပြောပါတယ်။
ဒီစစ်ဆင်ရေးကို ကိုလံဘီယာလေတပ်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး အူရာဘာ ပင်လယ်ကွေ့ဘက်ကနေ ထွက်ခွာလာတဲ့ မသင်္ကာဖွယ် လှေတစင်းကို ထောက်လှမ်းမိပြီးနောက် စတင်ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ရေတပ်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကာရစ်ဘီယံ ကမ်းခြေစောင့်တပ်ဖွဲ့အုပ်စု ကွပ်ကဲရေးမှူး ကပ္ပတိန် နီကိုလပ်စ်ဂူဇ်မန်းက “အမျိုးသားရေတပ် အနေနဲ့ ကိုလံဘီယာလေတပ်နဲ့ ပူးပေါင်းပြီး ရေကြောင်းလုံခြုံရေးနဲ့ ထိန်းချုပ်မှု စစ်ဆင်ရေးတွေကို လုပ်ဆောင်ခဲ့တာကြောင့် လူ ၅ ယောက်နဲ့အတူ ကိုကင်း ၃ ဒသမ ၅ တန်ကျော် တင်ဆောင်လာတဲ့ အမြန်စပိဘုတ်ကို ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။
ကမ်းခြေစောင့်တပ်ရဲ့ အမြန်တုံ့ပြန်ရေးတပ်ဖွဲ့ဝင်တွေက မော်တာအင်ဂျင် ၄ လုံး တပ်ဆင်ထားတဲ့ အဲဒီလှေကို နောက်ယောင်ခံလိုက်လံ ဖမ်းဆီးခဲ့တာဖြစ်ပြီး စစ်ဆေးချိန်မှာ မူးယစ်ဆေးဝါး အထုပ် ၁၄၀ ကို ရှာဖွေ တွေ့ရှိခဲ့တာပါ။
ခုလို သိမ်းဆည်းရမိမှုကြောင့် မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေကို ဒေါ်လာ သန်း ၁၇၀ ကျော်ဖိုး ထိုးနှက်နိုင်ခဲ့သလို တရားမဝင် မူးယစ်ဆေးဈေးကွက်ဆီ ရောက်ရှိသွားမဲ့ မူးယစ်ဆေးအကြိမ်ရေ သန်း ၉ ဒသမ ၂ သန်းနီးပါးကိုလည်း တားဆီးနိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။
ဖမ်းဆီးရမိသူတွေနဲ့အတူ မူးယစ်ဆေးတွေနဲ့ လှေကို ကာတာဟေးနားမြို့ဆီ သယ်ဆောင်သွားပြီး တရားဥပဒေအတိုင်း အရေးယူဖို့ တရားရေးဌာနဆီ လွှဲပြောင်းပေးလိုက်ပါတယ်။
Source: Reuters











