DVB Logo
Home
မြန်မာသတင်း
ရုရှားလက်နက်သုံးပြီး မြန်မာပြည်သူများကို သတ်ဖြတ်နေဟု ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ပြော
DVB
·
October 27, 2022
ရုရှားလက်နက်သုံးပြီး မြန်မာပြည်သူများကို သတ်ဖြတ်နေဟု ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ပြော
Donate to DVB

ယူကရိန်းမှာ အသုံးပြုနေတဲ့ ရုရှားလက်နက်တွေဟာ မြန်မာနိုင်ငံမှာ ပြည်သူတွေကို စစ်တပ်က သတ်ဖြတ်ရာမှာ အသုံးပြုနေတဲ့ လက်နက်တချို့နဲ့ အမျိုးအစား အတူတူပဲဖြစ်တယ်လို့    မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၂၆ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံ၊ လူ့အခွင့်အရေးကော်မတီမှာ  မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ ရှင်းလင်းတင်ပြရာမှာ ကုလသမဂ္ဂ ကျွမ်းကျင်သူ  တွမ်အင်ဒရူးစ်က ပြောကြားသွားတာပါ ။ 

“ယူကရိန်းက လူတွေကို သတ်ဖို့သုံးတဲ့ လက်နက်အမျိုးအစားတချို့ဟာ မြန်မာလူမျိုးတွေကို သတ်ဖြတ်တဲ့နေရာမှာလည်း သုံးနေတာဖြစ်ပြီးတော့ သူတို့ဟာ တူညီတဲ့ အရင်းအမြစ်ဖြစ်တဲ့ ရုရှားက လာတာ”လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ် က ပြောပါတယ်။

ရုရှားရဲ့ ကုလသမဂ္ဂဆိုင်ရာ ဒုတိယသံအမတ်ကြီး ဂျန်နဒီကူဇမင်ကတော့ တွမ်အင်ဒရူးစ်ရဲ့ အစီရင်ခံစာကို မေးခွန်းထုတ်ခဲ့ပြီး အချက်အလက် မခိုင်လုံကြောင်း တုံ့ပြန် ပြောပါတယ်။ 

တကမ္ဘာလုံးက အရပ်သားတွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေကို ဘယ်သူ့ လက်နက်တွေနဲ့ သတ်နေတယ်ဆိုတာပြောဖို့ မသက်ဆိုင်ကြောင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားလို့ ယူကရိန်းကိစ္စအစား မြန်မာကိစ္စပဲ လုပ်ဖို့ဆိုပြီး ရုရှားသံမတ်က ပြောပါတယ်။

ယူကရိန်းနိုင်ငံအရေးမှာ ရုရှားအစိုးရအပေါ် အရေးယူမှုတွေ ဆောင်ရွက်ပေးသလိုမျိုး မြန်မာစစ်အုပ်စုကို ပစ်မှတ်ထားဖိအားပေးဖို့အတွက်ညွန့်ပေါင်းဖွဲ့ဖို့လည်း တွမ်အင်ဒရူးစ်က နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။  

ညွန့်ပေါင်းအဖွဲ့တွေဟာ စစ်အစိုးရကို ပိတ်ဆို့အရေးယူမှုတွေ၊ လက်နက်ရောင်းချမှုတွေနဲ့ ပစ်မှတ်ထားပြီး အတူတကွ လုပ်ဆောင်သင့်တယ်လို့လည်း အန်ဒရူးစ်က နယူးယောက်မှာ သတင်းထောက်တွေကို ပြောပါတယ်။ 

“အခု လုပ်လို့မပြီးသေးဘူး။ ဘယ်လိုလုပ်ရမယ်ဆိုတာ မသိလို့မဟုတ်ဘူး။ ဘယ်လိုလုပ်ရမလဲဆိုတာ သိတယ်။ လမ်းညွှန်စာအုပ် လိုချင်ရင် ယူကရိန်းကိုကြည့်။” 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ နှစ်ခြမ်းကွဲနေတာ ကြာနေပြီဖြစ်ပြီး တရုတ်နဲ့ ရုရှားတို့က စစ်အုပ်စုကို  ပြင်းထန်တဲ့ အရေးယူမှုကနေ ကာကွယ်နိုင်ဖွယ်ရှိကြောင်း သံတမန်တွေက ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုအားလုံးကို အဆုံးသတ်ရေး တောင်းဆိုတဲ့ အဖွဲ့ဝင် ၁၅ ဖွဲ့ပါ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို ဗြိတိန်က ပြီးခဲ့တဲ့လမှာ အဆိုပြုခဲ့ပြီး ပြင်ဆင်တဲ့မူကြမ်းကို အခုသီတင်းပတ်မှာ ဖြန့်ဝေခဲ့ပါတယ်။ 

ဒီဆုံးဖြတ်ချက်ကို အတည်ပြုနိုင်ဖို့ ဘယ်အချိန်မှာ မဲပေးနိုင်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အတည်ပြုဖို့အတွက် ဒီဆုံးဖြတ်ချက်မှာ ထောက်ခံမဲ ကိုးမဲ လိုအပ်ပြီး တရုတ်၊ ရုရှား၊ အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန်တို့ဆီက ဗီတိုအာဏာ တခုမှ မသုံးဖို့လည်း လိုအပ်ပါတယ်။

ခိုလှုံခွင့်တောင်းခံတဲ့ မြန်မာနိုင်ငံသား ဒါဇင်ပေါင်းများစွာကို ပြည်နှင်ဒဏ်ပေးခဲ့တဲ့အတွက် မလေးရှားနိုင်ငံကို အန်ဒရူးစ်က ပြစ်တင်ရှုတ်ချခဲ့ပြီး “ညှဉ်းပန်းနှိပ်စက်မှုနဲ့ သေဒဏ်ပေးခံရမှုတွေ အများဆုံး ကြုံတွေ့ရလိမ့်မယ်” လို့ ပြောပါတယ်။ 

ဒါဟာ လက်မခံနိုင်စရာ နိုင်ငံတကာဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှုပါပဲ လို့လည်း ပြောဆိုပါတယ်။ မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို မလေးရှားအာဏာပိုင်တွေက တုံ့ပြန်ခြင်းမရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013